ဓမ္မ ကသာ အနိုင်ရစမြဲ

by Hla Soewai - Jul 15 2023

အဓမ္မ လက်ကိုင်ထားသူများက နိုင်ငံတကာ တွင် လူတော မတိုး၊ ရွံ့မုန်းလာကြသည်နှင့် အမျှ ပြည်သူဖက်မှ ရပ်တည် တိုက်ပွဲဝင်သူများက သူ့အလိုလို ပွဲလည်တင့်လာစမြဲပင် ဖြစ်သည်။

 

ယမန်နေ့က တီမော-လက်စလေး သမ္မတကြီး ဟိုစေး ရာမို့စ် ဟော်စတာ မှ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ‌ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုတွေ့ဆုံပွဲတွင် ဝန်ကြီး ဒေါ်ဇင်မာအောင်က ‌နိုင်ငံတော် အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်ဟု သိရသည်။

 

‌ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တီမော သမ္မတ၏ တရားဝင် ဖိတ်ကြားချက်အရ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်လာကြသော အာဆီယံ နိုင်ငံများမှ သံတမန် များ အဖို့ ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ခွင့် လည်း ရရှိသွားပြီ ဖြစ်သည်မှာ ယုံမှား သံသယ ဖြစ်စရာပင် မလိုပေ။

 

နောက်ထပ် အားတက်ဖွယ် သတင်းတပုဒ်မှာ စစ်အာဏာရှင်များ နှင့် တရားဝင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားပြီး နယ်ခြားစောင့် တပ် အဖြစ် ဖွဲ့စည်းထားပြီး ဖြစ်‌‌ သော ကရင်နီ အမျိုးသား ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး KNPLF သည် ပြည်သူများ နှင့် ပူးပေါင်းကာ စစ်အာဏာသိမ်း အဖွဲ့အား ပြန်၍ တိုက်ခိုက်သွားတော့မည် ဖြစ်ကြောင်း စနေနေ့က တရားဝင် ကျေညာလိုက်ခြင်းပင် ဖြစ်သည်။

 

စစ်အာဏာရှင် လက်အောက်ရောက်နေသော တိုင်းပြည် တိုင်းရှိ အုပ်ချုပ်ခံ ပြည်သူ များ အဖို့ ဆင်းရဲတွင်း ထဲက ရုန်းထွက် နိုင်ရိုး ထုံးစံ မရှိသည်မှာ မထူဆန်းလှသော်လည်း မြန်မာ ပြည်သူများ အဖို့ က မင်းအောင်လှိုင် လက်ထက်တွင် နောက်ထပ် နာမဝိသေသန တလုံး အပိုဆောင်းကာ မွန်းကျပ်စွာ ဆင်းရဲ နေရသည်။

 

ချမ်းသာသူများသည်လည်း ရန်သူမျိုးငါးပါးထဲ တပါး အပါအဝင် ဖြစ်သော မင်း၏ နှိပ်စက်ခြင်းဒဏ်ကို ခါးစီး ခံနေကြရပြန်သည်။

 

ငွေကြေးပြည့်စုံသော မိဘများအနေနှင့် စစ်အာဏာသိမ်း အဖွဲ့ လက်အောက်တွင် ခနော်နီခနော်နဲ့ ဖြစ်လာနေသော ပညာရေး ကြောင့် ရင်သွေးများကို ပြည်ပ တွင် ‌ပညာသင်နိုင်မှ ဖြစ်မည်ဆို ကာ မိဘရင်ခွင်မှ မျက်စိစုံမှိတ်၍ အဝေးတနေရာသို့ ပိုခဲ့ကြရပြန်သည်။

 

တထွာသော ဝမ်းကိုပင် နပ်မှန်အောင် ဖြည့်တင်းနိုင်ဖို့ အရေး နေဝင်မှ နေထွက် လျှာထွက်မတတ် ရုန်းကန်နေကြရသော မိဘများ အဖို့ ထိုခနော်နီ ခနော်နဲ့ ပညာရေး ကိုပင် ၎င်းတို့၏ ရင်သွေးများ အတွက် မစဉ်းစားအားဘဲ အလုပ်ခွင်သို့ တွန်းပို့လာနေကြရသည်။

 

ကမ္ဘာ အလုပ်သမား အဖွဲ့ချုပ် အိုင်အယ်အို၏ အစီရင်ခံစာအရ အရွယ်မရောက်သေးသည့် ကလေး အလုပ်သမား အ‌ ရေအတွက်သည် မြန်မာ နိုင်ငံ တွင် အဆမတန် များပြားလာနေပြီ ဟု ကောက်ယူခဲ့သော စစ်တမ်းများအရ သိရသည်။

 

သို့သော် လူထု သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျပန် ငပုများ ထက်ပင် လက်သံ ပြောင်လှသော မြန်မာ ဂျပု ခေတ်၌ အဆိုးဝါး ဆုံး အခြေအနေများ နှင့် အသီးသီး ရင်ဆိုင်နေကြရပြီး အသက်တချောင်းကို မနည်း ရှာကြံ မွေးနေရ၍ ထိုသို့ ဖြစ်ပျက်လာနေသည်ကို အရေးမစိုက်နိုင်အားပေ။

 

ကျန်းမာရေး စောင့်ရှောက်မှုကို ကြည့်ပြန်လျှင်လည်း ဆင်းရဲသော မိသားစု များ အဖို့ ဆေးရုံတက်ရမည့် အရေး ကြုံလာရပါက သေဒဏ်စီရင်ခံရသည် နှင့် မထူး ဖြစ်လာနေသည်။

 

နှစ်ဆယ်တစ်ရာစု အတွင်း အရှေ့တောင်အာရှ၊ အင်ဒို-ပစိဖိတ် ဒေသ သည် ကမ္ဘာစီးပွားရေး ၏ အဓိက မောင်းနှင်အား ကြီး အဖြစ် တရွေ့ရွေ့ ကူးပြောင်းနေချိန်တွင် ထိုဒေသများ၏ အလယ်‌ ဗဟို တည့်တည့် တွင် ရှိနေသော မြန်မာ နိုင်ငံ တွင်တော့ သေနတ်သံများ ဆူညံလျှက် ရှိနေပြီ ဖြစ်သည်။

 

ထို့အတွက် အိမ်နီးနားချင်း နိုင်ငံများကလည်း ငြူစူ လာကြသည်။ ၎င်းတို့ တိုင်းပြည်လုံခြုံရေး အတွက် ကျီးလန့်စာစား ဖြစ်လာသည်။ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ဌာန အတွင်းဝန် သည် နိုင်ငံ အရှေ့မြောက်အရပ်သို့ လက်နက်၊ မူးယစ်ဆေးဝါးများနှင့် ဒုက္ခသည်များ စီးဝင်လာနေမှု ကြောင့် အာဏာသိမ်း ခေါင်းဆောင် နှင့် ကမန်းကတမ်း လာရောက် ပြော‌ဆိုရသည် အထိ ဖြစ်လာသည်။

 

အိန္ဒိယ သည် ဆွီဒင် နိုင်ငံ စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု ၏ ထုတ်ပြန်ချက်အရ မြန်မာသို့ လက်နက်တင် ပို့ ရာတွင် ရုရှား နှင့် တရုတ် ပြီးလျှင် တတိယ အများ ဆုံး ဖြစ်နေသည်ဟု သိရသည်။

 

ထိုသို့ စစ်ကောင်စီ သည် ရနိုင်သမျှသော နိုင်ငံခြားငွေများ ပုံအောပြီး လက်နက်များကို ဘီလီယံ ချီ ဝယ်ယူကာ ကျားကန် ရန် ကြိုးစားနေစေကာမူ လက်ရှိ အနေအထားတွင် အင်အားတောင့်တင်းသည်ထက် တောင့်တင်းလာနေပြီ ဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်များအား ရှိသမျှ အင်အားဖြင့် ခုခံ နေကြရပြီ ဖြစ်သည်။

 

နှစ်ပေါင်း ၆၀ ခန့်ကြာအောင် မိမိတို့ လည်ဂုတ် ပေါ် ခွစီးကာ လူထု အား ဂုတ်သွေး ဆုပ်နေကြသည့် ဒေါ်စိန်အေး ကျောင်းဆင်းများ ကျားကုပ်ကျားခဲ ဆုပ်ကိုင်ထားနေသည့် စနစ်ကြီးကို အပြီးအပိုင် ဖြိုလဲနိုင်ရန် လူထု တရပ်လုံးက သန္နိဌာန် ချထားပြီး ဖြစ်သည်၊ ထို ရုန်းကန် တွန်းထိုးမှု ကြီးသည် ရှေ့‌ လျှောက် ပြင်းထန်လာမည်၊ ကြမ်းတမ်းလာမည် သာ ဖြစ်သည်။

 

တနည်းအားဖြင့် ထိုသို့ တောတွင်းဥပဒေသများ ဖြင့် ပြဋ္ဌာန်းခံ ဖြစ်နေကြရသည့် ဘဝမှ ရှေ့ လျှောက် လူပီသစွာ နေထိုင်နိုင်စွမ်း ရှိမရှိ စမ်းသပ်နေသည့် အရည်အချင်းစစ် စာမေးပွဲကြီးလည်း ဖြစ်၍ ဇွဲ သတ္တိ လုံလ ရှိမှသာ အောင်ပွဲ ခံနိုင်မည့် နိုင်သူ စားစတတမ်း survival of the fittest ပင် ဖြစ်သည်။

 

အင်အားကြီးသူသာ အနိုင်ရစတမ်း ဆိုက ယခု တိုင် အမေရိကန် တို့ ဗီယက်နမ်၊ အာဖဂန်နစ္စတန် တို့တွင် စစ်စခန်းကြီးများ ဖွင့်၍ ပျော်ပျော်ကြီး ရှိနေကြဦးမည် မဟုတ်ပါလော။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!