အာဆီယံ သည် လူစည်ရန် သက်သက်လော

by Hla Soewai - Jul 15 2023

ပြည်သူ့တော်လှန်ရေး အင်အားစုများ သည် နေပြည်တော် အနီး ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး ပေါ်တွင် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာသည်ဟု ယူဆရသော ထောက်ပို့ ကားတန်းအား အဝေးထိန်း ခလုပ် ဖြင့် မိုင်းခွဲ တိုက်ခိုက်နိုင် ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အတည်ပြု ခဲ့သည်။

 

နေပြည်တော် အနီးသို့ ရောက်ရှိလာသည်အထိ တော်လှန်ရေး အရှိန်မြင့်တက်လာနေချိန်တွင် ဇူလိုင် ၁၁ ရက်မှ စ၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသည် ဂျကာတာ တွင် စတင်တော့မည် ဖြစ်၍ မြန်မာ အရေးအပေါ် ဘုံသဘောတူညီချက် ရရှိရေး ဆွေးနွေး ငြင်းခုံ ကြဖို့ ရှိနေသည်။

 

ထိုအစည်းအဝေးသို့ ဆွေးနွေးဖက် နိုင်ငံများ အဖြစ် အမေရိကန်၊ ရုရှား နှင့် တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးများလည်း တက်ရောက်မည် ဖြစ်သည်။

 

အစည်းအဝေး တွင် အချိန်ကြာလာနေပြီ ဖြစ်သည့် မြန်မာ၏ ပြည်တွင်းရေး အကျပ်အတည်း၊ တောင်တရုတ် ပင်လယ် အတွင်း တင်းမာမှု မြင့်တက်လာနေခြင်း နှင့် ဒေသအတွင်း လက်နက် အင်အား ဖြည့်တင်းလာနေမှုများကို ဆွေးနွေးကြမည် ဟု သိရသည်။

 

အိမ်ရှင် ဖြစ်သူ အာဆီယံ ဥက္ကဌ အင်ဒိုနီရှား မှ မူလ လက်ဟောင်း အချက် ငါးချက်ကို ဆက်လက်ကိုင်စွဲပြီး ဖြေရှင်းသွားမည် ဖြစ်ကြောင်း စကားဦး သန်းလာခဲ့သည်။ ထို့ပြင် မြန်မာ့ အရေးတွင် သက်ဆိုင်သူများ နှင့် အကြိမ်ပေါင်း ၁၁၀ ခန့် ဆွေးနွေးပြီး ဖြစ်သည်ဟု နိုင်ငံ ခြားရေး ဝန်ကြီး ရက်နို မာဆူဒီ မှ ပြောခဲ့သော်လည်း ဆွေး‌‌နွေးသည့် အကြောင်း အရာများကို လျှို့ဝှက်ထား၍ မည်မျှ အတိုင်းအတာအထိ တိုးတက်မှု ရှိ၊ မရှိကို မသိရဘဲ ဖြစ်နေသည်။

 

ပြီးခဲ့သည့် မေလ အတွင်း ကျင်းပခဲ့သော အာဆီယံ ထိပ်သီး အစည်းအဝေး တွင် အချက် ငါးချက်နှင့် ပတ်သက်၍ တိုးတက်မှု မရှိဟု အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီက ထုတ်ဖေါ် ဝန်ခံ သွားခဲ့သည်။

 

အာဆီယံသည် ဆိုင်ကလုန်း မိုချာ ဘေးသင့် ပြည်သူများထံ အကူအညီများ ပေးပို့ နိုင်သည် ဆို‌သော်လည်း စစ်တပ်လက်ထဲ သို့ ထည့်ပေးရသည့် ပုံစံမျိုးသာ ရှိပြီး ကိုယ်ထိလက်ရောက် ဖြန့်ဝေပေးရန်ကိုမူ ခွင့်မပြုသဖြင့် ကန့်သတ်ခြင်း ခံနေရဆဲ ပင် ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် မစမီ အကြိုရှင်းလင်းချက် ထုတ်ပြန်ရာတွင် မြန်မာ ပြဿနာအား စောလျင်စွာ ဖြေရှင်းနိုင်ရေး အတွက် အခြား နည်းလမ်းများကို စဉ်းစား အဖြေရှာ သွားရမည်ဟု ပြောဆိုလာခဲ့သည်။

 

မြန်မာ စစ်ခေါင်းဆောင်များ၏ ခေါင်းမာမှု၊ အာဏာကို မရမက ဖက်တွယ် ထားမှုများဖြင့် ရေရှည် ဆက်သွား၍ မဖြစ်တော့ဘဲ ပဋိပက္ခ ကို ပို၍ ကြီးထွားလာအောင် လုပ်သလို သာ ဖြစ်မည်ဆိုသည်ကို သဘောပေါက် စေရန် နည်းလမ်းများ ရှာကြံရတော့မည်ဟု ဂျကာတာ ရှိ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ဖြစ်သည့် ဟာဘီဘီး စင်တာ ၏ ဒါရိုက်တာ ဖြစ်သူ ဒေဝီ ဖေါ်တူနာ အင်နဝါ က ထောက်ပြခဲ့သည်။

 

သို့သော်လည်း အနောက်အုပ်စုသည် လက်ရှိတွင် ယူကရိန်းစစ်ပွဲ နှင့် အာရုံထွေပြားနေပြီး စစ်ပွဲပြီးသွားပါကလည်း ဒေါ်လာ ဘီလီယံ ၄၀၀ ခန့် ကုန်မည့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အပေါ် ဂရုပြုနေကြမည်သာ ဖြစ်သည်။ မြန်မာ အရေးကို ထည့်သွင်းစဉ်းစားမည့် ပုံမရှိဟု စင်္ကာပူရှိ ယူဆွတ် အီရှတ် အင်စတီကျုမှ မစ္စက် ရှာရွန် ရှားက ဆိုသည်။

 

ယခုပင် အင်ဒိုနီရှား၏ ဥက္ကဌ သက်တမ်းသည် တဝက်ကျိုးလာပြီး နောက်နှစ် ဥက္ကဌ ရာထူးအား လာအို မှ တာဝန်ယူလာသည့် အချိန်အထိ မည်သို့မျှ ထူးခြားမှု ရှိမလာခဲ့ပါက မြန်မာပြည် နှင့် ပတ်သက်၍ အာဆီယံ၏ အခန်းကဏ္ဍသည် နိဂုံးချုပ်သွားပေတော့မည်။

 

လောလောဆယ်တွင်လည်း စောင့်ကြည့်လေ့လာနေသူ များ အားလုံးက ယခုတကြိမ် အာဆီယံ သည် မြန်မာအရေး အပေါ် ဘုံသဘောတူညီချက် ထွက်ပေါ် လာနိုင်ခြင်း ရှိမရှိ မျက်လုံး‌ ဒေါက်ထောက် စောင့်ကြည့်နေကြမည် ဖြစ်သော်လည်း အာဆီယံသည် မိမိတို့ အရေးအား ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်း ဖြစ်သည်ဟု မြန်မာပြည်သူ တဦးတလေကမျှ ယုံကြည် အားကိုးခြင်း မရှိ၊ မျှော်လင့်ချက် ကုန်ခန်းနေသည်။ မိမိတို့ အရေးကို မိမိတို့ဖာသာ စည်းလုံး ညီညွတ်စွာဖြင့် ဖြေရှင်း နိုင်ရေးကိုသာ အာရုံထားလျှက် ရှိနေကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!