မိန်းမော မနေသင့်ကြတော့

by Hla Soewai - Jul 15 2023

စစ်ပွဲ ဆင်နွှဲဖို့ ဆိုသည်မှာ စီးပွားရေး လုပ်ငန်း တခု ဦးစီး လုပ်ကိုင် ရခြင်းနှင့် တူပေသည်။ ရှေ့ကို မတိုးနိုင်၊ လုပ်ငန်း မချဲ့နိုင်လျှင် အရှိန်အဟုန် ကျဆင်းသွားမည် ဖြစ်သည်။ ထို့နောက်တွင် ထိန်းချုပ်နိုင်စွမ်း မရှိဘဲ အရှုံးဆီသို့သာ ဦးတည် တော့မည်။ မည်သည့် အချိန် ဆိုသည်ကို မသိရသေးသော်လည်း အရှုံးကား ကျိန်းသေနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ထိုသဘော ကို ကောင်းစွာ သိဟန်တူသည်။ သူ၏ တပ်များအား အနားမပေး၊ ရသမျှ နေရာတိုင်းတွင် ထိုးစစ်များ ဆင်နွှဲလာနေသည်။

 

မင်းအောင်လှိုင် အနေနှင့် မဟာဗျူဟာ အမှားများကို ကျူးလွန်လာနေ၍လည်း လက်အောက်ခံ တပ်များ အလဲလဲ အပြိုပြို ဖြစ်လာနေသည်။ ဟစ်တလာ ကဲ့သို့ပင် ဘဝင်မြင့် ရောဂါ စွဲကပ်နေပြီး စစ်ပန်းနေပြီဖြစ်သော တပ်များကို စုစည်းကာ ကချင် လွတ်လပ်ရေး တပ်တော် ဌာနချုပ် လိုင်ဇာ အနီးသို့ လူအင်အား ၂၀၀ ခန့်ဖြင့် ချဥ်းကပ် စစ်ဆင်လာနေပြီ ဖြစ်သည်။

 

ကေအိုင်အေ နှင့် ယခင်ရရှိထားသော သဘောတူညီချက်များအရ ဖျက်သိမ်းပေးခဲ့ရသော အခြေစိုက် စခန်းများကို ပြန်လည် သိမ်းယူနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်ဟု ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူးက ဆိုသည်။ ကေအိုင်အေသည် စစ်ကိုင်းနှင့် မကွေးတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များကို ထိထိရောက်ရောက် အကူအညီပေးနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးလည်း ဖြစ်သည်။ ရင်ဆိုင်တိုက်ပွဲများ မဖြစ်ပွားသေးဘဲ လက်နက်ကြီးများ ဖြင့် အပြန်အလှန် ပစ်ခတ်နေကြဆဲ ဖြစ်သည်။

 

သို့သော် နောက်ကြောင်း မလုံ ဖြစ်လာနေသည်။ ဇူလိုင် (၃) ရက်နေ့ ည ပြောက်ကျား စစ်ဆင်ရေး ဖြင့် ရန်ကုန် ရှိ မြို့နယ်များ အတွင်း တပြိုင်နက်တည်း စစ်ဆင်ရေး ဖြင့် စီးပွားရေး နှင့် အုပ်ချုပ်ရေး ဖက်ဆိုင်ရာ ပစ်မှတ် များကို ဖေါက်ခွဲဖျက်ဆီးနိုင်ခဲ့ကြသည်။ ၎င်းတို့ အဖို့က ထုံးစံအတိုင်း လမ်းများ ပိတ် စစ်ဆေး ရုံမျှသာ တတ်နိုင် ကြသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မိုးကြိုးမှ ပြည်သူများသည် စစ်အာဏာရှင် စနစ်ကို ရှေ့လျှောက် ယခုထက် ပို၍ အရှိန်အဟုန်မြှင့် တွန်းလှန်သွားမည်။ စစ်တပ်အနေဖြင့် ၎င်းတို့ အုပ်ချုပ် မည့် အရေးကို ပြည်သူများက လက်မခံတော့ ဆိုသည်ကို သဘောပေါက် သင့်ရန်လိုကြောင်း ပြောသည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်၏ တပ်များသည် နိုင်ငံ အနှံ့ ကျေးရွာများကို မီးတင်ရှို့ထားပြီး ဖြစ်၍ ၎င်းအဖို့ မည်သို့ မျက်နှာနှင့် တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်သွားနိုင် ဦးမည်နည်း ဆိုသည့် မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန် ၍ မေးခွန်းထုတ် ရတော့မည် ဖြစ်သည်။

 

တရုတ်သည် မင်းအောင်လှိုင် ၏ အခြေအနေ ဆိုးဝါးလာနေသည်နှင့် အမျှ အားကိုး မရတော့မှန်း သိ၍ မိမိ ရင်းနှီးမြှုပ်နှံမှုများ အတွက် စိုးရိမ်ကြောင့်ကြလာပြီး ရခိုင်တပ်တော် (AA)၊ တအောင်း တပ်တော် (TNLA) နှင့် ကိုးကန့် အဖွဲ့ (MNDAA) တို့ အား ပိုက်လိုင်းများကို အကာအကွယ် ပေးရန် ဖိအားပေးလာ၍ အဆိုပါ အဖွဲ့ သုံးဖွဲ့မှ တရုတ်ထိ ဓါးကြည့် ဆိုကာ ကြိမ်းဝါးသည့် ကျေညာချက်များ တရားဝင် ထုတ်ပြန်လာရသည့်အထိ ၎င်းတို့ ဖာသာ ၎င်းတို့ အဆင့်နှိမ့်ချ လိုက်ရလေသည်။

 

မင်းအောင်လှိုင်သည် ပျက်ပြားလာနေသော စီးပွားရေးအား NLD ကြောင့်၊ PDF များကြောင့်၊ ပြည်ပ ပိတ်ဆို့ ဒဏ်ခတ်မှု များ ကြောင့် ဟု ပါးစပ်ထဲတွေ့ရာ အပြစ်ဖို့ နေပြီး လက်ရှိတွင်တော့ တတ်သမျှ မှတ်သမျှ စိတ်ကူးပေါက်ရာ လျှောက်လုပ်နေသည့် အဆင့်တွင် ရှိနေသေးသည်။ ၎င်း၏ အာဏာသိမ်း လုပ်ရပ်ကြောင့် ပြည်ပ မှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ မလွဲမသွေ ရှိလာမည်ကို ကြိုတင် တွက်ဆ ထားနိုင်ပါလျှက် ယခုမှ ထိုအတွက်ကြောင့် ဟု အပြစ်ဖို့နေသည်မှာ သနားစရာပင် ကောင်းနေသည်။

 

တိုင်းပြည်အတွက် အမှန်တကယ် လုပ်နိုင် ကိုင်နိုင်ပြီး တတ်ကျွမ်းနားလည်သူများ အား အကျဉ်းထောင်ထဲ ထည့်ထားပြီး စမ်းတဝါးဝါး သမားများ က မျက်မမြင် ပုဏ္ဏား ခြောက်ယောက်လို တိုင်းပြည်ကို စီမံခန့်ခွဲနေသည့် အဖြစ် ကို အထင်အရှား တွေ့လာနေရသည်။

 

ယခုလည်း ယခင် စစ်ထောက်ချုပ် မှ အနားယူပြီး ဦးပိုင် ဥက္ကဌ ဖြစ်နေသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ညိုစော ဆိုသူအား သူ၏ အနီးကပ် အကြံပေး အဖြစ် ခန့်အပ်လိုက်ပြန်သည်။ ညိုစောသည် မင်းအောင်လှိုင် နှင့် သူ၏ မိသားစု အကျိုးအတွက် ဦးဆွေးဆံမြည့် ထမ်းရွက်ခဲ့သူ အဖြစ်လည်း ထင်ရှားသူ ဖြစ်သည်။ လက်ထဲတွင် သေနတ်ရှိပါလျှင် လမ်းပေါ်က လူမိုက်ပင် ဘာမဆိုလုပ်ရဲ သည်ဟု ပြောမည်ဖြစ်သည်။ ၎င်း ပါးစပ်က ထွက်လာသော ထိုကဲ့သို့သော စကားကို အဟုတ်ထင် မိန်းမောခဲ့သူများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာနေပေပြီ။

 

လက်အောက်ခံ စစ်ဗိုလ်ချုပ်များ အနေဖြင့် မိမိ နှင့် မိသားစု လုံခြုံစွာ အခြေမပျက် နေထိုင် နိုင်ရေး အတွက် မင်းအောင်လှိုင်၏ ယတြာ များ အောက်တွင် မိန်းမော မနေဘဲ ၎င်းအား အမြန်ဆုံး ဖယ်ရှားပြီး ကုလသမဂ္ဂ ၏ ကြီးကြပ်မှု ဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးကာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးပြီး စစ်တန်းလျားသို့ ပြန်နိုင်ရန် ပြင်ဆင်သင့်ပြီ ဖြစ်သည်။ ထိုလုပ်ရပ်သည် တိုင်းပြည်ကို အချိန်မီ ကယ်တင် ရာလည်း ရောက်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!