ကုလ မှ နိုင်ငံတကာသို့ အပြင်းထန်ဆုံး သတိပေးချက် ထွက်ပေါ်

by Hla Soewai - Jul 15 2023

ကုလ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ ဗော်ကာ တပ်ခ် မှ “မြန်မာသည် နှလုံး ကြေကွဲ မတတ် ဖြစ်ရသည့် အကြမ်းဖက်မှု သံသရာ ထဲသို့ အတားအဆီး မရှိ တရှိန်ထိုး ကျဆင်းလာနေပြီ ဟု ကမ္ဘာကို အသိပေးလိုက်သည်။ ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် လူ့အခွင့်အရေး ကောင်စီ၏ ၅၃ ကြိမ် မြောက် အစည်းအဝေးတွင် မြန်မာ အရေး နှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း အမြင်ခြင်း ဖလှယ်သည့် Interactive Dialogue ဆွေးနွေး ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သူများ နောက်ထပ် မည်မျှ အထိ ထိုသို့ ခံစားကြရဦးမည်ကို တွေးကြည့်၍ပင် မရလောက်အောင် ဖြစ်ရသည်ဟုလည်း ဆိုသည်။

 

ထိုအပြင် နိုင်ငံအတွင်း လူ ပေါင်း ၁၅.၂ သန်းသည် အရေးပေါ် အစားအသောက် နှင့် အဟာရ များ အပူတပြင်း လိုအပ်နေ၍ မိမိတို့မှ လူသားတို့၏ အသက်ကို ကယ်တင်နိုင်မည့် အကူအညီများ ထောက်ပံ့မှုများအပေါ် ဥပ‌ဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်းများ၊ ဗျူရိုကရေစီ ကြိုးနီစနစ်များ ဖြင့် စနစ်တကျ ပိတ်ဆို့လာနေသည် ကိုလည်း တွေ့နေရသည်ဟု ဆိုသည်။

 

နိုင်ငံတွင်း အုပ်ချုပ်နေသော စစ်တပ်သည် လူ့အသက်တချောင်းကို လုံးဝ တန်ဖိုးမထားသည့် လုပ်ရပ်များ အနှံ့ အပြား ကျူးလွန်နေ၍ မြန်မာ ပြည်သူများ လွတ်လပ် လုံခြုံမှု ရှိစွာ ပြန်လည် နေထိုင်နိုင်ခွင့် ရမည့် အခြေ အနေများ အမြန်ဆုံး ပြန်လည် ဖန်တီးပေးရန် မဖြစ်မနေ လိုအပ်နေကြောင်း တင်ပြသွားခဲ့သည်။ ထို့အတွက် အကြမ်းဖက် အာဏာသိမ်း အဖွဲ့အား မည်သို့သော ပုံစံမျိုးဖြင့် ထောက်ပံ့နေမှု မျိုးကို မဆို ရပ်ဆိုင်းမှ ဖြစ် တော့မည်ဟု ပြင်းပြင်းထန်ထန် ပြောဆိုသွားခဲ့သည်။

 

မြန်မာအရေး ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးကလည်း စစ်ကောင်စီသည် ပြည်ပမှ သံတမန်များ၊ အဖွဲ့အစည်းများ နှင့် တွေ့ဆုံခွင့်ရတိုင်း ထိုအခွင့်အရေးကို လက်လွှတ်မခံ၊ ၎င်းတို့သည် လူသတ်မှု ကျူးလွန် နေကြသူများ မဟုတ်၊ နိုင်ငံတကာ တွင် တရားဝင် အစိုးရ အဖြစ် ရပ်တည်နေလေဟန် ဝါဒဖြန့်စမြဲ ဖြစ်၍ ထိုလုပ်ရပ်များကို ရှောင်ကျဉ်ရန်လည်း တိုက်တွန်းသွားပြီး မြန်မာပြည်သူများသည် ၎င်းတို့ လက်တွင်းမှ လွတ်မြောက်ရန် ကုလ အဖွဲ့ဝင် နိုင်ငံများ၏ အကူအညီ ကို လိုအပ်နေသည်ဟုလည်း ထောက်ပြသွားခဲ့သည်။

 

ကုလ သမဂ္ဂ ၏ ထိုသို့ တရားဝင် အသိပေးလာမှု များသည် မသိချင်ယောင် ဆောင်နေကြသော ကမ္ဘာ့ ခေါင်း ဆောင်များအား ပြင်းထန်စွာ ထိုးနှက် တိုက်ခိုက် ခံနေရသလို ဖြစ်နေသည်။ ၎င်းတို့ နိုင်ငံသားများသည်လည်း ထိုသို့ ဖြစ်ပျက်နေမှုများကို အမှန်အတိုင်း သိမြင်နိုင်မှုများ အားနည်းနေ၍ အစိုးရများ၏ ကိုယ်ကျင့်တရား ဘေးချိတ်ကာ တာဝန်မဲ့ ပြုမူနေမှုများ ကို မသိ ဖြစ်နေရသည်။ ထို့အတွက် ၎င်းတို့ ပို၍ သိလာစေရန် PR ခေါ် Public Relation ကုမ္ပဏီများ ငှားရမ်း၍ လှုံ့ဆော် အသိပေးဖို့ လိုအပ်လာခြင်း ဖြစ်သည်။

 

စစ်ကောင်စီသည် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် အား တီမော လက်ဆလီ အစိုးရမှ ဖိတ်ခေါ်ခဲ့မှု အပေါ် ရန်ကုန်ရှိ တီမော သံရုံးသို့ ကန့်ကွက်စာ ပေးပို့ခဲ့သည်။ ၎င်းတို့ အဖို့ ထိုမျှ အတိုင်းအတာ အထိသာ လုပ်နိုင် ပေသည်။

 

ယခုအခါ ပျူစောထီးများ သေဆုံးမှုများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လက်ချက်ဖြင့် ပြည်သူများ သေဆုံးနေလေဟန် ဝါဒဖြန့်လာကြပြန်သည်။

 

ကုလ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဗော်ကာ တပ်ခ် မှ လက်ရှိ မိမိတို့ အတည်ပြု နိုင်ခဲ့သည့် စာရင်း ဇယားများအရ စစ်တပ်၏ လက်ချက်ဖြင့် လူပေါင်း ၃,၇၄၇ ဦး သေဆုံးခဲ့ပြီး ၂၄,၇၄၇ ဦး ဖမ်းဆီးခံထားရသည်။ ယင်းသည် အတည်ပြု၍ ရသမျှ ဖြစ်ပြီး အမှန်တကယ် အရည်အတွက်သည် ယခုထက် များစွာ ပိုနိုင်သည်ဟု တင်ပြသွားခဲ့သည်။

 

အာဏာသိမ်း အဖွဲ့သည် ဘဏ်စာရင်းများ ပင် ခိုးဖွင့်လာရသည့် အဆင့်ထိ ဖြစ်လာ

**************************

 

စစ်ကောင်စီ သည် ၎င်းတို့ အဓိက အားထားနေသော MOGE ၏ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ မှ ရရှိသော နိုင်ငံခြားငွေများကို ပိတ်ဆို့မခံရအောင် “ကံကော်” အမည် ဖြင့် မြန်မာ စီးပွားရေး ဘဏ် တွင် လျှို့ဝှက် ငွေစာရင်း ဖွင့်ထားရန် ဧပြီ ၁၉ ရက်နေ့ နေ့စွဲဖြင့် စစ်ကောင်စီ စွမ်းအင် ဝန်ကြီးဌာနမှ ဗဟိုဘဏ်သို့ အကြောင်း ကြားစာ ပေးပို့ခဲ့သည့် စာ ကို ရရှိခဲ့ကြောင်း မြန်မာနောင်း သတင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းများက ဖေါ်ပြ ထားသည်။
 

ယင်းသည် အမေရိကန် မှ ဒဏ်ခတ်ပိတ်ဆို့ လာနိုင်သည့် အလားအလာ များ ရှိနေမှန်းသိ၍ ယခင် MOGE ၏ ဘဏ်အချက်အလက်များ ကို ဖျောက်ဖျက်ပြီး နောက်ထပ် နာမည်ဝှက်ဖြင့် အသစ် ဖွင့်လှစ်ရန် ရည်ရွယ်ခြင်း လည်း ဖြစ်သည်။ အီးယူသည် MOGE အား ဖေဖေါ်ဝါရီလ အတွင်း မထင်မှတ်ပဲ ဒဏ်ခတ် ပိတ်ဆို့ ခဲ့၍ ဒေါ်လာ သန်း ၅၀၀ ကျော်မျှ ပြည်ပဘဏ်များမှ ထုတ်ယူ၍ မရဘဲ ပိတ်မိနေပြီ ဖြစ်သည်။

 

ထိုစာ ထွက်ပြီး နှစ်လ အကြာတွင် နိုင်ငံခြား ကုန်သွယ်မှု ဘဏ် နှင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်များကို အမေရိကန် အစိုးရမှ ပိတ်ဆို့ ဒဏ်ခတ် လာခဲ့သည်။ ထို့အတွက် MOGE သည် အမေရိကန် ဒေါ်လာ နှင့် ယူရိုငွေများ လက်ခံရန် အခက်အခဲ များစွာ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ နိုင်ငံခြားငွေများ လက်ခံနိုင်ရန် မြန်မာစီးပွားရေး ဘဏ်တခုသာ စစ်ကောင်စီသည် အားကိုး ရဖို့ ကျန်နေတော့သည်ဟု ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ စီမံဘဏ္ဍာ ဝန်ကြီး ဦးတင်ထွန်းနိုင်မှ ထိုဘဏ်ကြီး နှစ်ခု အား ပိတ်ဆို့ ခံလိုက်ရ ခြင်းသည် စစ်တပ်အတွက် အရှိုက်ထိုးခံလိုက်ရသလို ဖြစ်ပြီး နည်းလမ်းပေါင်းစုံ ဖြင့် ကျော်လွှားနိုင်ရန် ကြံစည် နေသော်လည်း ပုံမှန် အနေအထားဖြင့် လုပ်၍ မရတော့ဘဲ ကလိန်ကကျစ်နည်းများ သုံးလာနေရသည်ကို မိမိတို့ ကြားသိထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ လုပ်နိုင်ရန်မှာလည်း နေ့ချင်းပြီး မဟုတ်၊ အချိန်များစွာ ယူရဦးမည် ဖြစ်၍ အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

လက်ရှိ မြန်မာ နောင်း သတင်းအရ ထိုစာ ပေါက်ကြားမှု အတွက် နေပြည်တော်ရှိ MOGE ရုံးအား ယမန်နေ့က စစ်ကောင်စီ သစ္စာခံ တပ်များက ဝင်ရောက် စီးနင်းကာ ဝန်ထမ်းများကို ခေါ်ယူ စစ်ဆေးနေပြီဟု သိရသည်။

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး မှ နိုင်ငံတွင်းရှိ ကုမ္ပဏီပေါင်း ၉၁ ခုသည် လက်နက်ထုတ်လုပ်ရေးဖက်တွင် အသုံး ပြု၍ ရသော ကုန်ပစ္စည်းများကို တင်ပို့နေဆဲ ဖြစ်သည်ဟု စုံစမ်းသိရှိရ၍ ဆက်လက်ပြီး စစ်ဆေးမှုများ ပြုလုပ် နေသည်ဟု ဝန်ခံပြောကြားလိုက်သည့် ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။ ယင်းသည် ကုလ လူအခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး၏ အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်း အတိုက်အခံ အမတ်များ၏ ‌မေးမြန်းချက် ကို စာဖြင့် တရားဝင် ဖြေကြားရာမှ ယခုလို ပါရှိလာခဲ့ခြင်း ဖြစ်သည်။

 

စင်္ကာပူသည် မြန်မာ အစိုးရ နှင့် မျက်စိမှိတ် ဆက်ဆံ‌‌နေရသည်မှာ ထင်ရှားနေပြီး နောက်ပိုင်းတွင် စစ်ကောင် စီသည် စင်္ကာပူ နှင့် လည်း ယခင်လို စီးပွားရေး လုပ်ငန်းများ လုပ်ဖို့ အခက်အခဲများစွာ ရှိလာတော့မည် ဖြစ်သည်။

 

ဤသို့ဖြင့် မင်းအောင်လှိုင်သည် အချောင်သမားများ မြှောက်ပေးမှုကြောင့် မဆင်မခြင် လုပ်ခဲ့မှုသည် ၎င်းတို့ ရရှိထားသည့် လွတ်လပ်မှုများကို ကိုယ်တိုင်ကိုယ်ကျ တဖြေးဖြေး ဖျက်ဆီးပြစ်နေသော လုပ်ရပ်များဟုသာ ဆိုရပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!