ပီတ အား မည်သူကမျှ အနိုင်ရရှိသွားမည် ဆိုသည်ကို မျှော်လင့်မထားခဲ့ကြ၊ မေလ အတွင်း ပြုလုပ်ခဲ့သည့် ထိုင်းရွေးကောက်ပွဲ မတိုင်မီ ကာလများတွင် သူ၏ ပါတီ ဖြစ်သော ရှေ့သို့ချီ ပါတီသည် ထိုင်း လူငယ်များ နှင့် လစ်ဘရယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအကြား လူကြိုက်များလျှက် ရှိသော်လည်း အပယိက မျှသာ သဘောထား ခဲ့ကြသည်။
သို့သော် ရွေးကောက်ပွဲ မဲဆွယ် ကာလများ တွင် ၇၁ သန်း သော ထိုင်း လူထု ၏ ဘဝများကို စေစားနေခဲ့သည့် ဘုရင် စနစ် နှင့် စစ်တပ်အား ပြုပြင်ပြောင်းလဲမည် ဟူသော ကတိများကြောင့် နောက်ဆုံးတွင် ပီတ ၏ ပါတီသည် အမတ်နေရာ အများဆုံး ဖြင့် အနိုင်ရရှိသွားခဲ့သည်။
ဤသည်ကို ကြည့်ပါက ထိုင်း ပြည်သူ အများစုသည် စစ်တပ် အသိုက်အဝန်း၏ ထိန်းချုပ်ထားမှုကို စိတ်ကုန် လာနေပြီး အသက် ၄၂ နှစ် ရှိ ပီတ ၏ ဦးဆောင်မှု အောက်တွင် ဒီမိုကရေစီ အပြည့်အဝ ခံစားခွင့်ရမည့် နိုင်ငံသားများ အဖြစ် ရပ်တည်ခွင့် ရရေး ကို လိုလားတောင့်တ နေကြပြီ ဖြစ်ကြောင်း ပြဆိုနေခြင်းပင် ဖြစ်သည်။
ပီတ သည် ထိုင်း တရုတ် နွယ်ဖွား လယ်ယာ စီးပွားရေး လုပ်ငန်းရှင် မိသားစု မှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူ့အား နယူးဇီလန်ရှိ အထက်တန်း ကျောင်း တကျောင်းသို့ စေလွှတ်၍ ပညာ သင်ယူစေခဲ့သည်။ ထို့နောက် အမေရိကန်ရှိ ထိတ်ထိတ်ကြဲ တက္ကသိုလ် ကြီး များ ဖြစ်သော ဟားဗတ် နှင့် မက်ဆာချူးဆက် စက်မှုတက္ကသိုလ် MIT တို့တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ ဘော်စတွန် အတိုင်ပင်ခံ အုပ်စု၊ ထိုင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် အရှေ့တောင်အာရှ ၏ Uber ဟု ခေါ်၍ရသည့် Grab တွင် အမှုဆောင် အရာရှိ အဖြစ် လုပ်ကိုင်လာခဲ့သည်။
ထိုကာလ များ အတွင်း ပီတ သည် နိုင်ငံရေး ကို အထိုက်အလျောက် စိတ်ဝင်စားလာခဲ့သည်။ နယူးဇီလန် တွင် ရှိနေစဉ်အတွင်း နယူးဇီလန် ပါလီမန် အတွင်း အခြေအတင် ဆွေးနွေးပွဲများကို တဖက်က အိမ်စာများ လုပ်ရင်း ရုပ်မြင်သံကြား မှ နားထောင်နေခဲ့သည်။
ဟားဗတ် တက္ကသိုလ် အရောက်တွင် ဘာရက် အိုဘာမား အတွက် မဲဆွယ် စည်းရုံးပေးနေသော အတန်းဖေါ် များ နောက် စိတ်ဝင်တစား ဖြင့် တကောက်ကောက် လိုက်ပါခဲ့သည်။
ပီတ သည် စီးပွားရေး အား လက်ဝါးကြီး အုပ်ထားမှု များ ကို ဖြိုဖျက်ရန် ဆိုသည့် မူဝါဒဖြင့် လည်း ရွေး ကောက်ပွဲ ကို ဝင်ပြိုင်ခဲ့သူ ဖြစ်သည်။ ထိုင်းစီးပွားရေး သည် ဘန်ကောက်တွင်သာ အကျိုးရှိနေသည့် အဖြစ်မှ ကျော်လွန်ပြီး တနိုင်ငံလုံး အထိ ရောက်ရန် တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ဘုရင်အား ဝေဖန်သူ များကို ရာဇဝတ်ကြောင်း အရ အရေးယူမည် ဟု ပြဋ္ဌာန်းထားသော ဥပဒေကိုလည်း ပြင်ဆင်မည်ဟု ဆိုသည်။
ဘုရင်အား ချိုးချိုး ဖဲ့ဖဲ့ ပြောပါက ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေး နိုင်သည့် lèse-majesté ဟု ခေါ်သော အဆိုပါ ဥပဒေ ကို မည်သည့် နိုင်ငံရေး ပါတီကမျှ ထိတွေ့ရဲခြင်း မရှိဘဲ လက်ရှောင်ခဲ့ကြ စမြဲဖြစ်သည်။ ထိုကိစ္စ ဆွေးနွေးသည် ကိုပင် မဖွယ်မရာ ပြောဆိုခြင်းဟု ယူဆထား ကြသည်။
လောလောဆယ်တွင် ပီတ အား မည်မျှပင် လူကြိုက်များ လျှက် ရှိနေစေကာမူ သူ၏ အခွင့်အလမ်းဖြစ်သော ဝန်ကြီးချုပ် ဖြစ်ရေး မှာ တဖြေးဖြေး မှေးမှိန်လာခဲ့ပြီ ဖြစ်သည်။
ဇူလိုင် ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော ပါလီမန် တွင် နိုင်ငံ ခေါင်းဆောင် ဖြစ်ရန် လုံလောက်သည့် မဲအရေ အတွက် မရရှိဘဲ ဖြစ်သွားခဲ့ရသည်။ ပီတ သည် ထောက်ခံမဲ အရည်အတွက် ၃၂၄ မဲသာ ရရှိခဲ့ပြီး ထိုအထဲတွင် စစ်တပ်က ခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ် ၂၅၀ ဦးတွင် သူ့အား ထောက်ခံသူ ၁၀ ဦးသာ ရှိခဲ့ သည်။ ပီတ သည် ဝန်ကြီးချုပ် ဖြစ်ရန် စုစုပေါင်း အမတ် ဦးရေ ၇၄၉ ဦး ရှိသည့် အထက် နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ၏ မဲ ထက်ဝက် ရရှိရန် လိုအပ်နေသည်။ ပီတ ၏ ရှေ့သို့ချီ ပါတီသည် အမတ်နေရာ ၁၅၁ နေရာ ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။
ပုံမှန် ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံများ ကဲ့သို့ ဆိုက အမတ်နေရာ ၁၄၁ နေရာဖြင့် ဒုတိယ မဲအများဆုံး ရရှိထားသည့် ဖြူထိုင်း ပါတီ နှင့် ပေါင်းကာ ညွှန်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်မည်မှာ သေချာပေါက် ဖြစ်သော်လည်း စစ်တပ် ရေးဆွဲပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ် ရွေးချယ်မှုသည် အောက်လွှတ်တော် နှင့် ၎င်းတို့ လူများ ဖြင့် ပြည့်သိပ်နေသည့် အထက်လွှတ်တော် နှစ်ရပ်ပေါင်းမှ ရွေးချယ် ပေးရမည် ဖြစ်သည်။ ထို့အတွက် ဝန်ကြီးချုပ် ဖြစ်ရန် အမည် စာရင်းတင်သွင်းသူသည် စုစုပေါင်း မဲအရည်အတွက် ၃၇၆ မဲ ရရှိရန် လိုအပ်နေသည်။
ရွေးကောက်ပွဲ ကော်မရှင်၊ ဖွဲ့စည်းပုံဆိုင်ရာ ခုံသမာဓိ တရားရုံး နှင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်သည်လည်း စစ်တပ် လက်အောက်တွင် ရှိနေဆဲပင် ဖြစ်သည်။
ဖွဲ့စည်းပုံ ခုံသမာဓိ တရားရုံးမှ ပီတာ အား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ရှေ့နေတဦး နှင့် ရှေးရိုးစွဲ နိုင်ငံရေး သမား တဦးက တိုင်တန်းလာသည့် အမှု နှစ်ခု လက်ခံရရှိထားပြီး ဖြစ်သည်။
ပထမအမှု မှာ lèse-majesté ဥပဒေ အား ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှု နှင့် နောက်တမှု မှာ မီဒီယာ ကုမ္ပဏီ တခု တွင် ပီတ ပိုင်ဆိုင်ထားသော ရှယ်ယာများအား ထုတ်ဖေါ် ကျေညာရန် ပျက်ကွက် ခဲ့မှုပင် ဖြစ်သည်။ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထိုသို့ ကျေညာရန် ပျက်ကွက်ခဲ့မှုကြောင့် ပီတ အား ပါလီမန် အမတ် အဖြစ် မှ ရပ်ဆိုင်းပေးရန် ပင် ဖွဲ့စည်းပုံ ခုံသမာဓိ တရားရုံး သို့ တောင်းဆိုလာခဲ့သည်။
ဇူလိုင် ၁၉ ရက်နေ့တွင် ပါလီမန် ၌ နောက်တကြိမ် မဲပေးရန် ရှိနေသည်။ အထက်လွှတ်တော်သည် ပြည်သူများ၏ ဆန္ဒ အား ဆက်၍ လျစ်လျူ ရှုနေမည် ဆိုလျှင် ဆန္ဒပြပွဲများ နိုင်ငံ အနှံ့ ဖြစ်ပွားလာဖွယ် ရှိနေပေသည်။
ယမန်နေ့က ရရှိသော သတင်းအရ ပီတ လင်ဂျာရိုရတ် သည် နောက်တကြိမ် သူ့အား ပိတ်ဆို့ဦးမည် ဆိုက ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံရရန် တင်သွင်းမှုအား ရုပ်သိမ်းသွားမည်ဟု ပြောလာခဲ့သည်။
ထိုင်း စစ်တပ်၏ လက်ရှိ အာဏာရပါတီမှ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် အား ဝန်ကြီးချုပ် အဖြစ် အမည် စာရင်း တင်သွင်းလာဖွယ် ရှိပြီး ဖြူထိုင်း ပါတီမှ အိမ်ခြံမြေ ခရိုနီ ကြီး ဖြစ်သည့် ဆရက်သာ သာဗီဆင် အား တင်သွင်းမည်ဟု သတင်းပြေးနေသည်။ ၎င်းအား ထိုင်းစစ်တပ်မှ ပီတ ထက် စာလျှင် လက်ခံနိုင်ဖွယ် ရှိသည်ဟု ထင်ကြေး ပေး ခံနေရသူလည်း ဖြစ်သည်။
ပီတမှ နိုင်ငံ၏ ဂုဏ်သိက္ခာ အဖြစ် ရပ်တည်နေဆဲ ဖြစ်သော ဘုရင်စနစ်အား ပြုပြင် ပြောင်းလဲရန် ပြောဆိုလာ မှုအား မိမိကိုယ် မိမိ လစ်ဘရယ် ကျ လှပါသည်ဟု ခံယူထားသူများကိုပင် နောက်တွန့်သွားစေခဲ့သည်။
လောလောဆယ်တွင်တော့ ဆန္ဒပြ လူထုကြီးသည် ဘန်ကောက်ရှိ ဒီမိုကရေစီ ကျောက်တိုင်ကြီး သို့ စုရုံးရောက်ရှိ နေကြပြီ ဖြစ်သည်။ အဓိကရုဏ်း နှိမ်နှင်းရေ ရဲများလည်း အသင့်နေရာယူထားကြပြီ ဖြစ်သည်။
ချုလာလောင်ကွန်း တက္ကသိုလ်၏ နိုင်ငံရေး သိပ္ပံ ပါမောက္ခ သီတီနန် ပွန်ဆူဒီရက် က ထိုင်းသည် ရွေးကောက် ပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများ၊ အာဏာသိမ်း ပွဲများ၊ ပြီးလျှင် လူထုအား ဖြိုခွင်းရေး အစရှိသည့် သံသရာ သည်၂၀၀၇ ခုနှစ်မှ စ၍ ယခုတိုင် ဆက်၍ လည်ပတ်နေဦးမည် ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။