ဗီယက်နမ် သည် ပညာရေး ကို အထူး တန်ဖိုးထားပြီး ဆရာဆရာမ များ ကို ကောင်းစွာ စီမံခန့်ခွဲ နိုင်ခဲ့သည့် အသီးအပွင့်များ ခံစားလာနေရခြင်း ကြောင့် ဖြစ်သည်ဟု ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီးမှ “Why are Vietnam schools so good” ဖြင့် ယခုလို ရေးသားလာခဲ့သည်။
ဗီယက်နမ်ကို တည်ထောင်ခဲ့သူ ဖခင်ကြီး ဟိုချီမင်းသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရာ လမ်းကြောင်းကို ရှင်းလင်းစွာ သိမြင်နိုင်စွမ်း ရှိခဲ့သူ ဟု ဆိုရမည် ဖြစ်သည်။ “ဆယ်နှစ် အကြာ အကျိုးရှိဖို့ ဆိုလျှင် သစ်ပင်စိုက်ပါ၊ နှစ်တရာ အတွက် ဆိုလျှင် တော့ လူတွေကို ပြုစု ပျိုးထောင်ပေးပါ” ဟူသော တရုတ် စကားပုံအား ကိုးကား၍ ဆိုမိန့်ခဲ့ဖူးသည်။
သို့သော် လူဦးရေ အားဖြင့် ၉၇.၅ သန်း ရှိသော ဗီယက်နမ်၏ စီးပွားရေးသည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသော်လည်း လူတဦးချင်းစီ၏ ကုန်ထုတ် ဝန်ဆောင်မှု နှုန်း ဂျီဒီပီသည် ဒေါ်လာ ၃,၇၆၀ သာ ရှိနေသေးသဖြင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်း နိုင်ငံများနှင့် နှိုင်းစာလျှင် နိမ့်ကျနေဆဲ ဖြစ်သည်။ ထိုနှုန်းသည် ပျမ်းမျှ ဗီယက်နမ် ပြည်သူ တဦး ချင်းစီ သည် စားဝတ်နေရေး ဖူလုံယုံ မျှ အဆင့်တွင်သာ ရှိပေသေးသည်။ (လူဦးရေ ၅၄ သန်း ရှိသော မြန်မာ၏ ဂျီဒီပီသည် ဒေါ်လာ ၁,၂၀၀ ခန့်သာ ရှိ၍ ဗီယက်နမ်၏ သုံးပုံတပုံသာ ရှိပေသေးသည်)
သို့သော် ပညာရေး ဖက်တွင်တော့ ဗီယက်နမ် ပြည်သူတို့ အပြစ်ဆိုစရာ မရှိလောက်အောင် ဖြစ်လာခဲ့ရသည်။
၎င်းတို့၏ ရင်သွေးများသည် ကမ္ဘာတွင် အကောင်းဆုံး ထဲ တွင် ပါဝင်နေသော ကျောင်းပညာရေး စနစ်ကို ဖြတ်သန်းခွင့် ရနေပြီ ဖြစ်သည်။ ထိုအဆင့် အတန်းသည် ကလေးများ၏ အရေးအဖတ်၊ သင်္ချာ၊ သိပ္ပံ တို့အား နိုင်ငံတကာ စံနှုန်းများ နှင့် ဆန်းစစ် ပြီးမှ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ကမ္ဘာဘဏ်၏ နောက်ဆုံး ထုတ်ပြန်သော အချက်အလက်များအရ ဆိုက စုစုပေါင်း ရမှတ်တွင် ဗီယက်နမ် ကလေးများသည် အိမ်နီးချင်း များ ဖြစ်သော မလေးရှား နှင့် ထိုင်းတို့ကိုသာမက ၎င်းတို့ထက် ခြောက်ဆ ခန့် ချမ်းသာ ကြွယ်ဝသော ဗြိတိန် နှင့် ကနေဒါတို့ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။ နိုင်ငံ အတွင်း တွင်ပင် ကလေးများ၏ ပညာရေးသည် အခြားနိုင်ငံများကဲ့သို့ ကျား/မ အလိုက်၎င်း၊ ဒေသအလိုက်သော်၎င်း ကွာခြားမှု မရှိလှသည်ကိုလည်း တွေ့ရပြန်သည်။
ကလေးများ၏ ပညာသင်ကြားလို စိတ် ရှိနေခြင်း ကို ဆန်းစစ်ကြည့်မည်ဆိုက အကြောင်းခြင်းရာ များစွာ ရှိနေသည့် အနက် မိဘများ နှင့် ၎င်းတို့ ကြီးပြင်းရာ ပတ်ဝန်းကျင်သည် ထိပ်က ပါဝင်နေပေသည်။ ထိုမျှလောက် နှင့် တော့ ဗီယက်နမ် ၏ ထူးခြား ကောင်းမွန်လှသော ပညာရေး စနစ် ကို ပြည့်စုံအောင် ဖွင့်ဆိုရန် မလုံလောက်သေးပေ။ အဓိက လျိုဝှက်ချက်ကြီးသည်ကား စာသင်ခန်းထဲတွင် ရှိနေပေသည်။ ကလေးများသည် ကျောင်းနေစ အရွယ်မှာပင် စာသင်ခန်းထဲတွင် ပို၍ လေ့လာသင်ကြားခွင့် ရခဲ့ကြသည်။
၂၀၂၀ ခုနှစ် အတွင်း ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်ချက်တွင် စတော့ဟုမ်း စီးပွားရေး တက္ကသိုလ် ကျောင်းတိုက်ကြီးမှ မစ္စတာ အက်ဟီဂျိ ဆင်း သည် ဗီယက်နမ် ကျောင်းများ၏ တိုးတက်မှု ကို သိရှိရန် အီသီယိုပီယား၊ အိန္ဒိယ၊ ပီရူး ရှိ ကလေးများ နှင့် အတူ အရည်အချင်းစစ် စာမေးပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထိုအခါတွင် အသက် ငါးနှစ် မှ ရှစ်နှစ် အကြား ဗီယက်နမ် ကလေးများသည် ရှေ့မှ ပြေးနေသည်ကို တွေ့လာခဲ့ရသည်။ ဗီယက်နမ် ကလေးများသည် နောက်ထပ် တနှစ် အတန်းတက်မည်ဆိုက အမြှောက် ကိန်းဂဏန်းများကို ကျွမ်းကျင်စွာ တွက်ချက် ကိုင်တွယ်နိုင်မည် ဆိုသော ဖြစ်နိုင်ခြေ နှုန်းသည် ၂၁ ရာနှုန်း ရှိနေပြီး အိန္ဒိယ ကလေးများ အဖို့ ၆ ရာနှုန်းသာ ရှိသည်ကို တွေ့လာရပြန်သည်။
ဗီယက်နမ် ကျောင်းများသည် အခြား ဆင်းရဲသော နိုင်ငံများရှိ ကျောင်းများ နှင့် မတူပဲ အချိန်နှင့် အမျှ တိုးတက်လျက် ရှိနေသည်။ ဤသည်ကိုလည်း ဝါရှင်တန် တွင် အခြေစိုက်သည့် Center for Global Development အဖွဲ့ကြီး မှ နိုင်ငံအများအပြားကို ပညာရေး နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် အတွင်း သုတေသန လုပ်ခဲ့ရာမှ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
အဓိက အကြောင်းရင်းသည်ကား ဆရာများ၏ အရည်အသွေးပင် ဖြစ်သည်။ ထိုသို့ဆို၍ ဆရာများ၏ ပညာအရည် အချင်း သည် သာလွန်နေသည်ဟု ပြောလိုခြင်း မဟုတ်၊ ၎င်းတို့၏ စာသင်ခန်းထဲတွင် ထိရောက်စွာ သင်ကြားနိုင်မှု အရည်အသွေးကို ဆိုလိုခြင်း ဖြစ်သည်။ ဗီယက်နမ် သည် အိန္ဒိယ ကလေးများထက် သင်္ချာတွင် သာလွန်နေမှု သည် သင်ကြားမှု အရည်အသွေး ကွာဟနေသည့် အချက်ကို သိသာစွာ ထင်ဟပ်စေခဲ့သည်။
ထိုသို့ ဗီယက်နမ် ကျောင်းဆရာများ ၏ အရည်အသွေး တိုးတက်နေခြင်းမှာလည်း ၎င်းတို့အား ကောင်းစွာ စီမံ ခန့်ခွဲမှု ပေးနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ မကြာခဏ ဆိုသလိုလည်း သင်တန်းများ တက်ကြရပြီး၊ စာသင်ခန်း များ ထဲတွင်လည်း ကလေးများ အား ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို လွတ်လပ်စွာ သဘောရှိ စီမံ အသုံးချခွင့် ပေးထားပြန်သည်။ ထိုထက်ပို၍ အရေးကြီး ဆုံး အချက် က ဆရာများ၏ သင်ကြားမှု အရည်အချင်းစစ် ဆေးရာတွင် ကလေးများ၏ ပညာရည်တိုးတက်မှု ရှိမရှိ အပေါ် မူတည် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ အောင်မြင်ခဲ့သည့် ဆရာဆရာမ များအားလည်း “ထူးချွန် အရည်အချင်းရှိ” ဆိုသည့် လက်မှတ်များ ထုတ်ပေးခဲ့သည်။
ကွန်မြူနစ်ပါတီသည် ပညာရေးကို ဆစ်ဆစ်ထိ မခံနိုင်အောင် အစွဲအလမ်း ကြီးသူများ ဖြစ်၍ အရည်အချင်း မမီသူများ အတွက် ပါတီဝင်များလည်း ဖြစ်သည့် ကျောင်းအုပ်ကြီးများ အဖို့ အမျက်တော် ရှခံရမည့် အန္တရာယ်နှင့် ကြုံရဖွယ် လည်း ရှိနေသည်။
ထိုသို့ ဆစ်ဆစ်ထိ မခံကြ၍လည်း ပြည်နယ်များအား ဘတ်ဂျက်၏ ၂၀ ရာနှုန်းကို ပညာရေး အတွက် မဖြစ်မနေ သုံးစွဲရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့အတွက်လည်း ဒေသအလိုက် ပညာရေးတွင် ကွာခြားမှု မရှိခြင်းလည်း ဖြစ်သည်။ ထို့အပြင် ပါတီသည် ကျောင်းသင်ခန်းစာများ နှင့် သင်ကြားမှု စံနှုန်းများ အပေါ် လိုအပ်သလို ပြင်ဆင်နိုင်ဖို့ အနီးကပ် စောင့်ကြည့်နေလေ့ရှိသည်။ ဗီယက်နမ် ပြည်သူများကလည်း ထိုသို့ ပညာရေး အပေါ် အာရုံစိုက်ကြသူများ ဖြစ်နေပြန်သည်။ ဤသည်ကလည်း ၎င်းတို့ အကြား ကွန်ဖြူးရှပ် အတွေးအခေါ်များ စိမ့်ဝင်နေကြသောကြောင့်လည်း ဖြစ်သည်။ ကျေးလက်ရှိ ဆင်းရဲသော မိဘများပင် ရသည့် ဝင်ငွေ လေးထဲမှ အပြင်ကျုရှင် ထားရန် စိုက်ထုတ်ကြသည်။ မြို့ကြီးများ တွင် မိဘများသည် ရင်သွေးများကို “ထူးချွန် အရည်အချင်းရှိ” လက်မှတ် များများ ရသည့် ကျောင်းများသို့ ရွေးချယ် စေလွှတ်ကြသည်။
ထို့အတွက်ကြောင့်လည်း ကလေးများသည် ရလဒ်ကောင်းများ ရရှိလာခဲ့ကြခြင်းလည်း ဖြစ်သည်။ ယင်းနှင့်အတူ ဗီယက်နမ် စီးပွားရေးလည်း တိုးတက်လာခဲ့ရသည်။ ကုမ္ပဏီများသည် ကျွမ်းကျင်မှု အရည်အသွေး အရှိဆုံး ဟု ယူဆသူများ ကို ပို၍ အလိုရှိလာသည်။ အထူးသဖြင့် အသင်း အဖွဲ့ တွင် စီမံခန့်ခွဲတတ်သူများကို ရွေးချယ် ခန့်အပ် လာကြသည်။ ဗီယက်နမ် ကျောင်းသားများသည် ထို့အတွက်တော့ လေ့ကျင့်ပေးထားခြင်း မခံရသေးပေ။
စီးပွားရေး တိုးတက်လာမှုကြောင့် မြို့ကြီးများသို့ ရွှေ့ပြောင်းလုပ်ကိုင်လာကြ၍ မြို့ပေါ် ကျောင်းများ ဝန်နှင့် မမျှ ဖြစ်လာခဲ့သည်။ ဆရာဆရာများလည်း လစာပိုကောင်းသည့် အပြင် ကုမ္ပဏီများသို့ ပြောင်းရွှေ့ လုပ်ကိုင် လာကြပြန်သည်။
ဗီယက်နမ် အစိုးရသည် လက်ရှိ ပညာရေး အဆင့်အတန်းကို ထိန်းသိမ်း နိုင်ရန် အဆိုပါ ပြဿနာများကို ကိုင်တွယ် ဖို့ လိုအပ်လာသည်။ ဟိုချီမင်း ပြောသလို ပြုစုပျိုးထောင်နိုင်ဖို့ အမြဲလို အရိပ်တကြည့်ကြည့် ဖြစ်နေဖို့ လိုအပ်နေပေသည်ဟု ထောက်ပြသွားခဲ့သည်။