နေပြည်တော်ရှိ အိမ်တံခါးဝ သို့ ရောက်လာကြမည့် အကြီးမားဆုံး အန္တရာယ် ကြီ:

by Hla Soewai - Jul 15 2023

ဧရာဝတီမှ “How Myanmar’s smallest state become a giant-killer on the junta’s doorstep” ခေါင်းစဉ်ဖြင့် ယခုလို ရေးသားလာခဲ့သည်။

 

ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF) သည် စစ်အာဏာသိမ်း အဖွဲ့အား ဆန့်ကျင်တွန်းလှန်နေသည့် တော်လှန်ရေး တပ်ဖွဲ့များ အကြားတွင် အင်အား အကြီးမားဆုံး အဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

 

ကယား (ကရင်နီ) ပြည်နယ်အတွင်း မြို့နယ်ပေါင်း ခုနှစ်မြို့ ရှိပြီး လူဦးရေအားဖြင့် သုံးသိန်း ခန့်သာ ရှိသည်။ ပြည်နယ်များထဲတွင် အကျယ်အဝန်းအားဖြင့် အသေးငယ်ဆုံးသာ ဖြစ်သော်လည်း စစ်အာဏာသိမ်း အဖွဲ့အား တိုက်ခိုက်ရာတွင် အဓိက ခြေကုတ်စခန်းကြီး ဖြစ်လာခဲ့သည်။

 

ပထဝီ အနေအထားအရ နေပြည်တော်နှင့် ထိစပ်နေသော ကယားပြည်နယ် ထဲတွင် တော်လှန်ရေး အင်အား စုများ တစထက် တစ အားကောင်းလာနေခြင်း အပေါ် စစ်ဗိုလ်ချုပ်များအတွက် နှုတ်မရသော ဆူးတချောင်းလို ဖြစ်လာခဲ့သည်။

 

KNDF သည် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုအား ဆန့်ကျင် ကန့်ကွက်ရန် ဖွဲ့စည်းခဲ့သော ကော်မတီ မှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ထုံးစံအတိုင်း ငြိမ်းချမ်းစွာ ကန့်ကွက်နေ သည်ကို အကြမ်းဖက် ဖြိုခွင်းလာခဲ့ပြီးနောက်တွင် ထိုကော်မတီသည် လက်နက်ကိုင် တွန်းလှန်သွားရာ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။ ယင်းနှင့် အတူ အချိန်မဆိုင်းဘဲ ဆန္ဒပြသူများအား ၂၀၂၁ မတ်လ ပထမပတ် အတွင်းမှာပင် စစ်သင်တန်း သို့ တက်ရောက်ခဲ့ကြသည်။

 

၂၀၂၁ ဧပြီလ ၉ ရက် တွင် ကရင်နီ ပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ၂၀၂၀ ရွေးကောက်ပွဲ တွင် ရွေးချယ်တင်မြှောက်ခံရသော ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ အဖွဲ့များ၊ ပြည်နယ်အတွင်းရှိ သုတေသီ များ နှင့် ဖွဲ့စည်းလာခဲ့သည်။ ရည်ရွယ်ချက်မှာ အမျိုးသား အတိုင်ပင်ခံ ကောင်စီ၊ အမျိုးသား ညီညွတ်ရေး အစိုးရတို့နှင့် လက်တွဲပြီး ပြည်နယ် အုပ်ချုပ်ရေး ကို ထူထောင်ထားနိုင်ရန် အတွက် ဖြစ်သည်။

 

၂၀၂၁ မေလ ပထမ ပတ်တွင် ကရင်နီ ပြည်နယ် တပ်တော် (KSA) အား တပ်ရင်း လေးရင်းဖြင့် စတင် ဖွဲ့စည်း နိုင်ခဲ့ပြီး ဒီမောဆို မြို့တွင် ပထမဆုံး အဖြစ် တိုက်ပွဲ ဆင်နွှဲလာခဲ့သည်။ ထို့နောက်တွင် ပြည်နယ်အတွင်း အခြား တော်လှန်ရေး အင်အားစုများ အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။ KSCC ၏ နိုင်ငံရေး လမ်းညွှန်မှု နှင့် အညီ KSA နှင့် အခြား တော်လှန်ရေး အဖွဲ့များ ပေါင်းစည်းပြီး Karenni Nationalities Defense Force (KNDF) ကို ဖွဲ့စည်း နိုင်ခဲ့သည်။

 

KNDF အား ယခင် ကယား အမျိုးသား ပါတီ ဥက္ကဌ ဦးခွန်ဘီဒူး မှ ဦးဆောင်သည်။ သူသည် ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ကရင်နီ ပြည်နယ် ကြားဖြတ် အုပ်ချုပ်‌ရေး ကောင်စီ (IEC) ၏ ဒု ဥက္ကဌ လည်း ဖြစ်သည်။

 

KNDF ၏ စစ်ဦးစီးချုပ်သည် ဗိုလ်ချုပ် အောင်မြတ် ဖြစ်သည်။ သူသည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကရင်နီ တပ်မတော် Karenni Army (KA) ၏ အကြီးအကဲ အဖြစ် တာဝန် ယူထားသူ ဖြစ်သည်။

 

နိုင်ငံရေး ရပ်တည်ချက်

 

KNDF သည် ကရင်နီ ပြည်နယ်အား ယနေ့ ကယားပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်းရှိ မိုးဗြဲ၊ ဖယ်ခုံ နှင့် ပေါင်းလောင် ဒေသများ၊ နေပြည်တော် ပျဉ်းမနား အနီး တောင်တန်းများ၊ နှင့် ကရင်ပြည်နယ် မြောက်ပိုင်း ဖားအံ ခရိုင်အတွင်းရှိ လိပ်သို အထိ ထည့်သွင်း ဖွဲ့စည်းရန် ရည်ရွယ်လျှက် ရှိသည်။ ဤသည်ကိုလည်း လူသိရှင်ကြား ကြေညာထားခဲ့ပြီး ဖြစ်သည်။

 

KNDF သည် ဖက်ဒရယ်စနစ်၊ ဗဟိုအစိုးရ နှင့် အာဏာခွဲဝေကျင့်သုံးရေး၊ တိုင်းရင်းသား ပြည်နယ်များ ကိုယ်ပိုင် ပြဋ္ဌာန်း အုပ်ချုပ်ပိုင်ခွင့်အား ထောက်ခံသည်။ ဦးခွန်ဘီဒူးသည် မေလ ၃၁ ရက်တွင် ကျင်းပသည့် KNDF ဖွဲ့စည်းသည့် နှစ်နှစ်မြောက် အခမ်းအနားတွင် NUCC, NUG, CRPH တို့နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

နွေဦး တော်လှန်ရေး အောင်မြင်သွားပြီးနောက်တွင် KNDF သည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တွင် ကရင်နီ ပြည်နယ်၏ လက်နက်ကိုင် တပ်ဖွဲ့ အဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု ဆိုသည်။

 

KNDF အား ဖွဲ့စည်း တည်ထောင်ခဲ့သည်မှာ နှစ်နှစ်မျှသာ ရှိ‌သေးသော်လည်း ကရင်နီ ပြည်နယ်အတွင်း အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်လာခဲ့သည်။ တပ်အင်အား ၇,၀၀၀ နှင့် တပ်ရင်း ပေါင်း ၂၂ ခု ဖွဲ့စည်းထားပြီး ဖြစ်လေသည်။ KNDF သည် ၎င်းတို့ရှိ လက်နက်အင်အား ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိ သော်လည်း အော်တိုမက်တစ် မောင်းပြန် သေနတ်များ တပ်ဆင် ထားပြီး ဖြစ်သည်ကို နီးစပ်သော သတင်း အရင်းအမြစ်များ အရ သိရသည်။ လူထုထံမှ အလှူခံပြီး လက်နက်များ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

 

KNDF သည် ကရင်နီ တပ်တော် KA ထံမှသာမက ကရင် လက်နက်ကိုင် အဖွဲ့ KNLA ထံတွင်လည်း စစ်သင် တန်းများ တက်ရောက်ခဲ့သည်။ ထို့ပြင် AA, TNLA, MNDAA တို့ထံမှလည်း အကူအညီများ ရရှိခဲ့သည်။

 

ပြီးခဲ့သည့် နှစ်နှစ် အတွင်း တောင်ပိုင်း ရှမ်းပြည်နယ် နှင့် ကရင်နီ ပြည်နယ်များ အတွင်း စစ်ကောင်စီ အား သစ္စာခံသော တပ်များ နှင့် ထိတွေ့တိုက်ပွဲပေါင်း အကြိမ် တစ်ထောင်ကျော်မျှ ဖြစ်ပွားခဲ့သည်။ အဓိကအားဖြင့် ဒီမောဆို နှင့် ဖယ်ခုံဒေသများတွင် ဖြစ်သည်။ ထိုတိုက်ပွဲများမှ လက်နက်မျိုးစုံ ၆၀၀ ကျော်အား သိမ်းဆည်း ရမိခဲ့ကြသည်။

 

KNDF ၏ နှစ်နှစ်ကြာ စစ်ရေး အစီရင်ခံစာတွင် စစ်ကောင်စီတပ်သား ၂,၀၆၅ ဦး အား ဇီဝိန်ချွေနိုင်ခဲ့ပြီး မိမိတို့ ဖက်မှ ၁၃၅ ဦး ကျဆုံးသည်ဟု ပါရှိခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူ ၁၅၂ ဦး အသက်ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် ယခုအခါ မြို့တော် လွိုင်ကော်တွင်သာ အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်တော့သည့် အနေအထားမျိုး ဖြစ်လာသည်။ ဒီမောဆို၊ ဖရူးဆိုး နှင့် ဘော်လခဲ မြို့များတွင် စစ်ကောင်စီ တပ်များ နှင့် ၎င်းတို့ မိသားစုများမှ လွဲ၍ မြို့သည် သုဿန်တစပြင်လို ခြောက်ကပ်လျှက် ရှိနေသည်။

 

ဦးခွန်ဘီဒူး မှ ပြည်သူများအားလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ၂၀၂၃ အတွင်း အရေးပါသော စစ်ရေးအောင် ပွဲများ ရရှိလိမ့်မည်ဟု ယုံကြည်ထားပြီး မိမိတို့ တပ်များအား ဒီထက်မက ကြိုးစား တိုက်ပွဲဝင်ကြရန် တိုက်တွန်း ကြောင်း အစရှိသည်ဖြင့် ဧရာဝတီ သတင်းတွင် ပါရှိခဲ့သည်။

 

ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး က စစ်တပ် အဖို့ ဆက်လက် ရပ်တည်သွားနိုင်ရေး အတွက် အချက် သုံးချက် ဖြစ်သည့် ငွေ၊ လက်နက် နှင့် တရားဝင် ရပ်တည်ပိုင်ခွင့် လိုသည်ဟု ဆိုသည်။ အထူးသဖြင့် တရားဝင် ရပ်တည် ပိုင်ခွင့် ရရေးသည် ၎င်းတို့အတွက် ပို၍ အ‌ရေးကြီးနေသည်။ ထို့အတွက် နိုင်ငံတကာ အနေဖြင့် ၎င်းတို့ အား ထိုအခွင့် အရေး မပေးဖို့ နှင့် မိမိ အနေဖြင့် ၎င်းတို့ထံ လက်နက်များ ရောင်းချနေမှု ကို ရပ်ဆိုင်းသွားအောင် ကြိုးပမ်းသွားမည်ဟု အင်ဒိုနီရှားတွင် ထုတ်ဝေသော Tempo မဂ္ဂဇင်း နှင့် အင်တာဗျူးတွင် ပြောဆိုသွားခဲ့သည်။

 

အိုင်စီစီသည် စစ်အာဏာသိမ်း ခေါင်းဆောင်များအား ရိုဟင်ဂျာများ အပေါ် ကျူးလွန်ခဲ့မှု နှင့် တရားစွဲနိုင်ရန် သက်သေ အထောက်အထား စုဆောင်းသည့် ခရီးစဉ် အဖြစ် ဘင်္ဂလားဒေ့ရှ် ရှိ ကောက်ဘဇား ဒုက္ခသည် စခန်းသို့ အိုင်စီစီ ရှေ့နေကြီး ကာရင် ခန်းသည် အဖွဲ့ဝင် ဆယ်ဦး အား ဦးဆောင်ပြီး ရောက်ရှိလာပြန်သည်။ သူက မြန်မာဖက်သို့ ဝင်ခွင့်မရ၍ အခက်အခဲများ ရှိနေသည်ဟု ထုတ်ဖေါ် ငြီးတွားသွားခဲ့သည်။ အိုင်စီစီ အနေဖြင့် ထိုကဲ့သို့ အဖွဲ့ဝင် ဆယ်ဦးအား ငွေကုန်ကြေးကျ ခံကာ စေလွှတ်ခဲ့ခြင်းသည်ကပင် မည်မျှ အထိ အလေးထား နေသည်ကို သိသာနေပေသည်။

 

မြန်မာ လေကြောင်းလိုင်း MAI မှ စင်္ကာပူရှိ UOB ဘဏ်သည် ၎င်းတို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက်ပြီ ဖြစ်၍ နောက်ထပ် အကောင့် ဖွင့်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ရစရာ ရှိသူများ အနေဖြင့် သည်းငြီးခံရန် ပြောထားသည့် စာလည်း ထွက်ရှိလာခဲ့သည်။

 

အာဏာသိမ်း အဖွဲ့သည် အဖက်ဖက် မှ ပြိုလဲ လိုက်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!