ဇွန်လ မှ စ၍ စစ်ကောင်စီ အဖို့ အခက်ခဲဆုံး ကာလ များကို ဖြတ်သန်းရတော့မည် ဖြစ်

by Hla Soewai - Jul 15 2023

ပြီးခဲ့သည့် ဇွန်လ အတွင်း စစ်ကောင်စီသည် အကျပ်အတည်းပေါင်း များစွာ နှင့် စတင်ရင်ဆိုင်လာခဲ့ရပြီ ဖြစ်သည်ဟု ဘရာဇီး နှင့် လက်တင်အမေရိက တွင် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသော The Rio Times သတင်းစာ တွင် ယခုလို သုံးသပ်ထားသည်။

 

ထိုလ အတွင်း ဘဏ်လုပ်ငန်း တွင် ၎င်းတို့ အတွက် နိုင်ငံခြားငွေ စီးဆင်းနိုင်ဖို့ အဓိက အသက် သွေးကြော ကြီး ဖြစ်သော ဘဏ်ကြီး နှစ်ခု သည် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်ခြင်းကို ခံလိုက်ရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆွေးနွေးပွဲသည်လည်း ၎င်းတို့ လိုချင်သော ရလဒ် များ ထွက်ပေါ် မလာခဲ့။ တိုက်ပွဲများ တွင်လည်း တပ်ကိုစွန့်ခွာထွက်ပြေးသူများ၊ တိုက်ရန် ငြင်းဆန်သူများ များသည်ထက် များလာခဲ့ပြန်သည်။

 

ထိုအထဲတွင် လူများ သိပ်မသိပဲ ဖြစ်ပွားလာနေသော တော်လှန်ရေး အင်အားစုများ၏ ဟန်ချက်ညီညီ ဖြင့် တံတားများ ဖေါက်ခွဲဖျက်ဆီးကာ ဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ခံလာရသည့် အဖြစ်များ နှင့်လည်း ကြုံလာခဲ့ရပြန်၍ ထောက်ပံ့ရေး တပ်အင်အား ဖြည့်တင်းရေးများတွင် အခက်အခဲများ ဖြစ်လာခဲ့သည်။

 

ထိုစစ်ဆင်ရေး များကို ကြည့်မည်ဆိုက တော်လှန်ရေး အင်အားစုများ၏ မဟာဗျူဟာ မြောက် အကွက်ချလာနိုင်ခြင်း၊ နည်းဗျူဟာမြောက် အကောင်အထည် ဖေါ်နိုင်ခြင်းတို့တွင် အဆင့်သစ် တခု စီသို့ တက်လှမ်းလာနိုင်ပြီ ဆိုသည့် အချက်က သိသာ ထင်ရှားလာနေပြီ ဖြစ်သည်။ ယင်းနှင့် အတူ စစ်တပ် အတွက် အန္တရာယ်များ တစထက် တစ တိုးပွားလာနေပြီ ဆိုသည်ကို သိသာထင်ရှားစေရန် အသေအချာ တွက်ချက် လုပ်ဆောင်နိုင်ခဲ့ မှု များဟု ဆိုရမည်သာ ဖြစ်သည်။

 

တဖြေးဖြေး နှင့် ဝိုင်းပတ်ခံနေရသော စစ်တပ်အား ၎င်းတို့၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ပြစ်ခြင်းဖြင့် ဖိအားများ များသည်ထက် များလာစေရန် ရည်ရွယ်လာသည့် စစ်ဆင်ရေးများပင် ဖြစ်သည်။

 

စစ်ရေး လှုပ်ရှားမှု ဖြင့် တော်လှန်ရေး အင်အားစုများ၏ အောင်မြင်မှု ကို တိုင်းတာ မည်ဆိုက ပြောပလောက်အောင် ဖြစ်မလာသေးသော်လည်း စစ်တပ် အဖို့ တပ်များ ရွှေ့ပြောင်းရာတွင် သံချပ်ကာ ယာဉ်များ၊ စက်သေနတ်များ တပ်ဆင်ထားသည့် ရဟတ်ယာဉ် များ အသုံးပြုလာရသည် အထိ ရောက်အောင် ပြုလုပ်နိုင်သည့် အပိုင်းတွင်တော့ အဓိက အောင်မြင်မှုများ ရလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ လေတပ်သည်လည်း တိုက်လေယာဉ်များ အား မရေတွက် နိုင်လောက်အောင် စံချိန်တင် စေလွှတ်နေသော်လည်း တိုက်ပွဲများ တွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပဲ၊ အရပ်သားများ အား ကြောက်ရွံ့လာအောင်နှင့် ပိတ်မိနေသော တပ်များအား စိတ်ဓါတ်မြှင့်တင် ပေးနိုင်ယုံ အဆင့်တွင်သာ ရှိခဲ့သည်။

 

အချုပ်အားဖြင့် ဆိုလျှင် တော်လှန်ရေး အဖွဲ့များသည် အင်အားများကို စုစည်းခြင်း၊ ဇွဲသတ္တိအပြည့် နှင့် ရေရှည် တိုက်ခိုက်နိုင်ခြင်း၊ လက်နက်များ ရရှိလာခြင်း အစရှိသည် တို့ကို နှစ် နှစ် ဆိုသော တိုတောင်းလှသည့် အချိန်ကာလ အတွင်း ရရှိခဲ့သည်၊ ရှေ့လျောက်လည်း သိသိသာသာ တိုးတက်လာဖို့သာ ရှိနေသည်၊ ထိုအဖြစ်များသည် လက်ဆုပ်လက်ကိုင် ပြနိုင်စရာ မရှိသော်လည်း လွန်စွာ အရေးပါ‌လှသည်ကတော့ သံသယ ဖြစ်ဖွယ် မရှိပေ ဟု ရေးသားထားခဲ့သည်။

 

မကြာမီက အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးမှ စစ်ကောင်စီ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် သက်ဆိုင်သူ အားလုံး နှင့် စေ့ဆပ် ဆွေးနွေးရေး စားပွဲဝိုင်းသို့ ဆွဲခေါ်နိုင်ရန် ကန့်လန့်ကာ နောက်ကွယ်မှ ညှိနှိုင်းပေးခဲ့သည်မှာ အကြိမ်ပေါင်း ၁၁၀ ခန့်ပင် ရှိသွားပြီဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

ဤသည်ကို ကြည့်က စစ်ကောင်စီသည် ရှေ့တွင်သာ အကြမ်းဖက် အဖွဲ့အစည်းများအား အမြစ်ဖြတ် ချေမှုန်းမှ ဖြစ်မည်ဟုလက်သီး လက်မောင်းတန်းနေသော်လည်း နောက်ကွယ် တွင် စေ့စပ်‌ ဆွေးနွေးရေး လမ်းကို ငြင်းပယ်ခြင်း မရှိသည်ကို တွေ့ရသည်။

 

ဆိုလိုသည်က ၎င်းတို့ အတွက် အသက်ရှု ချောင်ခွင့် ရမည် ဆိုလျှင် ရုန်းထွက်သွားကြမည်သာ ဖြစ်ပြီး ၎င်းတို့အား တောထဲတောင်ထဲတွင် ကာကွယ်ရင်း အသက်ပေးခဲ့ရသူများ အဖို့ အချည်းနှီးသာ ဖြစ်သွားပေတော့မည် ဆိုသည်ကို လက်ရှိ ရိက္ခာလစာ မဖြစ်စလောက်ဖြင့် အသက်စွန့် တိုက်နေသူများ သတိ ချပ်သင့်ပေသည်။

 

ထိုသို့ မိသားစု နှင့် ဥမကွဲ သိုက်မပျက်၊ စည်းစိမ် မပျက် နေနိုင်စားနိုင်အောင် ကြံဆောင်နေကြသူများ အတွက် မိမိတို့ မိသားစု ဘဝပျက်ခံပြီး စွန့်စားသင့်ကြပါ၏လော။

 

ရွေးကောက်ပွဲတွင် မဲသမာမှု ကြောင့် အာဏာသိမ်းခဲ့ရပါသည်ဟု ပြောသာ ပြောနေသော်လည်း ယခုထက်ထိ မည်မည်ရရ အချက်အလက် အထောက်အထားများ ဖြင့် ကမ္ဘာက လက်ခံလာအောင် ချမပြနိုင်ခဲ့။

 

မဲမသမာမှု ဖြစ်ဖို့ ဆိုသည်က မဲပုံးများထဲသို့ တရားမဝင် မဲများ ထိုးသိပ်ထည့်ခြင်း၊ တရားမဝင် ရွေးကောက်ပွဲ ရံပုံငွေများ လက်ခံခြင်း၊ သုံးစွဲခြင်း၊ မဲများအား ငွေပေး ဝယ်ယူခြင်း၊ တဖက် ပါတီ၏ မဲဆွယ် စည်းရုံးသူများအား ခြိမ်းချောက် နှောက်ယှက်ခြင်း၊ ‌ရွေးကောက်ပွဲ ကြီးကြပ်သူများအား လာဘ်ထိုးခြင်း၊ သေဆုံးသူများ အမည်များ သုံး၍ ကြိုတင်မဲ လုပ်ခြင်း အစရှိသည်တို့ကို ကျုးလွန်မှသာ မဲမသမာ မှုဟု ခေါ်ဆိုနိုင်သည်။

 

ယခုတော့ ရွေးကောက်ပွဲ ရလဒ်ကို မည်သို့မျှ မပြောင်းလဲနိုင်သော မဲစာရင်းကွာဟမှု ဆိုကာ အာဏာသိမ်းခဲ့ခြင်းသည် လက်ရှိ တိုင်းပြည် ကျွမ်းထိုး မှောက်ခုံ ဖြစ်ရသည်နှင့် တန်ပါ၏လော။

 

အဓိက အကြောင်းရင်းသည်က တက်လာမည့် အစိုးရ သစ်သည် ပင်စင်ယူရမည့် အချိန်ရောက်နေသော မင်းအောင်လှိုင်အား သက်တမ်း တိုးပေးတော့မည် မဟုတ်၊ ထို့အတွက် သမ္မတ ရာထူး တက်‌ တောင်းသည်၊ ဘာမှ မရတော့ အာဏာလက်လွှတ် အဖြစ် မခံနိုင်၊ အာဏာလက်လွှတ်သွားသည် နှင့် မိသားစု အကျိုးစီးပွား ထိခိုက်တော့မည်၊ ထို့အတွက် အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။

 

တိုက်ပွဲတိုင်း အောင်၍ အခြေအနေ ကောင်းလျင် မှိန်းနေ၍ ရသေးသည်။ ယခုလို အရှုံး နှင့် ရင်ဆိုင်လာရပြီး ရှေ့လျောက်လည်း အောင်ပွဲခံနိုင်မည့် အလားအလာမမြင်၊ မိမိတို့ စစ်မှုထမ်းနေသရွေ့ နေရာပေါင်းစုံ လှည့်၍ မသေမချင်း တိုက်သွားရတော့မည့် အဖြစ် မျိုး ရောက်နေပေပြီ။

 

မိမိ အိမ်အပြန် ကို မျှော်နေကြမည့် ဇနီးသားသမီးများ၏ မျက်နှာကို မထောက်တော့ဖူးလော။ မိမိ အသက်ရှင်နေသရွေ့ ဘာမဆို ကြံနိုင်ဖန်နိုင်သေးသည်ကို သိသော လိမ္မာ ပါးနပ်သူများ က ထွက်ပြေး တိမ်းရှောင်သူ ရှောင်၊ ထိုသို့ လုပ်မရပါက အမိန့်ကို ငြင်းဆန်ပြီး အဖမ်းခံသူ ခံ လုပ်ကုန်ကြပြီ ဖြစ်သည်။

 

ထိုအချက်များကို တောထဲတောင်ထဲတွင် အမိုက်ခံ၍ တိုက် ပေးနေရသူများ နဖူးပေါ် လက်တင်စဉ်းစားသင့်ချိန် ရောက်လာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!