အမေရိကန် ဆန်းရှင်း ကြောင့် ပြာယာခတ်လာနေသော စစ်ကောင်စီ

by Hla Soewai - Jul 17 2023

ဇွန်လ ကုန်ပိုင်း တွင် အမေရိကန် အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာန မှ စစ်အာဏာသိမ်း အဖွဲ့၏ အားကိုးအားထား အပြုရဆုံး ငွေတိုက်ကြီး နှစ်ခု ဖြစ်သည့် မြန်မာ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှု ဘဏ် နှစ်ခုအား ပိတ်ဆို့ ဒဏ်ခတ်လိုက်ပြီ ဖြစ်သည်။

 

ယင်းသည် ၎င်းတို့ အာဏာသိမ်းပြီးနောက် အမေရိကန်၏ အပြင်းထန်ဆုံး ဒဏ်ခတ်မှုကြီး ဖြစ်သည်။ ထို့အတွက် စစ်အာဏာသိမ်း အဖွဲ့ နှင့် ပြည်ပဈေးကွက်များ အကြား မည်သည့် နည်းနှင့်မျှ ငွေအလွှဲအပြောင်း လုပ်ခွင့် မရအောင် ပိတ်ဆို့ ခံလိုက်ရလေသည်။ အထူးသဖြင့် လက်နက်များ၊ လေယာဉ်ဆီများ၊ စစ်ဖက်တွင် သုံး၍ ရသည့် အရပ်သုံး ပစ္စည်းများ ဝယ်ယူခွင့် မရှိအောင် ပိတ် လိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါ ဘဏ်နှစ်ခုသည် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း MOGE မှ ရရှိသော ဝင်ငွေများကို ကိုင်တွယ်ပေးနေရသည့် ဘဏ်များ ဖြစ်သည်။

 

အမေရိကန်သည် ထိုသို့ ပြုလုပ်ရန် အဘယ်ကြောင့် နှစ်နှစ်ခွဲ အထိ စောင့်ဆိုင်းနေရသနည်း ဆိုသည်ကို ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း အမေရိကန် သံအမတ်ကြီး ဟောင်း စကော့ မာစီရယ် မှ တိုင်းပြည်စီးပွားရေး တခုလုံးကို ထိခိုက်မည်ထက်စာလျှင် စစ်အာဏာသိမ်း အဖွဲ့အား ပို၍ ထိခိုက်သွားမည် ကို သိလာသောကြောင့် ဖြစ်မည်ဟု ဆိုသည်။

 

ထို့ပြင် အမေရိကန်၏ ပိတ်ဆို့မှု ကို ဖေါက်ဖျက်ပြီး ရုရှား နှင့် လက်နက်အရောင်းအဝယ် ပြုလုပ်ခဲ့ခြင်းကြောင့် လည်း ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် ထိုပိတ်ဆို့မှု သည် ဘောင်ကျဉ်းနေပြီး စစ်တပ်မှ အလွယ်တကူ ရုန်းထွက်နိုင်မည့် နည်းလမ်းများ ရှိနေဆဲ ဖြစ်၍ ထိုမျှ နှင့် မဖြစ်သေးဘဲ MOGE ကို ဆက်ပြီး ဒဏ်ခတ်ရန် တောင်းဆိုနေကြသည်။ လက်ရှိတွင် အီးယူ သည် MOGE အား ပိတ်ဆို့ထားပြီး ဖြစ်သည်။

 

ယခုထိ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်သည် အမေရိကန်၊ စင်္ကာပူ၊ ဗြိတိန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမဏီ နှင့် ဆွစ်ဇာလန် ဘဏ်တိုက်များ တွင် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားသော အကောင့်ပေါင်း ၇၂ ခု ရှိနေသည်။ ထိုဘဏ်များသည် ဒေါ်လာ ငွေ အလွှဲအပြောင်း လုပ်ဖို့ အမေရိကန်၏ ခွင့်ပြုချက် ရရန် လိုနေသည်။ အများအားဖြင့် နယူးယောက်ရှိ ဘဏ်တိုက်များ မှ လုပ်ပေးနေခြင်းလည်း ဖြစ်ပြီး ယခုအခါ ဖြတ်တောက်ခြင်း ခံခဲ့ရလေသည်။ 

 

မြန်မာ နှင့် ဆက်စပ်နေသော ဘဏ်အချို့သည် အမေရိကန်၏ ဆန်းရှင်းအား ဖေါက်ဖျက်မိမည်ကို စိုး၍ ကြိုတင် အကောင့် ပိတ်ထားပြီး ဖြစ်နေသဖြင့် ဒေါ်လာနှင့် ငွေပေးငွေယူ လုပ်နိုင်ခွင့် ဆုံးရှုံးသွားသည့် အပြင် အမေရိကန် ဘဏ်များ တွင် ကျန်နေသော ငွေများလည်း ထုတ်ယူခွင့် မရ ဖြစ်သွားခဲ့သည်။

 

၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြိုးပမ်းခဲ့ကြပြီးနောက် ထိုဘဏ်တိုက်ကြီး နှစ်ခု အပြင် မြန်မာ စီးပွားရေး ဘဏ်ကိုပါ ထည့်သွင်း ၍ ပိတ်ဆို့ ဒဏ်ခတ်ခဲ့သဖြင့် ထိုစဉ်က စစ်အစိုးရသည် အမေရိကန် ဒေါ်လာ နှင့် မည်သို့မျှ အရောင်းအဝယ် လုပ်၍ မရတော့ဘဲ တိုင်းပြည်စီးပွားရေးပါ ထိခိုက်သွားခဲ့ရသည်။ အမေရိကန်သည် ထိုအဖြစ်မျိုး အထိ ရောက်သွားမည်ကို စိုးရိမ်နေဖွယ် ရှိသည်ဟု သိရသည်။

 

ထို့အတွက် နိုင်ငံခြားငွေ စာရင်းအား မြန်မာ့ စီးပွားရေး ဘဏ်မှ တဆင့် ပြုလုပ်ခွင့် ရနေဆဲ ဖြစ်သည်။ ဤသည်ကို ပို၍ သိသာသွားစေသည်မှာ စစ်အာဏာသိမ်း အဖွဲ့၏ စွမ်းအင် ဝန်ကြီးဌာနမှ မြန်မာ့စီးပွားရေး ဘဏ်တွင် “ကံကော်” အမည်ဝှက် ဖြင့် ငွေစာရင်း ဖွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု မြန်မာနောင်း တွင် ပါရှိ လာသော သတင်းပင် ဖြစ်သည်။ ၎င်းတို့ ခိုးကြောင်ခိုးဝှက် စီစဉ်နေသည့် သတင်း ပေါက်ကြားသွား၍ MOGE ရုံးချုပ်အား စစ်ကောင်စီ၏ ဩဇာခံ တပ်များက ဝင်ရောက်စီးနင်းသည်အထိ ဖြစ်ခဲ့ရသည်။

 

အမေရိကန်သည် လက်ရှိတွင် မြန့်မာ စီးပွားရေး ဘဏ်ကိုပါ စောင့်ကြည့်နေပြီး လိုအပ်သလို ဆက်၍ အရေးယူ သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။

 

စစ်တပ်သည် ပုဂ္ဂုလိက ဘဏ်များကိုလည်း နိုင်ငံခြားငွေ အလွှဲအပြောင်း လုပ်နိုင်ရန် လိုင်စင်ချပေးနိုင်သည့် အပြင် ယွမ် နှင့် ရူဘဲလ်တို့ ဖြင့် လှည့်သုံးနိုင်သည့် ထွက်ပေါက်များ ရှိနေဆဲပင်။ သို့သော် ရူဘဲလ်သည် အမေရိကန် ဒေါ်လာ ကဲ့သို့ အဓိက နိုင်ငံခြား အရံငွေ အဖြစ် သုံး၍မရသည့်အပြင် ငွေကြေး တည်ငြိမ်မှု အားနည်းနေသည့် အတွက် စစ်ကောင်စီ ကို အကျိုးယုတ်ဖို့သာ ရှိနေသည်ဟု မာစီရယ်က ဆိုသည်။

 

ယွမ်ငွေ အား သုံးနိုင်ရန် စစ်ကောင်စီ သည် မျက်စေ့ကျနေသော်လည်း Bank of China သည် နယူးယောက်တွင် ရုံး ဖွင့်ထားပြန်၍ ၎င်းတို့နှင့် ဝေးဝေးရှောင်နေမည်သာ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှ တာဝန်ခံ ဂျွန် ဆစ်ဖတန် က ပြောပြခဲ့သည်။ 

 

စစ်ကောင်စီ၏ တခုတည်းသော မျှော်လင့်ချက်မှာ အမေရိကန်သည် ၎င်းတို့ ပြဋ္ဌာန်းလာသော ဆန်းရှင်းအား တိတိကျကျ လိုက်နာရန် လုပ်နိုင်မည် မဟုတ် ဆိုသည်ပင် ဖြစ်သည်ဟု ကျွမ်းကျင်သူများက တညီတညွတ်တည်း ပြောဆိုလာကြသည်။

 

အီးယူ နှင့် ဗြိတိန်သည် ထိုဘဏ်ကြီးနှစ်ခုအား ပိတ်ဆို့မှု တွင် မပါဝင်သေးဘဲ ဖြစ်နေသည်။ သို့သော် ကနေဒါသည် ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ဆို့ထားပြီး ပြန်လည် ရုပ်သိမ်းခြင်း မရှိခဲ့သည့် တခုတည်းသော နိုင်ငံ ဖြစ်သည်။ အီးယူသည် လက်ရှိတွင် MOGE အား ပိတ်ဆို့ထားပြီး ဖြစ်သော်လည်း ဗြိတိန်၊ ကနေဒါ နှင့် အမေရိကန် တို့ ပါလာခြင်း မရှိ၍ ထိရောက်မှု မရှိ ဖြစ်နေသည်။ အမေရိကန်သည် ထိုကဏ္ဍတွင် တရုတ်တို့ ပို၍ ထဲထဲဝင်ဝင် ပတ်သက်လာမည်ကို စိုးရိမ်နေဟန် ရှိသည်။

 

အမေရိကန် ပါဝင်လာမည် ဆိုလျှင် အမေရိကန် နှင့် ဆက်ဆံနေသော မည်သည့် ဘဏ်မဆို အာဏာသိမ်း အဖွဲ့ ၏ MOGE ဝင်ငွေများကို မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များမှ လာလျှင်ပင် လက်ခံ ဆောင်ရွက်ပေး ကြတော့မည် မဟုတ်ဟု EarthRights လူ့အခွင့်အရေး အဖွဲ့ တာဝန်ခံ ဟာဘတ်ဆန် မှ မှတ်ချက် ချခဲ့သည်။ 

 

MOGE တွင် အထက်တန်း အရာရှိကြီးတဦး အဖြစ် အမှုထမ်းခဲ့သူတဦးက ဧပြီလ အထိ ရေနံနှင့် သဘာဝဓါတ် ငွေ့များမှ ရရှိသည့် ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ အား လက်ခံရရှိနိုင်ခြင်း မရှိသေးဟု ဆိုသည်။ တရုတ်ပြည်မှ ထိုငွေများကို Escrow Accounts ဖြင့် ထိန်းသိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။ အလွယ်ဆိုရလျှင် ပြည်ပတွင် အိမ်အရောင်းအဝယ်လုပ်ရာ ဝယ်သူ၏ ရှေ့နေမှ ရောင်းရငွေအား အကောင့်ဖွင့်၍ ထိန်းသိမ်းထားပြီး ရောင်းသူ ဖက်မှ စည်းကမ်းချက်များ လိုက်နာကာ ပြဿနာ မရှိဟု ယုံကြည်ရမှသာလျှင် ‌ရောင်းသူအား လွှဲပြောင်းပေး ရသည့် အကောင့်မျိုး ဖြစ်သည်။

 

MOGE အား ပိတ်ဆို့ရုံမျှဖြင့် ဓါတ်ငွေ့များ ရောင်းချမှု ရပ်မသွားဘဲ နောင်တချိန်တွင် ရယူနိုင်စွမ်း ရှိ၍ တိုင်းပြည် စီးပွားရေးကို မထိခိုက်ဟု ကျွမ်းကျင်သူများက ဆိုသည်။

 

MOGE သည် ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့ အကွက်မှ တူးဖေါ်၍ တရုတ်ပြည်သို့ ပိုက်လိုင်းမှတဆင့် တင်ပို့ နေမှုမှ အများဆုံး ရရှိနေပြီး ဒုတိယ အဖြစ် ရတနာ ဓါတ်ငွေ့ကွက်မှ ဖြစ်သည်။

 

လက်ရှိတွင် ထိုသို့ ဒဏ်ခတ်မှု ၏ ရလဒ်အဖြစ် တနှစ်နီးပါးမျှ တဒေါ်လာ လျှင် ၂၈၀၀ ကျပ် ဖြင့် တည်ငြိမ်နေ ခဲ့သည့် နှစ်ပတ် အတွင်းမှာပင် မြန်မာ ကျပ်ငွေသည် ၃၂၀၀ ကျပ်အထိ ထိုးဆင်းသွားခဲ့သည်။ ပြည်ပ မှ တင်သွင်းနေရသော အများသုံး ဆေးဝါးများလည်း ပြန်ဝယ်ရမည့် တန်ဖိုး မြင့်တက်လာမည့် အရေးကို ကြည့်၍ ဈေးများ နှစ်ဆခန့် ခုန်တက်သွားပြီ ဖြစ်သည်ဟု သိရသည်။ ဓါတ်ဆီဈေးမှာ တလီတာ လျှင် ၂,၁၀၀ ကျပ် အထိ ရောက်လာခဲ့သည်။ ရွှေဈေးသည် တကျပ်သားလျှင် သိန်းသုံးဆယ် ခန့် ဖြစ်နေသည်။

 

အခြေအနေများကို ရလိုရငြား ထိန်းသိမ်း နိုင်ရန် အလို့ငှာ ယခုအခါ ဗဟိုဘဏ်သည် ယခင် ပို့ကုန်ရ နိုင်ငံခြား ဝင်ငွေ၏ ၆၅ ရာနှုန်း အား မြန်မာကျပ်ငွေ ဖြင့် လဲလှယ်ရန် ဟု ထုတ်ပြန်ထားချက်အား တနှစ်မပြည်မီမှာပင် ၅၀ ရာနှုန်းသို့ လျော့ချပေးလိုက်ရပြီ ဖြစ်သည်။

 

ကိုးကား - Frontier Myanmar / Irrawaddy News

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!