ကုလ မှ နောက်ထပ် စစ်ရာဇဝတ်မှု ထပ်တိုး/ ကရိုနီ အလှု၊ တရုတ်ယာဉ်တန်း ပစ်ခတ်မှု

by Hla Soewai - Jul 04 2023

ယခုတကြိမ်တွင်တော့ မြန်မာ အာဏာသိမ်း အဖွဲ့သည် လူသားတို့၏ အသက် ကယ်တင်နိုင်မည့် အကူအညီများအပေါ် ကန့်သတ် ချုပ်ချယ်မှု များ တိုးမြှင့်လာနေ၍ ငတ်မွတ် ခေါင်းပါးမှု များ တစုတဝေးတည်း ဖြစ်ရန် ရည်ရွယ်ချက် ရှိရှိ ဒဏ်ခတ်မှု သည် စစ်ရာ‌‌ဇဝတ်မှု ကျုးလွန်ခြင်း ဖြစ်သည်ဟု ကုလ လူ့အခွင့်အရေး အဖွဲ့အကြီးအကဲ ဗော်လကာ တပ်ခ် ၏ အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။

 

စစ်ကောင်စီ၏ စစ်သားများသည် ဆေးပေးခန်းများ အား ပစ်မှတ်ထားလာခြင်း၊ ကုန်စုံဆိုင်များကို မီးတင်ရှို့ခြင်း၊ ရေတွင်းများကို ဖျက်ဆီးပစ်ခြင်း၊ တိမ်းရှောင် သွားရာမှ မိမိတို့ ရွာများသို့ လယ်လုပ်ရန် ပြန်လာသည့် အဖွဲ့ သုံးဖွဲ့ကိုပါ သတ်ဖြတ်ခဲ့ကြသည်ဟု လည်း ပါရှိသည်။

 

အာဏာ သိမ်းပြီးချိန်မှစ၍ ကယ်ဆယ်ရေး ဝန်ထမ်း အယောက် ၄၀ သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင်လည်း ကယ်ဆယ် ထောက်ပံ့သူများသည် ဖမ်းဆီးခံရမည့် အန္တရာယ်များ ရှိနေသည့်အပြင် နည်းမျိုးစုံ ဖြင့် နှောက်ယှက်ခြင်း၊ အနိုင်ကျင့်ခြင်းတို့ ကို ခံနေရကြောင်း ကုလ လူ့အခွင့်အရေး အဖွဲ့ ပြောခွင့်ရ ရာဗီနာ ရှန်ဒါဆာနီက မီဒီယာ များအား ရှင်းလင်းရာတွင် ထည့်သွင်းပြောဆိုသွားခဲ့ပြန်သည်။

 

မြန်မာရှိ ကုလ အသင်းခေါင်းဆောင်မှ စစ်တပ်သည် လူထု အား အကြောက်တရား ဥတု ဖန်တီးပြီး တော်လှန်ရေး အဖွဲ့များ အား ကူညီပေးမည့် အရေးအား ဟန့်တားခြင်း နှင့် ကြောက်လန့် တကြား ဖြစ်လာသော လူထုသည် ၎င်းတို့အား တိုင်းပြည် အုပ်ချုပ်သူများ အဖြစ် လက်ခံလာအောင် အတင်းအဓမ္မ လုပ်နေခြင်းသာ ဖြစ်သည်ဟု ထပ်မံ ရှင်းလင်းခဲ့ပြန်သည်။

 

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေစဉ် အတွင်း လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးခြင်းအား ရည်ရွယ်ချက် ရှိရှိ နှောက်ယှက်ခြင်း၊ ငြင်းပယ်ခြင်း များသည် စစ်ရာဇဝတ်မှူ မြောက်သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားပြီး မြန်မာ၏ အနေအထားသည် "လွန်စွာ ထိတ်လန့်စရာ ကောင်းသည့် အဆင့်" ရောက်နေပြီဟုလည်း ဆိုသည်။

 

ကုလ သည် ထိုသို့ လူမဆန်သည့် လုပ်ရပ်များအား ချပြပြောဆိုနေခြင်းသည် ၎င်းတို့အနေဖြင့် နိုင်ငံကြီး ငါးနိုင်ငံ၏ သဘောထားကို ကျော်လွန်၍ မည်သို့မျှ မတတ်နိုင် ဖြစ်နေသည်ကို ထုတ်ဖေါ်ဝန်ခံသလို ဖြစ်လာနေသည်။

 

ကုလ သမဂ္ဂ မှတ်တမ်းများအရ ယခု အချိန်အထိစစ်တပ်နှင့် ၎င်းတို့၏ အပေါင်းအပါများ လက်ချက်ဖြင့် လူပေါင်း ၃,၄၅၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၁,၈၀၇ ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

 

ကုလ သမဂ္ဂ မှတ်တမ်း မှတ်ရာများသည် သမိုင်းဝင် အထောက်အထားများ ဖြစ်၍ မည်သို့မျှ ငြင်းဆို ပြောင်းလဲ၍ ရတော့မည် မဟုတ်ပေ။

 

ခရိုနီ အလှု

*********

 

ဇွန်လ ၁၂ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များ ‌ဆိုင်ရာ မဟာမင်းကြီး ရုံးမှ မြန်မာ နိုင်ငံ တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူ ပေါင်း ၁.၈ သန်း ရှိလာ‌နေပြီဟု စာရင်းထုတ်ပြန်လိုက်ချိန်တွင် ၁၀၁ ပါးသော ကရိုနီ သူဌေးကြီးများသည် နေပြည်တော်သို့ စုရုံးရောက်ရှိလာကြပြီး မင်းအောင်လှိုင် လက်ထဲသို့ အလှုငွေများ ပေးအပ်ခဲ့ကြသည်။

 

ထိုအလှုငွေများသည် အတိဒုက္ခရောက်နေသော ၁.၈ သန်းသော ပြည်သူများ အတွက်‌ တော့ မဟုတ်၊ မင်းအောင်လှိုင် တည်ဆောက်မည့် ဉာဏ်‌ တော် ၁၇ မီတာ မြင့် မဟာ ဝိဇယ ဟု အမည် ပေးထားသော ဗုဒ္ဓ ရုပ်ပွားတော်ကြီး အတွက် စုစုပေါင်း ‌ဒေါ်လာ ၇.၅ သန်းအား မင်းအောင်လှိုင် လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးကမ်းသွားသည် ဟု မြန်မာနောင်း သတင်းတွင် ပါရှိလာသည်။

 

ထိုအထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ အား သုံးနှစ် အတွင်း ဒေါ်လာ ငါးသိန်းခွဲ ခန့် ပေးခဲ့ရသည် ဟု ထွက်ဆိုခဲ့သည့် မောင်ဝိတ် လည်း ပါဝင်နေသည်။ မောင်ဝိတ်သည် နောက်ပိုင်း တရားခွင်တွင် အလှုငွေ ထည့်ဝင်ခြင်းသာ ဖြစ်သည်ဟု ဆိုပြန်သည်။ သို့သော် မောင်ဝိတ်၏ အလှုငွေအား လက်ခံခဲ့သည် ဆိုသော အမှု အတွက် နိုင်ငံတော် အတိုင်ပင်ခံအား ထောင်သုံးနှစ် အပြစ်ပေးလာခဲ့သည်။

 

မောင်ဝိတ်သည် ၂၀၀၈ တွင် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှု ဖြင့် ထောင် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး ဦးသိန်းစိန် လက်ထက် ၂၀၁၄ တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

 

မောင်ဝိတ်သည် ထောင်မှ ထွက်ထွက်ခြင်း မုတ်ဆိတ် ဗလပျစ် နှင့် ဖြစ်နေသော်လည်း နောက်တနေ့ တွင် ‌နတ်ရေကန်ထဲ က တက်လာသည့် အလား သန့်ရှင်း သပ်ရပ်စွာဖြင့် နေပြည်တော် တွင် တွေ့လာရပြီး ၁၀၁ ပါးသော ကရိုနီ ကြီးများ နှင့် ပေါင်းကာ မင်းအောင်လှိုင်၏ ဘုရားတည်မည့် အလုပ် အတွက် ငွေကြေး ထည့်ဝင်သွားခြင်းပင် ဖြစ်သည်၊ ဤသည်ကိုလည်း စစ်ကောင်စီ မှ ဖုံးကွယ်ခြင်း အလျင်းမရှိပဲ ဂုဏ်ယူဝင့်ကြွားစွာ ဖေါ်ပြလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့မှ အညိုးတကြီး ဖြင့် အာဏာသိမ်းသည့် ညမှပင် ဖမ်းဆီးခံခဲ့ရသော ဆရာတော် အရှင် သောဘိတ သည် လွတ်ရက်စေ့သော်လည်း ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ခန့် ရှိနေပြီ ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ ထောင်သတင်း ရပ်ကွက်များ အဆိုအရ ထောင်ထဲတွင်လည်း ရှိမနေဟု သိရသည်။

 

ထိုအဖြစ်များကို ကြည့်က တရားဥပဒေသည် ၎င်းတို့ ပါးစပ်ဖျားတွင်သာ ရှိနေသည်ကို အထင်အရှား တွေ့လာရသည့် ပြယုဒ်တခုလည်း ဖြစ်နေသည်။

 

အာဆီယံ နှင့် တရုတ်ယာဉ်တန်း ပစ်ခတ်မှု

*****************

 

လာမည့် ဇူလိုင် ၁၀-၁၄ ရက်အတွင်း ဂျကာတာ တွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပရန် ရှိနေပြီး အမေရိကန်၊ တရုတ် နှင့် ရုရှား တို့လည်း တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။

 

ထုံးစံ အတိုင်း မြန်မာ အရေးသည် ထိပ်ဆုံး မှ ပါဝင်နေမည်သာ ဖြစ်သည်။ ယခုအခါလည်း ဘာမှ ထူးခြားမှု မရှိပဲ ပြီးဆုံးသွားမည်ဟု ယေဘုယျအားဖြင့် မျှော်လင့်ထားကြပြီး ဖြစ်သော်လည်း ပြောင်းလဲလာသော အခြေအနေများအရ စောင့်ကြည့်ရမည့် အစည်းအဝေး တခုပင် ဖြစ်သည်။

 

ပြီးခဲ့သည့် အာဆီယံ အစည်းအဝေး လုပ်ခါနီးတွင် စင်္ကာပူ နှင့် အင်ဒိုနီရှား သံတမန်များ လိုက်ပါလာသည့် ယာဉ်တန်းအား ပစ်ခတ်ခံခဲ့ရသလို ယခု အခါ ကချင်ပြည်နယ် အတွင်း တရုတ် ကောင်စစ်ဝန် ပါ ယာဉ်တန်းအား အင်္ဂါနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိုလုပ်ရပ်အပေါ် ကချင်လွတ်လပ်ရေး တပ်တော်၏ လက်ချက် ဖြစ်သည်ဟု စစ်ကောင်စီမှ အပြစ်ပုံချလာပြန်သည်။

 

ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် 7star ကနဦး သတင်းအား ကိုးကားပြီး ဧရာဝတီက ဖေါ်ပြရာတွင်လီဆူး အမျိုးသား ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ရွှေမင်း ဦးဆောင်သည့် ဒေသခံ ပြည်သူ့စစ် အဖွဲ့မှ လက်နက်ငယ်များ နှင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်ကောင်စစ်ဝန်သည် မြစ်ကြီးနား တွင် တည်‌ ဆောက်နေသော နမ်ဂျင်း စီးပွားရေး ဇုံ စီမံကိန်း အကောင်အထည် ဖေါ်ရေး ဆွေးနွေးပွဲသို့ အသွားတွင် ယခုလို ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

တရုတ်ကောင်စစ်ဝန်သည် အစည်းအဝေးကို ဖျက်သိမ်းလိုက်သည်ဟု 7star တွင် ဖေါ်ပြထားသည်။

 

တရုတ် ကောင်စစ်ဝန် ယာဉ်တန်းတွင် ပါလာသည့် သတင်းကို အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်း ကမူ ငြင်းဆိုလိုက်ပြီး တရုတ် စစ်တပ်မှ ကိုယ်စားလှယ် များ ဖြစ်ပြီး စစ်ဖက်ရေးရာ နှင့် နယ်ခြားလုံခြုံရေး ကိစ္စများ ‌ဆွေးနွေးရန် ရောက်လာခြင်း ဖြစ်သည်၊ ၎င်းတို့အား စစ်တပ်နှင့် နယ်ခြားစောင့်တပ်များက လုံခြုံရေး ယူပေးခဲ့သည်ဟု ဆိုသည်။

 

မြစ်ကြီးနား အသွားလမ်း ပေါ်ရှိ ခမ္မတီး နှင့် ၁၃ ကီလိုမီတာ အကွာတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ထိခိုက်ဒဏ်ရာရမှု မရှိပဲ ကေအိုင်အေ လက်ချက် ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ပြီး ဖြစ်သည်ဟု ဇော်မင်းထွန်း က ဆိုသည်။

 

စစ်ကောင်စီသည် နောက်ပိုင်းတွင် ထိုသို့ နိုင်ငံတကာ အစည်းအဝေး လုပ်ရန် ရှိနေပါက ၎င်းတို့ ကျုးလွန်ခဲ့သည်များအား သက်သာရာ ရရာ ရကြောင်း တော်လှန်ရေး အဖွဲ့များအား "အကြမ်းဖက်သမားများ" အဖြစ် ထင်မြင်လာစေရန် ကြိုးပမ်းလာပုံ ရှိသည်။

 

နိုင်ငံ ခေါင်းဆောင်တယောက်၏ အကြီးမားဆုံး တာဝန်သည် နိုင်ငံ လုံခြုံရေး အာမခံရန်ပင် ဖြစ်သည်။ သို့သော် သူရှိရာ နေပြည်တော်သို့ လာရောက်ခိုလှုံနေသူ အရည်အတွက် တနေ့တခြားများသည်ထက် များလာခြင်း၊ ယူနီဖောင်း ဝတ်၍ အပြင်မထွက်ရဲ ဖြစ်လာနေခြင်း များကို ကြည့်မည်ဆိုက ထိုတာဝန်ကိုပင် နှစ်နှစ်ခွဲ ကာလအတွင်း မထမ်း ရွက်နိုင် ဖြစ်လာသည်မှာ မည်သို့မျှ ငြင်းမရအောင် ဖြစ်လာနေ‌ပြီ ဖြစ်သည်။

 

ယခုလည်း မြင့်‌ ဆွေ ကို ခေါ်ခေါ်ပြီး သက်တမ်းတိုးခိုင်းနေသည့် အရေးပေါ် အခြေအနေဆိုသည်မှာ ခြောက်လ ပြည့်တော့မည် ဖြစ်သည်။ ဒီပုံအတိုင်းဆိုက မြင့်‌ ဆွေ အဖို့ ငါမသေမချင်း တိုးပေးနေရ‌ တော့မှာလား ဟု တွေးနေလောက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - Irrawaddy/ Myanmar Now/ REUTERS/ The Straits Times