သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(156)

by Hla Soewai - Jul 15 2023

တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း

 

ကျွနုပ်တို့ ခေတ်တွင် ကြီးပြင်းလာကြသော ကလေးများသည် အကြမ်းဖက် မှု ကင်းသော ကမ္ဘာကြီး ဆိုသည်ကို သိရှိ နားလည် နိုင်ကြမည် မဟုတ်ပေ။ နှစ်ဆယ်တစ် ရာစု အစမှာပင် အမေရိကန် တို့ အဖို့ သူတို့ကိုယ် သူတို့ လုံခြုံလှပြီ ဟု ခံယူထားမှု ကို အယ်ကိုင်ဒါက အဆုံးသတ်ပေးခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ ခွေးလေးပျား တောအနှံ့ ဆိုသကဲ့သို့ ဖြစ်လာခဲ့သည့် အကြမ်းဖက်မှု များအား မျိုးဆက်သစ် လူငယ် တို့ ယဉ်ပါးလာခဲ့ကြရသည်။

 

လေဆိပ်များ တွင် လုံခြုံရေး အတွက် အစစ်ခံရန် လူတန်း ရှေ ကြီး စောင့်ဆိုင်းနေကြရသည့် အဖြစ်၊ ပြတိုက်များ၊ ရုပ်ရှင်ရုံများ တွင် ပါလာသည့် အိတ်များကို ဖွင့်ပြ အစစ်ခံကြရသည့် အဖြစ် များသည် သူတို့ အတွက် ဖြစ်ရိုးဖြစ်စဉ် ဟု ယူဆကြသည်။ ထိုကဲ့သို့ နေရာတကာ တွင် လုံခြုံရေး အစီအမံများ ချမှတ်ကျင့်သုံးလာကြခြင်း သည် ကျွနုပ်တို့ အားလုံး အတွက်လည်း ယခင်ကလို အထူးအဆန်းဟု မယူဆတော့ဘဲ ပုံမှန် ကြုံတွေ့ရမည့် ဖြစ်စဉ် တခုလို ခံယူလာကြသည်။

 

အကြမ်းဖက်ဝါဒ ဆိုသည်အား ခေတ်သစ် ကမ္ဘာကြီးက မွေးထုတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤသည်ကို တည်ဆဲ အကြောင်းခြင်းရာ တခုအား ရုတ်ခြည်း မှောက်လှန်ပစ်ရန် ကျင့်သုံးသည့် နိုင်ငံရေး ဗျုဟာတရပ်သာ ဖြစ်သည်ဆိုသည့် ရှု့ဒေါင့်မှ တင်ပြသွားမည်လည်း ဖြစ်သည်။

 

ထို့သို့ မှောက်လှန်ပစ်နိုင်ရန် မဲပုံးများ၊ လမ်းပေါ်တက် ဆန္ဒထုတ်‌ဖေါ်မှု များ နှင့် မရတော့ဟု ယူဆလာကြပြီး ခြိမ်းချောက် အကျပ်ကိုင်သည့် နည်းကို ကျင့်သုံးလာကြသည်။ အကြောက်တရားများ ဖြစ်ပေါ်လာအောင် နှိုးဆွပေးဖို ရည်ရွယ်ခြင်း ဖြစ်၍လည်း အမှောင်ထဲမှ နေ၍ လျို့ဝှက် ပူးပေါင်း ကြံစည်လာခဲ့သည်။ ထို့နောက်တွင် အကြမ်းဖက်မှု များ သည် သူတို့၏ လုပ်ရပ်များ ဖြစ်ကြောင်း ရုတ်ခြည်း ထုတ်ဖေါ်ပြသခဲ့သည်။

 

အကြမ်းဖက် လုပ်ရပ်မှန်သမျှ သည် အဆုံးသတ် ပွဲသိမ်းသွားစေမည့် လုပ်ရပ် မဟုတ်ပဲ ထိုသို့ ဖြစ်ရန် ရည်ရွယ်သည့် နည်းလမ်းမျိုးသာ ဖြစ်ပေသည်။ မိမိတို့ လိုလားသော နိုင်ငံရေး ဦးတည်ချက်များကို အခြားနည်း ဖြင့် မရနိုင်၊ မဖြစ်နိုင် ဆိုသည်ကို သဘောပေါက်လာကြချိန်တွင် လက်နက်စွဲကိုင်လာကြခြင်းပင် ဖြစ်သည်။

 

လက်နက်ကိုင် ၍ ခြိမ်းချောက် အကျပ်ကိုင် ရန် ရွေးချယ်ခဲ့ခြင်းသည် ကပင် ထိုသို့ ရွေးချယ်ခဲ့သူများ၏ အားနည်းချက်၊ ပျော့ညံ့ချက်များမှ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ လူထု တော်လှန်ရေးကြီး ဖြစ်ပေါ်လာရန် လုံလောက်သည့် ထောက်ခံမှု၊ ဖြစ်အောင် ဖန်တီးနိုင်သည့် အာဏာ မရှိခဲ့သည့် နိုင်ငံရေး အဖွဲ့များက ကျင့်သုံးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

အကြမ်းဖက်မှုများ အပေါ် စိုးရိမ်ထိတ်လန့်မှု များ ဖြစ်လာရခြင်းမှာလည်း ပစ်မှတ်ကို သေချာ ရွေးချယ်ခြင်း မရှိပဲ အဆင်ပြေနိုင်မည့် နေရာများ ကို ဦးတည်လာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးက လွန်စွာ ရှားပါးသည်ဟု ဆိုရမည် ဖြစ်သည်။ တကယ်တမ်းတွင် မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်များ ပေါက်မြောက်နိုင်မည့် ပစ်မှတ် မျိုးကိုသာ မဟာဗျုဟာ ကျကျ ‌‌ရွေးချယ်ခဲ့ကြသည်က များပေသည်။

 

တကယ်တမ်းတွင် လက်နက်စွဲကိုင်ခဲ့ကြခြင်းသည် အမြဲလို နိုင်ငံရေး နှင့် ယှက်နွယ်နေပြီး ခြိမ်းချောက်နိုင်မှ ဖြစ်မည်ဟု ယူဆလာသည့် အခါတွင်တော့ အကြမ်းဖက်မှု များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်နက်စွဲကိုင်မှုသည် တဖက်တွင် အကြောက်တရားများ ဖြစ်ပေါ်လာစေရန် ဆိုသော်လည်း အကြမ်းဖက်ဝါဒ နှင့် တတန်းစားထဲ ထား၍ မဖြစ်ပေ။

 

အယ် ကိုင်ဒါ အဖွဲ့သည် ၂၀၀၁ စက်တင်ဘာလ ၁၁ ရက်နေ့ တွင် အမေရိကန်ကို စတင် တိုက်ခိုက်လာချိန်တွင် သမ္မတ ဘွတ်ရှ်သည် အကြမ်းဖက် ဝါဒ အပေါ် စစ်ပွဲကြီး တရပ် ဆင်နွှဲသွားမည်ဟု ကျေညာခဲ့သည်။

 

ဤနေရာတွင် သူ၏ စကားလုံး ရွေးချယ်မှု သည် အထင် အမြင် မှားအောင် လုပ်သလို ဖြစ်သွားစေသည်။ အကြောက်တရား သည် အကြမ်းဖက်ခြင်း၏ အကျိုးဆက် မှ ထွက်ပေါ်လာ‌သော စိတ်ခံစားမှု နှင့် နွယ်သည့် တုန့်ပြန်မှု မျိုးသာ ဖြစ်သည်။ အကြောက်တရား သည် ထွက်ပေါ်လာသော ရလဒ် သက်သက်သာ ဖြစ်ပြီး ထိုသို့ ဖြစ်အောင် အသုံးပြုသည့် နည်းလမ်းသည် လက်နက်ကိုင် အကြမ်းဖက်မှုပင် ဖြစ်သည်။

 

လက်နက်စွဲကိုင်လာခြင်းသည် တော်လှန်ရေး၏ မဟာဗျုဟာ တရပ်ဖြစ်သည်ကို သိထားရန် အရေးကြီးပေသည်။ တည်ရှိ‌နေမှုများကို အခြေခံကျကျ ပြောင်းလဲပစ်ရန် ရည်ရွယ် ဖွဲ့စည်းလာသည့် အုပ်စု ဝင်များက ကျင့်သုံးသည် တော်လှန်ရေး ဗျုဟာ ပင် ဖြစ်သည်။

 

လုပ်ကြံ သတ်ဖြတ်သူများ၊ ဖေါက်ခွဲရေးသမားများသည် တကိုယ်တော် လှုပ်ရှားသည်က များပေသည်။ ဥပမာ အားဖြင့် ရောဘတ် ကနေဒီကို လုပ်ကြံခဲ့သည့် ဆာဟန် ဆိုသူ နှင့် အိုကလာဟိုးမား ဗုံးခွဲမှု ကို ကျုးလွန်ခဲ့သည့် တင်မိုသီ မက်ဗေး တို့တွင် ပုဂ္ဂိုလ်ရေး အာဃာသ နှင့် မကျေနပ်ချက်များ ရှိကောင်း ရှိနေနိုင်သည်။ ထိုသို့သော လူများအား လက်နက်ကိုင်၍ တော်လှန်နေသူများ နှင့် တတန်းစားတည်းဟု သတ်မှတ်၍ မဖြစ်ပေ။

 

လက်နက်စွဲကိုင် တိုက်ခိုက်မှု မျိုးကို အခြားသော နိုင်ငံရေး အကြမ်းဖက်မှုများ နှင့် ခွဲခြား ရှူမြင်ဖို့ လိုအပ်သည်။ ဥပမာ ဆိုရက ဘီစီ ၄၄ ခုနှစ်၌ ရောမ ရှိ ဆီးနိတ် လွှတ်တော်တွင် ဂျူးလီယက် ဆီဇာ အား ဓါးဖြင့် ထိုးသတ်ခဲ့မျိုးကို နိုင်ငံရေး အရ အကြမ်းဖက် လုပ်ကြံခြင်း ဟု ပြော၍ ရသည်။ ထိုလုပ်ရပ်ကြောင်း ထိတ်လန့်တုန်လှုပ်မှု များ ဖြစ်ပေါ်စေခဲ့သော်လည်း ယင်းအား လက်နက်စွဲကိုင် အကြမ်းဖက် မှု ဟု ပြော၍ မရပေ။

 

ထိုစဉ်က ဆီးနိတ် အမတ်တဦးသည် ရောမ သမ္မတ နိုင်ငံအား ဂျုလီယက် ဆီဇာသည် အင်ပိုင်ယာ အဖြစ် ထူထောင်၍ ဘုရင်လုပ်ရန် ကြံစည်နေမှုကို ကာကွယ်လို၍ ကျုးလွန်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ စနစ်ကို ဖျက်ဆီးရန်ထက် ဆက်လက် ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပေသည်။