တိုင်းပြည် စီးပွား...ငါ့စီးပွား

by Hla Soewai - Jul 15 2023

မင်းအောင်လှိုင်သည် တိုင်းပြည်ကို ကောင်းစွာ ထိန်းချုပ်နိုင်နေကြောင်း ပြသရန် အခါအားလျော်စွာ ဘာ အစည်းအဝေး၊ ညာ အစည်းအဝေး လုပ်၊ ဟိုသွားကြည့်၊ ဒီသွားကြည့်ဖြင့် လူမြင်ကွင်းသို့ ထွက်လာတတ်သည်။

 

ထိုရည်ရွယ်ချက်သည် သူ့အတွက် အကျိုးရှိနေသည်မှာ မှန်သော်လည်း ပါးစပ်က ထွက်လာသည့် စကားများကတော့ ငါစကား နွားရ ဖြစ်နေသည်သာ များ၍ မိမိသည် စဉ်းစား ဆင်ခြင်ဉာဏ် နုံနဲ သူ ဖြစ်ကြောင်း ဝန်ခံ‌လေ့ ရှိစမြဲ ဖြစ်သည်။

 

ယခုလည်း နိုင်ငံ စီးပွားရေး တိုးတက်ရန် အစည်းအဝေး ခေါ်ယူရာတွင် တိုင်းပြည် စီးပွားရေး ကျဆင်းခဲ့သည့် အကြောင်းရင်းသည် NLD ကြောင့် ဖြစ်သည်ဟု ဆို‌ လေသည်။

 

ထိုသို့ ပြောရခြင်း မှာ အကြောင်းမဲ့ မဟုတ်၊ သူသည် ဝန်ကြီးဌာန လေးခု အား စီစစ်ခိုင်းရာ အားလုံးက NLD ကြောင့် ဖြစ်သည်ဟု တညီတညွတ်တည်း သုံးသပ် အစီရင်ခံလာ သော ကြောင့် ဟု ပြောပြန်သည်။

 

ဤမျှ လောက်ဆိုလျှင်ပင် မည်မျှအထိ မှန်မှန်ကန်ကန် သုံးသပ် ပြောဆို နိုင်စွမ်း မရှိသည်မှာ ပေါ်လွင်နေသည်။ ပြည်ပ အဖွဲ့အစည်းများက စီးပွားရေး တိုးတက်မှု ခန့်မှန်းရာတွင် NLD ဖက်က လိုက်၍ ပိုပိုသာသာ ပြောခဲ့ကြသည်ဟု ဆိုပြန်သည်။

 

သို့ဆိုက NLD ၏ ငါးနှစ်တာ ကာလ အတွင်း မည်မျှအထိ စွမ်းဆောင်နိုင်ခဲ့၍ လူမှုရေး၊ စီးပွားရေး အခြေ အနေများ မြင့်တက်လာခဲ့ပါသည် ဆိုသော ပြည်သူတရပ်လုံး ၏ သုံးသပ်ချက် သည် သူ့အတွက် အလေးထားစရာ မလို၊ ပြည်သူတို့၏ သဘောထားကို မည်မျှ အထိ မျက်ကွယ် ပြုနေဆဲ ဆိုသည့် အာဏာရှင် ပီသမှု ကိုလည်း ပြဆိုနေသည့် စကားများပင် ဖြစ်‌ နေသည်။

 

ပို၍ထင်ရှားလာသည်မှာ တိုင်းပြည် စီးပွားရေး ဆိုသည်က ၎င်းတို့၏ စီးပွားရေးဟု မသိစိတ်တွင် စွဲထင်နေခြင်း ပင် ဖြစ်သည်။

 

ထို့အတွက် ၎င်း၏ စကားမှန်သမျှ က လူထု အကြားတွင် နှာခေါင်းရှုံ့ လှောင်ပြောင်ခံရသည့် အဆင့်ထက် ပို၍ မည်သူကမျှ အရေးတယူ သဘောမထားခဲ့ကြသည် မှာလည်း ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။

 

ရန်ကုန် ရှိ နိုင်ငံတကာ လေဆိပ်ကြီးပါမကျန် တတိုင်းပြည်လုံး အမှောင်ထဲတွင် နေထိုင်နေကြရသည့် အဖြစ် မှာ မည်သို့မျှ ငြင်းမရအောင် ဖြစ်လာနေသည်။ ထိုအဖြစ်ကိုပင် NLD အစိုးရလက်ထက် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းများ ဖျက်သိမ်းခဲ့၍ဟု မင်းအောင်လှိုင်မှ လွှဲချခဲ့ပြန်သည်။

 

တတိုင်းပြည်လုံးကလည်း မျက်နှာ မကြည့်ချင်အောင် ရွံရှာမုန်းတီးနေကြသည့် အပြင် မိမိတို့အား ရန်သူ အဖြစ် သဘောထား အုပ်ချုပ်နေသူများ၏ လက်အောက်တွင် နေထိုင်နေရသည် ဆိုသော အသိဖြင့် အလိုလိုနေရင်း မွန်းကြပ်စွာ နေကြရပြီ ဖြစ်သည်။

 

၎င်းတို့အား useful idiots ဟု သဘောထား ဆက်ဆံနေကြသော တရုတ်၊ ရုရှား၊ ထိုင်း မှ လွဲ၍ တကမ္ဘာလုံးက အဖက် မလုပ်ချင်၊ မလုပ်ရဲအောင် ဖြစ်နေသည့် လူရမ်းကားများဟု သတ်မှတ်ထားကြ‌ လေသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ အစိုးရသည် အမျိုးသား ရင်ကြားစေ့ရေး ကို ဦးတည်ကာ အတတ်နိုင်ဆုံး ပြေလည်အောင် ဆက်ဆံနေပြီး ၎င်းတို့ဖက်ကပင် ကာကွယ်ပြောဆိုပေးခဲ့သည်။ ထို့အတွက်ကြောင့် နိုင်ငံတကာ၏ အမြင်တွင် ၎င်း၏ အာဏာသိမ်း လုပ်ရပ်သည် ကိုယ်ကျိုးတခုတည်းကို ကြည့်ပြီး လုပ်ခဲ့သော unprovoked attack (ရန်စခြင်း မခံရပဲ တမင် ကြူးလွန်မှု) ဟု သတ်မှတ်ခဲ့ကြ၍လည်း ဖြစ်သည်။

 

တိုင်းပြည်ကို ကာကွယ်ရန် ဖွဲ့စည်းထားသော မြန်မာ တပ်မတော် ဆိုသည်ကလည်း မင်းအောင်လှိုင်၏ သစ္စာခံ တပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၍ လူထု၏ မေတ္တာ စူးရှ ဒဏ်ခတ်ခြင်းကို နေ့စဉ် နှင့် အမျှ ခံနေရပြီ ဖြစ်သည်။

 

စီဒီအမ် ဗိုလ်ကြီး လင်းထက်အောင်မှ ဧရာဝတီ နှင့် အင်တာဗျူးတွင် စစ်တပ်သည် လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများသာ မရှိက ဘာမှ မကျန်တော့မည့် အဖြစ် သို့ ချက်ချင်းရောက်ရှိသွားမည်ဟု သုံးသပ်သွားခဲ့သည်။

 

မင်းအောင်လှိုင် သည် ယခင် အာဏာမသိမ်းခင်က လေတပ်အင်အားကို လွန်စွာ ချွေတာ သူ ဖြစ်ပြီး ရိက္ခာ ချပေးဖို့ပင် သုံးရန် တွန့်တို သူ ဖြစ်သည်ဟု သိရသည်။ ယခုအခါတွင်တော့ အခြေအနေ မဟန်တော့မှန်း ရိပ်စားလာမိ၍ လေတပ်ကို ထစ်ကနဲဆို ထုတ်သုံးနေရပြီ ဟု ဆိုသည်။

 

တိုက်လေယာဉ် တစီး ပျံတက်သွားလျှင် ဒေါ်လာ သိန်းချီ သုံးစွဲနေရသည်။

 

ထိုအနေအထား သည် မည်သို့မျှ တာရှည်ခံတော့မည် မဟုတ်၊ လေကြောင်းရန်ကို ခုခံ နိုင်စွမ်း ရှိလာသည့် အချိန်တွင် ၎င်းတို့၏ ကျဆုံးခန်း စတင်လာမည်သာ ဖြစ်သည်။

 

မဇ္ဇျိမ သတင်းဌာနသည် တောင်ငူ လေတပ်စခန်း မှ ရသော အတွင်းသတင်းများကို ကိုကား၍ ဖေါ်ပြရာတွင် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များမှ ရွာသစ် မြို့အနီး ပစ်ချခံရသော တိုက်လေယာဉ်သည် တရုတ်လုပ် K-2 အမျိုးအစားဖြစ်ပြီး တိုက်လေယာဉ်မှူး နှစ်ဦး ယခုထိ ပျောက်ဆုံးနေကြောင်းနှင့် လေယာဉ် ပစ်ချခံရမှု မပေါက်ကြားအောင် အတင်းဖုံးဖိ နေဆဲ ဟု ဆိုသည်။

 

အကြမ်းဖက် စစ်တပ်၏ လေတပ်ဦးစီးချုပ် ထွန်းအောင်သည် ထိုင်းသို့ ရောက်ရှိလာသည်။ ၎င်းသည် ထိုင်း လေတပ် အကြီးအကဲများ နှင့် တွေ့ဆုံခဲ့သည်။ မတော်တဆ အကြောင်းပြချက် ဖြင့် ထိုင်း လေကြောင်း ပိုင်နက်ထဲ ဝင်၍ အနည်းဆုံး ပြန်ကွေ့နိုင်ရန် တောင်းဆိုကောင်း တောင်းဆိုလာနိုင်သည်ဟု ယူဆရပေသည်။ နောက်တချက်ကလည်း ထွက်ပေါ်လာမည့် ထိုင်းအစိုးရသစ် လက်အောက်တွင် ထိုင်း စစ်တပ်၏ ၎င်းတို့အပေါ် သဘောထား မည်သို့ ရှိမည်ကို တီးခေါက်ရန် ရောက်လာခြင်းလည်း ဖြစ်နိုင်ဖွယ် ရှိနေသည်။

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး၏ အစီရင်ခံစာပါ နိုင်ငံတွင်းရှိ ကုမ္ပဏီများသည် ဒေါ်လာ ၂၅၄ သန်း တန်ကြေးရှိ စစ်ဖက် ဆိုင်ရာ တွင် အသုံးပြုနိုင်သော ပစ္စည်းများ တင်ပို့‌နေသည် ဆို‌သည် နှင့် ဘဏ် များ အား အသုံးပြုနေသည် ဟူသော သတင်းအား အထူး စုံစမ်း‌ စစ်ဆေးနေ ကြောင်း အတိုက်အခံ အမတ်များ၏ အမေးကို စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်က ဖြေဆိုသွားခဲ့သည်ဟု စထရိတ် တိုင်းမ် သတင်းစာတွင် ပါရှိလာသည်။

 

ယမန့်နေည က ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် ဗုံးများ တပြိုင်တည်း ပေါက်ကွဲခဲ့သည်ဟု ခေတ်သစ် သတင်းတွင် ပါရှိလာခဲ့သည်။ PDF များ၏ ဝင်‌ ရောက်စီးနင်းခြင်း ခံရမည် စိုး၍ အင်အားနည်းသော တပ်စခန်းများ၊ စစ်ဆေးရေး ဂိတ်များကို ရုပ်သိမ်းပြီး ခုခံစစ် အတွက် စနစ်တကျ ပြန်လည် စုစည်းထားရန် နှုတ်ဖြင့် ညွှန်ကြားထား ကြောင်း သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!