တရုတ်မှ အာဏာသိမ်း အဖွဲ့အား ပြောင်ပြောင်တင်းတင်း ထောက်ခံလာမည့် အရေးကို အာဆီယံ ထည့်သွင်းစဉ်းစားရန် လို

by Hla Soewai - Jul 15 2023

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု ၏ ဝက်ဆိုက်တွင် ပါရှိသော ဂျေဆင် တာဝါ၏ ဆောင်းပါးတွင် စစ်ကောင်စီသည် တရုတ်မှ ၎င်းတို့ အား ပြတ်ပြတ်သားသား မထောက်ခံနိုင် ဖြစ်နေ သည်ကို စိတ်မရှည်တော့သည့် ပုံဖြင့် မင်းအောင်လှိုင်က သူ့ကို ဘီဂျင်းသို့ တရားဝင် အလည် အပတ် ဖိတ်မည် ဆိုလျှင် မြစ်ဆုံဆည် ပြန်လည် တည်ဆောက်ခွင့် ပြုမည် ဆို၍ အပေးအယူ လုပ်လာ နေသည်မှာ လပေါင်းများစွာပင် ရှိနေကြောင်း အတွင်း သတင်းများ ရရှိထားသည်ဟု ထူးထူးခြားခြား ပါရှိလာခဲ့သည်။

 

မိမိ အမြင်အရ ဆိုလျှင် ထိုသတင်းသည် မည်မျှ အတိုင်းအတာထိ မှန်ကန်မှု ရှိမရှိ ကို ပြော၍ မရ သော်လည်း တရုတ်တို့ဖက်မှ ထိုသို့ လုပ်လာနိုင်မည်ကို အာဆီယံ သည် အထူး သတိချပ်ဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့၏ ဒေါ်လာ ဘီလီယံ နှင့် ချီသော လုပ်ငန်းများ ထိခိုက်မည့် အရေးကို မျက်ကွယ် ပြုကာ အာဏာသိမ်း အဖွဲ့အား မျက်စိမှိတ် ထောက်ခံမှု ပေးနေသည်မှာ အကယ်၍ စစ်ကောင်စီ ပြုတ် ကျမည့် အရေး ကြုံလာပါက ရုရှားမှ ဆီရီယား အား အကာအကွယ် ပေးခဲ့သလို လုပ်ရန် ရည်ရွယ်နေ သည်လား ဆိုသည်ကို လေ့လာ ဆန်းစစ်ဖို့ လိုအပ်နေသည်။

 

ထိုသို့ ပြုလုပ်ရန် တရုတ်အတွက် အဓိက အဟန့်အတား ဖြစ်နေသည်မှာ မြန်မာပြည်သည် စစ်တလင်း အဖြစ် ပြောင်းလဲသွားမည့် အရေး နှင့် အာဆီယံ ပင် ဖြစ်သည်။ လက်ရှိ အရှေ့အာရှ တွင် အမေရိကန် နှင့် အားပြိုင်နေရချိန် တရုတ် အဖို့ ထိုနိုင်ငံများ၏ ထောက်ခံမှု သို့မဟုတ်ကလည်း အနည်းဆုံး ကြား နေမှု ရရှိရန် အပူတပြင်း လိုအပ်နေသည်။ အကယ်၍ မြန်မာ အပေါ် ထိုသို့ စစ်ရေးအရ စွန့်စားမှု ပြုလုပ်လာမည်ဆိုလျှင် အာဆီယံ နိုင်ငံများ၏ ကြားနေမှု ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

 

လက်ရှိတွင် စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ် မပြုသလို လုပ်နေရခြင်းမှာလည်း အဓိက အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ၎င်းတို့အား လူရာ မသွင်းချင်လောက်အောင် ခါးခါးသီးသီး ဆက်ဆံ နေ၍သာ ဖြစ်သည်။

 

အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့က ဂျကာတာတွင် စတင်ကျင်းပခဲ့ပြီ ဖြစ်သည်။

 

အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့များတွင် ပြုလုပ်မည့် အစည်းအဝေးများတွင် မြန်မာ အရေးကို အဓိက ထား ‌ဆွေးနွေးကြမည်ဟု သိရသည်။

 

ထို့နောက်တွင် ဒိုင်ယာ‌လော့ ပါတနာများဟု သတ်မှတ်ထားသည့် အိန္ဒိယ၊ နယူးဇီးလန်၊ ရုရှား၊ ဩစတေးလျှ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အီးယူ၊ ဗြိတိန်၊ ကနေဒါ နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများ နှင့် ဆက်လက်‌ ဆွေးနွေးသွားရန် ရှိနေသည်။

 

အာဆီယံသည် မြန်မာ အရေးကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့မှုကြောင့် အကြီးအကျယ် ဝေဖန်ခံနေရ လေသည်။

 

ယခုလို နိုင်ငံစုံ တက်ရောက်ကြမည့် အစည်းအဝေးများတွင် အချက် ငါးချက်ကို ဆက်၍ ဆုပ်ကိုင် သွားမည် ဆိုက ပျက်လုံးကြီး အဖြစ် ရောက်ရှိသွားတော့မည် ဖြစ်သည်။

 

ယခု အစည်းအဝေးတွင်လည်း အာဏာသိမ်း အဖွဲ့ တက်ရောက်ခွင့် မရပြန်၍ အာဆီယံ အစည်းအဝေး လုပ်တိုင်း ၎င်းတို့အဖို့ အနာကို ဆားပက်သလို ခံစားနေကြရစမြဲ ဖြစ်သည်။

 

အင်ဒိုနီးရှား၏ တိတ်တဆိတ် ကြိုးပမ်းနေမှုများ နှင့် ပတ်သက်ပြီး ထွက်ပေါ်လာသော သတင်းများအရ အလွတ်သဘော ဆွေး‌နွေးရန်ကိုပင် နှစ်ဖက်စလုံးမှ ကြိုတင် စည်းကမ်းချက်များ ချမှတ်နေခြင်းကြောင့် ပို၍ ခက်ခဲလာနေသည်ဟု သိရသည်။

 

အင်ဒိုနီးရှား၏ ထိုသို့ ဘာမှန်း ညာမှန်း မသိရလောက်အောင် လျှို့ဝှက်နေမှုများကို သည်းမခံနိုင် ဖြစ်လာသော ထိုင်းက ၎င်းတို့ အစီအစဉ်ဖြင့် ဆွေးနွေးပွဲ လုပ်လာသည့် အတွက် အင်ဒိုနီးရှား အဖို့ အရှက်တကွဲ ဖြစ်သွားရသည့်အပြင် အဖွဲ့ အတွင်း အက်ကြောင်းထလာမှု များအား အထုပ်ဖြေ ပြလိုက်သလို ဖြစ်သွားခဲ့ရတော့သည်။

 

ထို့အတွက် ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ အာဆီယံအား ယုံကြည်ခြင်း ခံရသည့် အဖွဲ့အစည်း အဖြစ် ဆက်ရှိနေစေရန် မြန်မာ ပြဿနာ အပေါ် ညီညွတ်မှု ပြသရန် လိုသည်ဟု ပြောရသည့်အထိ ဖြစ်လာခဲ့သည်။

 

နိုင်ငံသည် ဗိုလ်သန်းရွှေ ဦးဆောင်သော စစ်ဗိုလ်ချုပ်များ လက်အောက် ကျရောက်နေစဉ် အတွင်းမှာပင် အာဆီယံအနေနှင့် မြန်မာကို ချော့မော့ ဖျောင်းဖျ ရကောင်းရဲ့ ဆိုကာ အဖွဲ့ဝင် အဖြစ်ပင် လက်ခံ နေရာ ပေးခဲ့သည်အထိ အတွေးအခေါ် ချွတ်ခြုံကျနေသော အဖွဲ့ကြီးလည်း ဖြစ်ခဲ့သည်။

 

ထိုသို့ လူကြားထဲ ဆွဲထုတ်ပေးလာခဲ့သည့် မျက်နှာကို မထောက် ခြောက်နှစ်ခန့် အကြာတွင် နိုင်ငံတော် အတိုင်ပင်ခံ၏ အသက်ကို လုပ်ကြံရန် ပက်ပက်စက်စက် ကြံစည်ခဲ့ကြသူများ ဖြစ်သည်။

 

ယခုလည်း အမှတ်မရှိပြန်ဘဲ အကြံကုန် ဂဠုန် ဆားချက် ဆိုသကဲ့သို့ အာဏာသိမ်း အဖွဲ့အား လူတောထဲ ပြန်သွင်းရန် စကားစ လာနေပြန်သည်။ ထိုသို့ ပြုလုပ်မည်ဆိုက တရုတ်မှ စစ်အာဏာသိမ်း အဖွဲ့ကို ယခုထက် ပို၍ ရဲရဲတင်းတင်း ထောက်ခံလာမည့် အရေးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားဖို့ လိုအပ်နေ ပေပြီ။

 

ပြည်သူများကတော့ အရည်မရ အဖတ်မရ ငြင်းခုံနေသည်ကို စိတ်ဝင်စားခြင်း အလျှင်း မရှိ ကြတော့၊ နိုင်ငံ အနာဂတ် ဖျက်ဆီးနေသော မကောင်းဆိုးဝါးများအား အမြန်ဆုံး မောင်းထုတ်နိုင်ရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းသွားကြမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Illustration Credit – Cartoon Movement