မြန်မာ အရေး ဖြေရှင်း နိုင်ဖို့ မဆိုထားဘိ၊ ကိုယ့်အချင်းချင်းပင် မပြေလည် ဖြစ်နေ

by Hla Soewai - Jul 15 2023

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် လက်ချင်းယှက်ထားကြသော်လည်း စိတ်ချင်း မဆက်နိုင် ဖြစ်နေကြ သည်မှာ ယမန်နေ့ အထိ အပြီးသတ် ကျေညာချက် မထုတ်နိုင် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေသည်ကလည်း မည်သို့ မည်ပုံ အရေးယူလိုက်မည်၊ ဖြေရှင်းပြစ်လိုက်မည် ဆိုသည် အပေါ် မဟုတ်ဘဲ စကားလုံး ရွေးချယ် သုံးနှုံးမှု နှင့် ပတ်သက်နေပြန်သည်။

 

လူပေါင်း လေးထောင်နီးပါး သတ်ထားသူများကိုပင် စကားလုံး အလှ သုံးရန် စဉ်းစားနေကြသည်။ အံ့ဖွယ် အာဆီယံ ပါ တကား။

 

သို့သော် ယနေ့ တွင် ပူးတွဲ ကျေညာချက် ထွက်ပေါ်လာပြီ ဖြစ်သည်။ မြန်မာ နှင့် ပတ်သက်၍ ကျေညာချက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ နှင့် ပစ်ခတ်ခြင်း၊ ဆေးရုံ ကျောင်း ကဲ့သို့ အများသုံး အဆောက်အအုံများ ဖျက်ဆီးပစ်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များ အား ပြင်းထန်စွာ ရှုတ်ချကြောင်း ပါရှိလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် အာဆီယံ မှ ပြင်းထန်စွာ ရှုတ်ချထားသည့် လုပ်ရပ်များကို မည်သို့မျှ ရပ်တန့်ပေးနိုင်မည် မဟုတ်ပေ၊ လက်ရှိတွင် ၎င်းတို့ နေပြည်တော် တွင် ဆက်လက် နေထိုင်ခွင့်ရရေး သည် ထို လုပ်ရပ်များ အပေါ် မှီခိုနေရသော ကြောင့်ပင် ဖြစ်သည်။

 

တရုတ် တောရိပ်တောင်ရိပ် မှီခို နေကြသော ထိုင်း ပါဝင်သည့် အဖွဲ့ဝင် အချို့က စစ်ကောင်စီ နှင့် ယခင် အတိုင်း ပုံမှန် ပြန်ဆက်ဆံသွားရေး အတွက် အပြင်းအထန် တောင်းဆိုနေကြသည်။ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မှ ထိုသို့ လုပ်ပေးရန် ဒီတိုင်းတော့ မဖြစ်၊ တခုခု သိသိသာသာ လိုက်လျောပေးမှ ဖြစ်မည် ဆိုကာ တချက်ခုတ် နှစ်ချက် ပြတ် ဆိုသလို သူလည်း နာမည်ကြီးသွားရန်၊ စစ်ကောင်စီဖက်မှလည်း လိုက်လျောမှု ပြသည့် အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့် တောင်းခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်း တွေ့ဆုံခြင်း ရှိမရှိကိုမူ အားလုံးက သံသယ ဖြစ်နေကြဆဲပင်။

 

စစ်အာဏာသိမ်း အဖွဲ့သည်လည်း နိုင်ငံတကာ၏ ပြင်းထန်စွာ ဝိုင်းပယ်ခံနေ၍ ရှေ့လျောက် နိုင်ငံစီးပွားရေး ကို စပါးရောင်း၊ ပဲရောင်း၊ သစ်ရောင်း၊ ကျောက်စိမ်းရောင်း လောက်နှင့် ဆက်သွား၍ မဖြစ်၊ အခြေအနေများ ဆိုးသည်ထက် ဆိုးလာတော့မည် ကို သိ၍ မျက်နှာ အောက်ချကာ ၎င်းတို့ လုပ်ကြံ ဖန်တီးထားသော အမှုများဖြင့် အသရေ ဖျက်ထားသည့် နိုင်ငံတော် အတိုင်ပင်ခံ ကို စင်ပေါ် တင်ပေးလိုက်ရပြီ ဖြစ်သည်။

 

သို့သော် သူမပြောသည့် စကားများကို တော့ ပြန်ပြောဖို့ ဆိုရာတွင် heavily censored ဆင်ဆာလုပ် ဖြတ်တောက် ပြီး မှ ၎င်းတို့ ပြောစေချင်သည်များအား ဖြတ်ညှပ်ကပ် လုပ်ပေးလိုက်ခြင်းပင် ဖြစ်မည်။

 

စစ်ဗိုလ်ချုပ်များ ထိုမျှ အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရခြင်း နှင့် အာဆီယံ အတွင်း အကွဲအပြဲများသည် ဖုံးဖိ၍ မရတော့ဘဲ ထွက်ပေါ်လာခဲ့လေသည်။

 

လူထု၏ အုံကြွ တွန်းလှန်မှု ကြီး အား မည်သို့မျှ အထောက်အပံ့ပေးရန် စိတ်ကူးထဲပင် မထည့်ခဲ့သည့် အဖွဲ့ ကြီးသည် တဖြေးဖြေး နှင့် မဆီမဆိုင် ဘဝသို့ သက်ဆင်းသွားရပေတော့မည်။ မည်သို့မျှ အထောက်အပံ့ မပေးဟု ဆိုသော်လည်း စစ်အာဏာသိမ်း အဖွဲ့အား အသိမမှတ် မပြု တင်းခံနေသည့် အတွက် မည်သို့မျှ နိုင်ငံတကာ အလယ်တွင် မဝင်ဆန့် ဖြစ်လာနေရသည့် ကျေးဇူးတော့ ရှိသည်ဟု ဆိုရမည်။

 

ထို့အတွက် စစ်ကောင်စီသည် အာဆီယံ နောက်ဖေးပေါက်မှ တဆင့် ဝင်တိုးရန် ကြိုးပမ်းလာသော်လည်း အာဆီယံ၏ အဓိက အကျိုးတူ နိုင်ငံများ ဖြစ်သော အဖွဲ့ဝင် ၂၇ နိုင်ငံ ပါသည့် အီးယူ မှ စစ်အာဏာသိမ်း အဖွဲ့ကို မည်သည့်နည်းနှင့်မျှ အသိအမှတ် မပြုနိုင်ကြောင်း ပြတ်ပြတ်သားသား ပင် ထုတ်ပြောလာခဲ့ပြီ ဖြစ်သည်။ အီးယူ နှင့် နောက်ထပ် ပြဿနာ ဖြစ်လာရသည်က မြန်မာသည် အာဆီယံ - အီးယူ ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေး ဖက်ဆိုင်ရာ ဆက်ဆံရေး အတွက် ပေါင်းကူးပေးရမည့် တာဝန်ခံ ရာထူးကို အလှည့်ကျ ထမ်းဆောင် ရဖို့ ဖြစ်လာသဖြင့် ပျက်လုံးကြီးသဖွယ် ဖြစ်လာရပြန်သည်။ အီးယူ နိုင်ငံခြားရေး တာဝန်ခံ အကြီးအကဲ မှ “ဒီပြဿနာကို ခင်ဗျား တို့ အရင် ရှင်းဦး” ဟု ပြောသွားခဲ့သည်။ လက်ရှိတွင် ထိုတာဝန်အား ဖိလစ်ပိုင်မှ တာဝန် ယူထားရသည်။

 

မြန်မာကို ကျော်၍ ထိုတာဝန်အား နောက်နှစ်တွင် ဥက္ကဌ ဖြစ်လာမည့် လာအို ထံ ရောက်လာဖို့ ရှိနေသည်ဟု သတင်းများက ဆိုသည်။

 

ဂျပန် နှင့် တောင်ကိုရီယား တို့မှ မြန်မာ အား တရုတ်ရင်ခွင်ထဲ ရောက်လာမည့် အရေးကို စိုးရွံ့နေဟန် ရှိသည်ဟု ဆိုသည်။ သို့သော် အာဆီယံ မှ စစ်အာဏာသိမ်း အဖွဲ့ကို တံခါး လှပ်ပေးလိုက်ရုံဖြင့် တရုတ်မှ မင်းအောင်လှိုင်ကို ကော်ဇော်နီ ခင်းကာ ကြိုဖို့ ဝန်မလေး ဖြစ်လာမည့် အရေး အလေးအနက် စဉ်းစားဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

လက်ရှိ တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့ အတွက် လွန်စွာ အရေးကြီးနေသော တောင်တရုတ် ပင်လယ် အငြင်းပွားမှု နှင့် အဖွဲ့ကြီး၏ ဂုဏ်သိက္ခာ အတွက် မြန်မာ ပြဿနာ ဖြေရှင်းရေး များသည် နောက်တနှစ်တွင် တရုတ် ဩဇာသက်ရောက်နေသည့် လာအို လက်ထဲ ရောက်သွားလျှင် အဖွဲ့ကြီးသည် ရေစုံမျောသွားဖို့သာ ရှိပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!