ရှတ်ပါဗီးလ် အရေးအခင်းကြီးကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး ဆိုသည့် စီဒီအမ် လှုပ်ရှားမှုသည် သွေးထွက်သံယို အဖြစ်သို့သာ ဦးတည်နေသည် ဆိုသည်ကို မင်ဒဲလား အပါအဝင် အတော်များများက သဘောပေါက်သွား ခဲ့ကြသည်။
အပါသိုက် စနစ် ကို စိန်ခေါ်မည့် အမျိုးသား၊ အမျိုး သမီး မှန်သမျှ ဒီထက်ပို၍ ပြောင်းလဲပစ် နိုင်စွမ်း ရှိမည့် နည်းလမ်းမျိုး သုံးဖို့ လိုအပ်လာပြီ ဖြစ်သည်။ ဤသည်ကို တွက်ဆမိလာသော လူဖြူ အစိုးရသည် အရေး ပေါ် အခြေအနေကို ကျေညာခဲ့သည်။ ထို့ပြင် အာဖရိကန် အမျိုးသား ကွန်ဂရက် ANC နှင့် အာဖရိက လုံးဆိုင်ရာ ကွန်ဂရက် PAC နှစ်ဖွဲ့စလုံးကို မတရားသင်း အဖြစ် သတ်မှတ်လိုက်သည်။ နိုင်ငံ အနှံ့ လူထောင်ပေါင်းများစွာ အဖမ်းခံခဲ့ရသည်။
ထိုအချိန်တွင် တောင်အာဖရိကသည် ဗြိတိသျှ တို့ထံ အကြွင်းမဲ့ လွတ်လပ်ရေး ရရန် နီးကပ်လာနေပြီ ဖြစ်သည်။ ဗြိတိသျှဓနသဟာရ အဖွဲ့ နှင့် ဗြိတိသျှ ဘုရင်မကြီးအား နိုင်ငံဥလျှောင် အဖြစ် ထားရှိနေရသည့် အဖြစ်မှ ရုန်းထွက်နိုင်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။
ထိုအချိန်တွင် အာဖရိကတိုက်တွင် အမျိုးသားရေး နှင့် ကိုလိုနီ ဆန့်ကျင်ရေး မီးရှုးတိုင်ကြီးအား သူ့ထက်ငါ အပြိုင်အဆိုင် ထွန်းညှိနေကြပြီ ဖြစ်၍ တောင်အာဖရိက လွတ်လပ်ရေး အား လူထု ဆန္ဒခံယူပွဲ ပုံစံ ဖြင့် ပေးရန် စီစဉ်လာကြသည်။ နယ်ဆင် မင်ဒဲလား နှင့် ခေါင်းဆောင်များက တောင်အာဖရိက လူဦးရေ၏ ၇၀ ရာနှုန်းသည် မဲပေးခွင့် မရဆိုသည့် အဖြစ်ကို ထောက်ပြလာခဲ့ကြသည်။
ခေါင်းဆောင် အများအပြားလည်း ဖမ်းဆီးခံရမည့် အရေးကြောင့် တိမ်းရှောင်နေကြသော်လည်း ၁၉၆၁ တွင် တောင်အာဖရိက သမ္မတ နိုင်ငံ သစ် ကျေညာချိန် နှင့် ကိုက်ပြီး အလုပ်ခွင် အား သပိတ်မှောက်ရေး အစီအစဉ် များကို ရေးဆွဲ ပြင်ဆင်နေကြသည်။ ထိုသတင်းအစအန ရလာသော လူဖြူ အစိုးရသည် လက်နက်ကိုင် တပ်များကို လူမည်းများ နေရာ မြို့နယ်များသို့ စေလွှတ်ကာ မပါဝင်ကြဖို့ ခြိမ်းချောက်လာကြသည်။
ထို့သို့ အနိုင်ကျင့်လာသည့် အတွက် မင်ဒဲလား နှင့် ခေါင်းဆောင်များသည် ANC နှင့် မပတ်သက်သည့် လက်နက်ကိုင် အဖွဲ့အစည်း တခု တည်ထောင်မှ ဖြစ်တော့မည် ဆိုသည်ကို သဘောတူလာပြီ ဖြစ်သည်။ ဤသို့ဖြင့် "နိုင်ငံ၏ လှံသွား" Spear of the Nation ဆိုသည့် လက်နက်ကိုင် အဖွဲ့ ကို ဖွဲ့စည်းခဲ့ကြသည်။
"မိမိတို့ မှ ကန့်ကွက်ကြောင်း ဥပဒေ ဘောင် အတွင်းရှိ နည်းလမ်းပေါင်းစုံ ကို ကျင့်သုံးလာသည်ကိုပင် ဥပဒေများ ထပ်မံပြဋ္ဌာန်းပြီး ပိတ်ပင်ခြင်း ခံခဲ့ကြရပြီ ဖြစ်သည်။ မိမိတို့ အနေဖြင့် ရွေးချယ်စရာ တခုသာ ကျန်တော့သည်၊ ဤသည်ကား "ဓါးမ နောက်ပိတ်ခွေး ဘဝဖြင့် အမြဲလို နေသွားကြမည်လား သို့တည်း မဟုတ် "အစိုးရ အား အာခံ တွန်းလှန်ကြမည်လား"၊ အားလုံးက ဒုတိယ ကို ရွေးချယ်လိုက်ကြသည်။
သို့သော် လူအသက် အန္တရာယ် ထိခိုက်မည့် အရေးကို ရှောင်ရှားပြီး စီးပွားရေး ပစ်မှတ်များကိုသာ တိုက်ခိုက်ရန် စီစဉ် နေဆဲပင် ဖြစ်သည်။ ထိုသို့ စက်မှုလုပ်ငန်းများ၊ ဘဏ္ဍာရေး အရ အချက်အခြာ ကျသည့် လုပ်ငန်းများကို တိုက်ခိုက်ခြင်းဖြင့် ပြည်ပမှ လာရောက် ရင်းနှီး မမြုပ်နှံရဲအောင် ချောက်လှန့်သည့် သဘောပင် ဖြစ်သည်၊ ထိုအခါတွင် ၎င်းတို့ ဘဏ္ဍာငွေများ ယိုစီးလာသည် အမျှ အစိုးရသည် မဖြစ်မနေ စေ့ဆပ်ညှိနှိုင်း ပြီး အပေးအယူ လုပ်လာရတော့မည် ဖြစ်သည်ဟု မင်ဒဲလားက ရှင်းပြခဲ့သည်။
ထိုသို့ မဟုတ်ပဲ တောင်အာဖရိက အစိုးရမှ မိမိတို့၏ နိုင်ငံလှံသွား အဖွဲ့ကို အုံနှင့်ကျင်းနှင့် နှိမ်နှင်းလာမည်ဆိုက တကမ္ဘာလုံး၏ စာနာမှု ကို မိမိတို့ ရရှိလာမည်သာ ဖြစ်ပြီး အပါသိုက် အစိုးရ အပေါ် ဖိအားများ ပေးသည်ထက် ပေးလာကြမည်သာ ဖြစ်သည်ဟု ဆိုသည်။
ဤသို့ဖြင့် နိုင်ငံ၏ လှံသွား တော်လှန်ရေး အင်အားစုများသည် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ တွင် စတင် တိုက်ခိုက်လာခဲ့ကြသည်၊ နိုင်ငံတွင်းရှိ လျပ်စစ်ဓါတ်အားပေး စခန်းများ၊ ဓါတ်အားပေးလိုင်းများ၊ လူမရှိသည့် အစိုးရ အဆောက်အအုံများကို ဖေါက်ခွဲ ဖျက်ဆီးခဲ့ကြသည်။ နောက်ဆယ်စု နှစ်များ အတွင်း တွင်လည်း ထိုကဲ့သို့ပင် ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။ လူဖြူ များ ထိခိုက်သေဆုံးမှုများသည် မဆိုသလောက်သာ ရှိခဲ့သည်။
သို့သော် ငြားလည်း တောင်အာဖရိက အစိုးရသည် သံသယရှိသူ မည်သူကို မဆို ရုံးတင်တရားစွဲဆိုစရာ မလိုပဲ ရက်ပေါင်း ၉၀ အထိ ဖမ်းဆီးချုပ်နှောင်ပိုင်ခွင့် ရှိသည် ဆိုသော ဥပဒေကို ထုတ်ပြန်လာခဲ့သည်။ ဖေါက်ခွဲမှု ကျုးလွန်ခြင်း အား သေဒဏ် အပြစ်ပေး နိုင်သည့် ရာဇဝတ်မှု အဖြစ် ပါ သတ်မှတ်ခဲ့သည်။
အန္တရာယ်များ နှင့် ရှေ့လျောက် ရင်ဆိုင်လာရတော့မည်ကို ရိပ်စားမိလာသော မင်ဒဲလားသည် လူမည်း တောင်အာဖရိက နိုင်ငံသားများအား မိမိကိုယ် မိမိ ကာကွယ် နိုင်ရန် စစ်သင်တန်းများ ပေးဖို့ လိုလာပြီဟု ဆုံးဖြတ်လိုက်သည်။ မင်ဒဲလားသည် နိုင်ငံတွင်းမှ ခိုးထွက်ပြီး အာဖရိကနိုင်ငံ အများအပြားသို့ သွားရောက်ခဲ့သည်။ ထိုနိုင်ငံများရှိ အစိုးရများနှင့် မဟာမိတ် ဖွဲ့ပြီး ဘဏ္ဍာရေး အကူအညီများ ရရန် ပါ ကြိုးစားလာခဲ့သည်။ မော်ရိုကိုရှိ အယ်ဂျီရီယား အမျိုးသား လွတ်မြောက်ရေး တပ်ဦး တွင် စစ်သင်တန်းကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက် သင်ကြားခဲ့သည်။
မင်ဒဲလားသည် တော်လှန်ရေး ဆင်နွှဲရန် အဆင့် လေးဆင့် ရှိနေသည်ဟု ယုံကြည်ခဲ့သည်။ ပထမ အဆင့်သည် ဖေါက်ခွဲဖျက်ဆီးရေး၊ ဒုတိယ ပျောက်ကြား စစ် ဆင်နွှဲရေး ဖြစ်သည်၊ တောင်အာဖရိက တွင် ထို နှစ်ဆင့် သည် အခိုင်အမာ နေရာယူထားပြီး ဖြစ်၍ နောက်ဆုံး နှစ်ဆင့် ဖြစ်သော အကြမ်းဖက်ဝါဒ၊ ဗြောင်ကျကျ လက်နက်ကိုင် ပုန်ကန်မှု မျိုး open revolution အထိ သွားရန် အစီအစဉ် မရှိဟု ပြောလာခဲ့သည်။