နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ခဲ့သည် ဆိုသော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး၏ အပြောအပေါ် ပြည်တွင်း ပြည်ပ တွင် သံသယ များ တိုးပွားလာနေ

by Hla Soewai - Jul 15 2023

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာဝီနိုင်းမှ သူ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ တွင် လူသိရှင်ကြား ထုတ်ပြောလာမှု အပေါ် ယုံကြည်သူများ တစထက် တစ နည်းပါးလာ နေပြီ ဖြစ်သည်။

 

လက်ရှိ ထိုင်းအစိုးရသည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့နှင့် လွန်စွာ နီးကပ်သော ဆက်ဆံရေး ရှိနေပြီး ၎င်းတို့အား လူတောထဲ ပြန်ဝင်ခွင့်ရရန် အာဆီယံ ကို ခုတုံးလုပ်ပြီး လော်ဘီ လုပ်ပေးနေသူ ဖြစ်သောကြောင့် ထိုသို့သော ပုဂ္ဂိုလ်မျိုး၏ စကားအပေါ် လက်ခံရန် ခဲယဉ်းနေခြင်း ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ထိုသို့ တွေ့ဆုံရန် စီစဉ်ပေးခဲ့ခြင်းသည် အသွား နှစ်ဖက်ပါ ဓါးတချောင်းကဲ့သို့ ဖြစ်သွား ခဲ့ရသည်။ ပထမ တချက်သည် ၎င်းတို့ အခြေအနေ မဟန်တော့သည်ကို ရိပ်စားမိလာသည့် အားနည်းချက်အား အထုတ်ဖြေပြလိုက်သလို ဖြစ်သွားခဲ့ခြင်းပင်၊ ယင်းသည် ကိုယ့်ကိုယ်ကိုယ် သွေးနားထင် ရောက်ကာ မောက်မာနေသော စစ်ဗိုလ်ချုပ်များ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။

 

တဖက်တွင်လည်း ၎င်းတို့ လိမ်ညာ အမှု ဆင်ကာ အမှုပေါင်း ၃၃ မှု ဖြင့် ထောင်ထဲ ထည့်ထားသော အဖြစ်သည် တမင် ဓါးစာခံ အဖြစ် ဖမ်းဆီးထားသည်မှာ လုံးဝ ထင်ရှားသွားပြီး ၎င်းတို့အား မျက်စိမှိတ် ထောက်ခံနေသည့် ထိုင်း အစိုးရပင် လက်မခံ ဟု ပြသလိုက်ခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား ရှေ့နေနှင့်ပင် ပေးတွေ့မခံသော မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ သည် ယခုထိ သူမ၏ ဘုန်းသမ္ဘာအပေါ် မှီခိုနေရဆဲ ဆိုသည် ကို ၎င်းအား ထောက်ခံနေသူများပင် တအံ့တသြ နှင့် သိရှိခွင့် ရသွားခဲ့သည့် လုပ်ရပ်မျိုးလည်း ဖြစ်သည်။ ထို့အတွက် သူ့ပါးစပ်မှ ‘ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်” ဟု မိုးကြိုးပစ်သည်ကို ထန်းရွက်နှင့် ကာ ခဲ့ရပြီ ဖြစ်သည်။

 

ဒွန် ပရာဝီနိုင်း၏ ထိုသို့ ထုတ်ဖေါ်ပြောဆိုလိုက်မှု အပေါ် စစ်အာဏာသိမ်း အဖွဲ့မှ တစုံတရာ ပြောဆိုခြင်းမျိုး မရှိသည်ကပင် ၎င်းတို့ အဖို့ ဂုဏ်ယူစရာ လုပ်ရပ် မဟုတ်သည် ကို ပြဆိုနေခြင်းဖြစ်သည်။ ၎င်း၏ အပြောအား ထောက်ခံပေးနိုင်မည့် အသံဖိုင်၊ ဓါတ်ပုံ တခုတလေမျှပင် ထုတ်ပြနိုင်ခြင်းလည်း မရှိခဲ့ပေ။

 

သွေးရိုးသားရိုး ဆိုပါက အာဆီယံ အထူး သံတမန်၊ သို့မဟုတ် လက်ရှိ ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှား မှ ကိုယ်စား လှယ် တဦးဦးကိုသာ တွေ့ဆုံခွင့် ပေးရမည် ဖြစ်သည်။ ထိုသို့ တွေ့ဆုံခွင့်ရရန် အာဆီယံ ဥက္ကဌ ဖြစ်ခဲ့သော ဘရူနိုင်း နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် ကိုယ်တိုင်ပင် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

 

ယခု ဒွန်ပရာဝီနိုင်းသည် အာဆီယံ အစည်းအဝေး ပြီးလျှင် ရာထူးမှ နှုတ်ထွက်ပြီး နိုင်ငံရေး စင်မြင့် မှ ပျောက် ကွယ်သွားတော့မည် ဖြစ်၍ ၎င်း လိမ်ညာ ပြောဆိုခဲ့သည် ဆိုပါကလည်း သူ့အနေနှင့် ထူးထူးထွေထွေ ထိခိုက်ခြင်း ရှိမည် မဟုတ်ပေ။ ဤသည်ကပင် အာဏာသိမ်း အဖွဲ့ အတွက် သွေးဆောင်ဖြားယောင်း၍ ရမည့် perfect candidate ဖြစ်လာခဲ့ခြင်းပင်။

 

ထိုဆွေးနွေးပွဲ အမှန်တကယ် ဖြစ်သည်ကို အတွင်း သတင်း အရင်းအမြစ်များ ကိုးကားပြီး ဧရာဝတီ တိုင်းမ် သတင်း က ငြင်းဆိုလိုက်သလို မြန်မာ အရေးအား အထူးစောင့်ကြည့် လေ့လာနေသည့် အီဂေါ ဘလာစီဗစ် ကလည်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် သတင်း ဟုတ်မဟုတ်အား အထူးသတိ ထား သုံးသပ်သင့်သည်ဟု ဖေါ်ပြထားသည်။

 

၎င်း၏ အဆိုအရ ယခု ထွက်ပေါ်လာသည့် သတင်းသည် အာဆီယံ အစည်းအဝေး မစမီ နိုင်ငံတကာ နှင့် ပြည်တွင်းရှိ ပါဝင် ပတ်သက်နေသူများ အား လိမ်လည် လှည့်ဖျား အာရုံလွှဲရန် အမှန်ဟု ယူဆနိုင်သည့် အတုအယောင် fake reality ဖန်တီးခြင်း သက်သက်ဟု ဆိုသည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံသည် ဆိုသည့် သတင်း အား အီရန် အပါအဝင် နိုင်ငံတကာရှိ အာဏာရှင်များ အသုံးတော်ခံ အဖြစ် ပြုမူနေသည့် ဂျပန်ရှိ Pan Orient News သတင်းထောက် ဆိုသူ ခါဒွန် အဇာဟာရီ မှ တဆင့် ထုတ်လွှင့်လိုက်ခြင်း ဖြစ်ပြီး အဆိုပါ သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ NUG နှင့် PDF အဖွဲ့များကို မထောက်ခံ၊ အနောက်အုပ်စု အကူအညီ ယူကာ တိုင်းပြည် ဖျက်ဆီးနေခြင်းများကို မထောက်ခံဟု ဒွန် ပရာဝီနိုင်း အား ပြောကြောင်း ထည့်သွင်း ရေးသားလာသည်ကပင် ပိုဆိုးသွားခဲ့လေသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင် တန်နဲလ်မှ တဆင့် စစ်အာဏာသိမ်း အဖွဲ့အား လူထု၏ တွန်းလှန်နေမှုများကို ထောက်ခံကြောင်း လူသိရှင်ကြား အသိပေးထားခဲ့ပြီးလည်း ဖြစ်သည်။ သူမက ပြည်သူများသည် ဒီမိုကရေစီ အရသာ ကို ခေတ္တ ခဏသာ ကြုံခွင့်ရခဲ့သော်လည်း ယင်းကို ကာကွယ် သွားရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည့် လူငယ်များ အတွက် များစွာ ဂုဏ်ယူကြောင်း ပြောပြခဲ့သည်ဟု ရှောင် တန်နဲလ် ပြန်လွတ်လာပြီးနောက် ဩစတေးလျှ ABC ရုပ်သံသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

အီဂေါ ဘလာစီဗစ် သည် သူ၏ ဖရဲသီး သတင်းများကို ကိုးကားပြီး ဆက်လက် ဖေါ်ပြရာတွင် ဇူလိုင် ၈ ရက် နေ့တွင် ထောင်အရာရှိတဦး မှ ဒွန်ပရာဝီနိုင်း လာရောက်တွေ့ဆုံမည်ဟု ဒေါ်အောင်ဆန်းစုကြည်အား အသိ ပေးလာခဲ့သည်။ ဇူလိုင် ၉ ရက်နေ့ နံနက်တွင် ဒွန် နှင့် အဖွဲ့သည့် ကား ငါးစီးပါ ယာဉ်တန်း ဖြင့် ရောက်ရှိလာသည့်အခါ အကျဉ်းထောင် ဧည့်ခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမလာသည့်အတွက် သူမအား ပေးရန် စာတစောင် ရေးပြီး နေ့လည် ၁ နာရီ တွင် ပြန်သွားခဲ့ကြကြောင်း၊ နောက်တကြိမ် ပြန်ရောက်လာသော်လည်း အလားတူ ထွက်မတွေ့သည့်အတွက် ပြန်သွားရသည် ဟု ဆိုသည်။

 

တကယ်တမ်း တွေ့ဆုံ ဖြစ်ခဲ့သည့် သတင်း အမှန်က ထိုနေ့တွင် အဇာဟာရီနှင့် နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေ တို့ တွေ့ဆုံခဲ့သည်ဆိုသော စစ်ကောင်စီ ထုတ်ပြန်သော သတင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

အာဆီယံ ဥက္ကဌ ဖြစ်သူ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးမှ အဆိုပါ သတင်း အပေါ် ထင်မြင်ချက် တစုံတရာ ပေးရန် ငြင်းဆိုသွားခဲ့သည်မှာ လည်း ဆန်းလှသည်တော့ မဟုတ်ပေ။ ယခုအချိန်အထိလည်း အာဆီယံ အစည်းအဝေး မှ ထိုကိစ္စအပေါ် ဆွေးနွေးကြသည် ဆိုသော သတင်းမျိုး ထွက်ပေါ်မလာခဲ့။ ဒွန်မှ ၎င်းတို့အား သူမနှင့် တနာရီကျော် ကြာ ဆွေးနွေးခဲ့သည်များ အကြောင်း ပြန်ပြောပြသည်ကို နားထောင်ခဲ့ရကြောင်း နှင့် သူမ ကိုယ်ရော စိတ်ပါ ကျန်းကျန်းမာမာ ရှိကြောင်းနှင့် အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးမှုမျိုးကို သူမ ထောက်ခံကြောင်း ဒွန်က ပြောပြသည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် က ဆိုသည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ ကျူးလွန်နေမှုများ အပေါ် ပြင်းပြင်း ထန်ထန် ရှုတ်ချရန် တိုက်တွန်းသွားသည်ဟု သိရသည်။ ၎င်းတို့နှင့် ရှေ့လျောက် လည်း အာဆီယံ ကို ကိုယ်စား ပြု၍ ဆောင်ရွက်ရန်၊ တဖက်သတ် လုပ်ရပ်များ ရှောင်ကျဉ်ရန်လည်း ပြောသွားခဲ့သည်။ စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ်ပြုရေးသည် အာဆီယံ ၏ အချက် ငါးချက် အပေါ်တွင်သာ အခြေခံရမည်ဟု ဆိုသည်။

 

အင်ဒိုနီရှားသည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များမှ ကိုယ်စားလှယ်များ နှင့် ဘာလီ ကျွန်းတွင် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း နှင့် အမျိုးသား ညီညွတ်‌ရေး အစိုးရမှ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးပြီး နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးမည် ဆိုလျှင် ဆွေးနွေး နိုင်မည်ဟု ဆိုကြောင်း အမည်မဖေါ်လိုသည့် သံတမန်နှစ်ဦး က ပြောသည်ဟု ရိုက်တာ သတင်း တွင် ပါရှိလာသည်။ မည်သည့် ဆွေးနွေးမှုမျိုး မဆို “မြန်မာ ပြည်သူများက ၎င်းတို့ တိုင်းပြည်အား ဆက်လက် အုပ်ချုပ်သွားမည့် အရေးကို မည်သည့်နည်းနှင့် မျှ မလိုလား တော့” ဆိုသည့် အချက်ကို အခြေခံရမည်ဟု ဒေါက်တာ ဆာဆာ က ဆိုသည်။

 

ဘန်ကောက်ပို့ သတင်းစာ တွင် မူ အာဏာသိမ်း အဖွဲ့၏ အမည်မဖေါ်လိုသော အထက်တန်း စစ်ဖက်အရာရှိ တဦးမှ ဒွန် ရောက်လာပြီး မင်းအောင်လှိုင် နှင့် တွေ့သည်ကို သိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည် ဆိုသည်ကို မသိ‌ကြောင်း AFP သတင်းဌာနအား ပြောသည်ဟု ဖေါ်ပြထားသည်။

 

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ မိမိတို့ မည်သို့မျှ အတည်ပြုနိုင်ခြင်း မရှိသော သတင်းမျိုး ဖြစ်ပြီး ဒွန်ပရာဝီနိုင်း ၏ အပြောတခုသာ ရှိနေသည်။ စစ်အာဏာသိမ်း အဖွဲ့သည် အာဆီယံ အစည်းအဝေး သို့ တက်ခွင့်ရရုံမျှ အနေအထားကို အသည်းအသန် လိုချင်နေ၍ ယခုလို ကြံစည်လာခြင်း ဖြစ်နိုင်ကြောင်း၊ ရိုးသားမှု ရှိသည် ဆိုပါက ယခင်က အဘယ်ကြောင့် တွေ့ခွင့် မပေးသနည်းဟု ဧရာဝတီ သတင်းဌာန နှင့် အင်တာဗျူးတွင် မေးခွန်းထုတ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် အမြဲလို ပြည်သူ့ဆန္ဒနှင့် တထပ်တည်း ရပ်တည်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ယခုထိလည်း အမျိုးသား ညီညွတ်ရေး အစိုးရ၏ တရားဝင် နိုင်ငံတော် အတိုင် ပင်ခံ ဖြစ်နေဆဲ ဆိုသည်ကို မမေ့သင့်ကြောင်း၊ ယခု အာဏာသိမ်း အဖွဲ့သည် ကြံရာမရ ဖြစ်လာ၍ သူမအား ဖမ်းဆီးထားပြီး ၎င်းတို့ လိုလားသည့် ရလဒ်များ ထွက်ပေါ်လာအောင် အကျပ်ကိုင် ရန် ကြံစည်သည့် အာဏာရှင် အချင်းချင်း ပူးပေါင်း ကြံစည်ကြသည့် hostage diplomacy သက်သက်သာ ဖြစ်သည်ဟု မှတ်ချက် ပေးသွား ခဲ့သည်။

 

ယခုလည်း ၎င်းတို့သည် အင်အားချိနဲ့နေပြီ ဆိုသည်မှာ မဟုတ်မှန်ကြောင်း သက်သေပြနိုင်ရန် လက်အောက်ငယ်သားများအား သေသေကြေကြေ ဆိုကာ အမြှောက်ဆံ cannon fodder များ အဖြစ် သုံးကာ ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ကို စစ်ဆင်နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Photo Credit - Nikkei Asia Review