အမေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီး မှ အာဆီယံ အား မြန်မာ အရေး ပို၍ ပြင်းထန်စွာ ကိုင်တွယ်သွားရန် ဖိအားပေးဖို့ ရှိ

by Hla Soewai - Jul 15 2023

လာမည့် အပတ်အတွင်း ဂျကာတာ တွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် တက်ရောက်မည် ဖြစ်သည်။ ထိုအစည်းအဝေးတွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ကို အရေးယူရန်နှင့် တောင်တရုတ် ပင်လယ် အတွင်း တရုတ်၏ လုပ်ရပ်များ အပေါ် တွန်းကန်သွားရန် အာဆီယံ အား စည်းရုံး လှုံ့ဆော်မည် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ အရှေ့အာရှ ဆိုင်ရာ ထိပ်တန်း အရာရှိ ဒင်နီရယ် ခရစ်တင်ဘရင့်မှ ရိုက်တာသို့ ပြောကြားခဲ့သည်။

 

အာဏာသိမ်းပြီးနောက် နိုင်ငံအား ကသောင်းကနင်း အဖြစ် ရောက်အောင် ပြုလုပ်နေသည့် စစ်ဗိုလ်ချုပ်များ အရေးကို အဓိက ထား ဆွေးနွေးသွားမည်ဟု ခရစ်တင်ဘရင့် က ဆိုသည်။

 

“အာဆီယံ ရှိ မိမိတို့နှင့် အကျိုးတူ နိုင်ငံများ အနေဖြင့် အာဆီယံ ဝန်ကြီး အဆင့် ဆွေးနွေးပွဲများတွင် မြန်မာ ပါဝင်နိုင်ခွင့် အား ဆက်လက်၍ လျော့ချသွားကာ စစ်အာဏာသိမ်း အဖွဲ့အပေါ် လက်ရှိ ကျူးလွန်နေသော အကြမ်းဖက်မှုများ ရပ်ဆိုင်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရှိ ရန် နည်းလမ်းများ ရှာဖွေသွား ကြလိမ့်မည်ဟု မျှော်လင့် ကြောင်း” ပြောခဲ့သည်။ ဆိုလိုသည်မှာ အာဆီယံ၏ အလုပ်မဖြစ်တော့သော အချက် ငါးချက်အား ဆက်လက်စွဲကိုင်နေခြင်း ကို ရပ်ဆိုင်းရမည်ဟူ၍ ဖြစ်သည်။

 

“မိမိတို့ အနေဖြင့် ဒေသတွင်းရှိ နိုင်ငံများ နှင့် မိမိတို့သဘောထား တထပ်တည်း ဖြစ်ရန် ပြောနေခြင်း မဟုတ်၊ ရှေ့‌ရေး အတွက် အမြင်ချင်း ဖလှယ်ပြီး အတူတကွ ဆက်လက်လုပ်ကိုင်သွားနိုင်ရန် ဖြစ်သည်” ဟုလည်း ဆိုသည်။

 

စက်တင်ဘာလ အတွင်း အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ပြုလုပ်ရန် ရှိနေသည်။

 

အာဆီယံ ဥက္ကဌ ဖြစ်သူ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ရက်နို မာဆူဒီမှ သောကြာနေ့တွင် ပြောကြား ရာ၌ စစ်ကောင်စီ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ နိုင်ငံခြားရေး ဝန်ကြီး များ အပါအဝင် ပါဝင်သက်ဆိုင် နေသူ အားလုံး နှင့် အကြိမ်ပေါင်း ၁၁၀ ခန့် ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖေါ်ပြောဆို လာခဲ့သည်။ ယင်းသည် ပထမအဆင့် အကွက်ချခြင်း ဖြစ်ပြီး ဒုတိယ အဆင့် အနေဖြင့် အားလုံးပါဝင်မည့် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးကို ယခုအခါ ဦးတည်နေပြီဟု ဆိုသည်။

 

အာဆီယံ အထူး သံတမန် ရုံးမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများ နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

အားလုံးက နိုင်သူ စားစတမ်း ပုံစံမျိုး လက်ကိုင်ထားကြမည်ဆိုလျှင် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိမည် မဟုတ်၊ ဆွေး‌နွေး ညှိနှိုင်းခြင်းဖြင့်သာ ရှေ့ခရီးဆက်နိုင်မည်ဟု ဆိုသည်။

 

မကြာမီက ဘန်ကောက်တွင် ထိုင်း၏ ကမကထ ပြုမှု ဖြင့် ခေါ်ယူခဲ့သော ဆွေးနွေးပွဲအား လာအို နိုင်ငံခြားရေး ဝန်ကြီး တဦးသာ တက်ရောက်ခဲ့၍ မိမိတို့၏ အချက် ငါးချက်ပါ သဘောတူညီချက် သည် အရာမယွင်း တည်ရှိနေခြင်းကို ပြဆိုနေသည်ဟု ရက်နိုမှ သတင်းမီဒီယာများအား ပြောခဲ့သည်။

 

အင်ဒိုနီရှားသည် အာဏာ ငန်းငန်းတက် လက်မလွှတ်ချင် ဖြစ်နေသော စစ်ဗိုလ်ချုပ်များ၏ စိတ်သဘော သဘာဝ ကို အပြည့်အဝ နားလည် ထားဖို့ လိုသည်။ ၎င်းတို့ အဖို့က တိုင်းပြည် ငြိမ်းချမ်းရေးထက် ၎င်းတို့ အား ငယ်ကြောက်လို ဖြစ်နေသော လူထု၏ ပုန်ကန် တွန်းလှန်လာမှုကို မည်သို့မျှ လက်မခံ နိုင်၊ မရရအောင် ဦးချိုး ပြစ်ရန်သာ စိတ်စောနေကြသူများ ဖြစ်သည်။

 

သို့မှသာ ၎င်းတို့ ကျွမ်းကျင်သည့် အကြောက်တရား ဖြင့် အုပ်ချုပ်သွားရေးကို အနှောက်အယှက် မရှိ ဆက်၍ ကျင့်သုံး နိုင်မည်လည်း ဖြစ်သည်။

 

ဆွေးနွေးပွဲများ စတင်နိုင်ဖို့ ဆိုသည်က အရင်ဦးဆုံး ဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရန် နှင့် အချိန်ဆွဲသည့် ဗျူဟာများ အသုံးမပြုရေးကို သတိထားရမည် ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ စစ်အေး တိုက်ပွဲကြီး ၏ အငွေ့အသက်များက အရှေ့အာရှသို့ ကူးစက်လာပြီ ဖြစ်၍ အာဆီယံ နိုင်ငံများ အဖို့ တဖက်ဖက်မှ ပြတ်ပြတ်သားသား ရပ်တည်ရန်လည်း အမေရိကန်က တောင်းဆိုလာပေတော့မည်။

 

လက်ရှိတွင်တော့ စစ်အာဏာသိမ်း အဖွဲ့အား လူ့အသိုက်အဝန်း အတွင်းသို့ ပြန်လည် ဆွဲခေါ်ရန် ကြိုးပမ်း မှုများသည် မအောင်မြင်ခဲ့ပေ။ ပြည်သူများက လက်မခံသရွေ့ ၎င်းတို့၏ ကြိုးပမ်းမှု မှန်သမျှ သည် မည်သည့် အခါမျှ အောင်မြင်လိမ့်မည်လည်း မဟုတ်ပေ။ တရုတ်အဖို့ ရှေ့ဆက်တိုးလေ နိုင်ငံရေး နှင့် စီးပွားရေး အရ တည်ငြိမ်မှု ရှိနေပြီးသော အာဆီယံ နိုင်ငံများ နှင့် ဆက်ဆံရေး ထိခိုက်လာမည် ဖြစ်သည်။

 

သို့သော် စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်ရှိလာရေးသည် အမေရိကန် နှင့် အာဆီယံ တို့ချည်း လုပ်၍ မရဘဲ တရုတ်ကိုပါ အပါ ဆွဲခေါ်နိုင်မှသာ ဖြစ်ပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!