ခေါင်းဆောင်တော့ ခေါင်းဆောင်

by Hla Soewai - Jul 04 2023

အာဆီယံ အစည်းအဝေး လုပ်ကာနီးတိုင်း ပြည်ပ သံတမန်များ ပါ ယာဉ်တန်း တိုက်ခိုက်ခံလာရသည် မှာ နှစ်ကြိမ် ရှိသွားခဲ့ပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် ထုံးတမ်းစဉ်လာ နှင့် အညီ တော်လှန်ရေး အင်အားစု များ အား အပြစ်ဖို့လာခဲ့သည်။

 

သို့သော် ယခုလို ဖြစ်ရပ်များ ဖန်တီးခြင်းဖြင့် မင်းအောင်လှိုင် အဖို့ အကျိုးယုတ်ဖို့ ဖြစ်လာရသည်ကနိုင်ငံအား တည်ငြိမ်အောင် ထိန်းထားနိုင်သည် ဆိုသော ဟန်ဆောင် မျက်နှာဖုံး ကွာကျသွားခဲ့ပြီ ဖြစ်သည်။

 

နှစ်နှစ်ခွဲ ကျော်လာပြီ ဖြစ်သော်လည်း နိုင်ငံ တိုးတက်ရေး အတွက် ဘာတခု မှ မယ်မယ်ရရ လုပ်မပြနိုင်၊ စက်ရုံ အသစ်၊ ယုတ်စွ အဆုံး တံတား တစင်းပင် မဆောက်နိုင်၊ နျုကလီယား၊ လျပ်စစ်ကားရထား များ နှင့် ရွာလည် နေပြီ ဖြစ်သည်။ သူ ပြောဆိုနေသည်များက "သင်သာ နိုင်ငံ ခေါင်းဆောင် ဖြစ်ခဲ့လျှင်" ဆိုသော ခေါင်းစဉ် ဖြင့် အထက်တန်းကျောင်းသား တယောက် ရေးမည့် စာစီစာကုံး တခုထက် မပိုပေ။

 

မောင်ဝိတ်အား ဒီနေ့ ထောင်ကလွှတ် နောက်တနေ့မှာပင် စင်ပေါ်တက်ပြီး အလှုငွေကို သူကိုယ်တိုင် လက်ခံ၊ တိုးတိုးတိတ်တိတ်ပင် မဟုတ်ပဲ လူသိရှင်ကြား ကျေညာ သည်ကပင် မည်မျှ အထိ အတွေးအခေါ် ညံ့ဖျင်းလှကြောင်း သိသာနေပေသည်။ ထိုကဲ့သို့ သော ခေါင်းဆောင် အောက်တွင် လုပ်ရင်းကိုင်ရင်း တဖြုတ်ဖြုတ် နှင့် အသက်ပေးနေကြရသည့် အဖြစ်သည် သားသတ်ရုံ ထဲသို့ မောင်းသွင်းခံနေရသော နွားများ လို ဘာမှန်း မသိ လိုက်ပါနေကြသည် နှင့် အတူတူ ဖြစ်နေသည် ကိုကြည့်၍ မည်သို့မျ နားမလည်နိုင်အောင် ဖြစ်လာနေသည်။

 

နိုင်ငံတကာ အဖို့ ကတော့ ၎င်း၏ အာဏာသိမ်းမှုသည် တည်ရှိပြီးသား အခြေအနေကို ဖျက်လို ဖျက်ဆီး လုပ်မှု blunder အဖြစ်သာ ရှုမြင်လာကြပြီ ဖြစ်သည်။

 

ထိုသို့ အမြင်ခံရမည်ကို မင်းအောင်လှိုင် အဖို့ အထိတ်လန့်ဆုံး ပင် ဖြစ်သည်။ လက်ရှိတွင် ပူတင်သည် သူ့ အား ချီချင် ‌စစ်ခေါင်းဆောင် ရမ်ဇမ် ကေးဒရက်ဗ် လို သဘောထား ဆက်ဆံနေပြီး အရှေ့တောင်အာရှ အတွက် "foot soldier" သာသာ အဆင့်မျိုး နှင့် ကြိုးရှည်ရှည် လှန်ထားခံရသည့် အဆင့်သာ ရှိသည်။ (ရမ်ဇမ် ကေးဒရက်ဗ် ပင် ပူတင် နှင့် နှစ်ကိုယ်ကြား ‌ဆွေးနွေးနိုင်စွမ်း ရှိသေးသည် - စကားချပ်)

 

တရုတ်ကလည်း တိုင်းပြည်ကို အမဲဖျက်ဖို့ ချောင်းနေသူ မှန်း လည်း သူ သိထားသည်။ ထိုသို့ ချောင်းနေ၍ ထိုက်သင့်သမျှ သဘောရှိ လုပ်ခွင့်ပေးထားသော်လည်း သူ့အား သိက္ခာတင်ပေးသည့် အနေဖြင့် ဘီဂျင်းသို့ တခါလောက်တော့ ဖိတ်ခေါ်ပြီး ကော်‌ဇော်နီ ဖြင့် မကြိုသင့် ပေဘူးလော စိတ်ထဲက တနုံ့နုံ့ ဖြစ်နေပေမည်။

 

ကမ္ဘာတဝှမ်း တွင် တရုတ် နှင့် ရုရှား တို့ ထောက်ခံ မှု ပေးနေသည့် အာဏာရှင်များ ထဲတွင် မင်းအောင်လှိုင် အား ထောက်ခံမှု ပေးနေရခြင်းသည် ထို နှစ်နိုင်ငံ အတွက် နာမည် အပျက်ဆုံး ဖြစ်နေသည်၊ လူ့အခွင့်အရေး ချိုးဖောက်၍ အနောက်အုပ်စုက အာပေါက်အောင် ရှုတ် ချ သည်ကို ရုရှား နှင့် တရုတ်က ဂရုမစိုက်၊ သူတို့နှင့် ရေရှည် လက်တွဲဖို့က တိုင်းပြည် မတည်ငြိမ်သည့်တိုင် စီးပွားရေး အရ တိုးတက်ရာ တိုးတက်ကြောင်း လမ်း‌ ကြောင်း ဖေါ်ဆောင်နိုင်စွမ်း ရှိသူ ဖြစ်စေချင်သည်၊ သို့မှလည်း လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် အဖြစ်မှ နိုင်ငံ အကြီးအကဲ အ ဖြစ် တူတူတန်တန် ဆက်ဆံ၍ ရမည် ဖြစ်သည်။

 

ဤသည်ကို မင်းအောင်လှိုင်သည် ကောင်းစွာ ရိပ်စား ထားမိပြီး ဖြစ်၍ ဘာလုပ်ရမှန်း မသိ ဖြစ်‌နေသည်။ ဝန်ထမ်းဆိုသူများကတော့ ခွေးလာလာ ပွေးလာလာ လက်လေး ရှေ့ပစ်ကာ ခိုင်းသမျ လုပ်ကြရမည့်သူများသာ ဖြစ်၍ သူ့အား ထောက်ခံနေသူများဟု စာရင်းထဲ သွင်း၍ မရ၊ အပြင်လူများ ကြည့်ပြန်လည်း ဘာမှန်း ညာမှန်းမသိ၊ ရုရှား ကိုပင် ကမ္ဘာမြေပုံတွင် မှန်အောင် ထောက်ပြနိုင်စွမ်း မရှိသူများက ထောက်ခံနေယုံဖြင့် အဘယ်သို့ ကျေနပ်နေ၍ ဖြစ်မည်နည်း၊ အခြေအနေ မကောင်းတော့လျှင် ရက်စက်လှပါသည် ဆိုသော ဂက်စတာပို ပင် ဟစ်တလာကို ကယ်နိုင်စွမ်း မရှိတော့။ ကမ္ဘာက အာဏာကို တင်းပြည့်ကျပ်ပြေ့ ဆုပ်ကိုင်နိုင်သူကိုသာ တိုင်းပြည် ခေါင်းဆောင် တယောက် အဖြစ် အသိအမှတ် ပြု ဆက်ဆံမည်သာ ဖြစ်သည်။

 

သူ့ကိုယ်သူသာ မညှာတမ်း ပြန်ဝေဖန်ကြည့်မည် ဆိုက လက်ရှိတွင် ဝ ခေါင်းဆောင် အဆင့်ထက် မပိုဖြစ်နေသည်။ ဝ တွင်လည်း စစ်တပ်ရှိနေသည်၊ သူ့တွင်လည်း စစ်တပ် ရှိနေပြီး အုပ်ချုပ်ရသည့် အကျယ်အဝန်း၊ စစ်အင်အား သာနေသည်သာ ရှိသည်။

 

မင်းအောင်လှိုင်သည် နိုင်ငံကို ပြန်၍ ထိန်းချုပ်နိုင်စွမ်း ရှိသူ မဟုတ်တော့ သည်ကို စစ်ဗိုလ်ချုပ်များ၊ ခရိုနီ ခရိုပြာ များ အားလုံး သဘောပေါက်နေပြီ ဖြစ်သော်လည်း အစားထိုးဖို့ ရွေးချယ်စရာမရှိ၊ ရှိပြန်လည်း ဒီပုံအတိုင်း ဆက်သွားရမည် ဆိုက စစ်ရာဇဝတ်ကောင် ဘဝ ရောက်ရတော့မည် ဖြစ်၍ သူ့အရှုပ်ထုတ်ကြီးအား မည်သူမျှ ဝန်မထမ်းချင် ကြ။

 

လက်ရှိတွင် မင်းအောင်လှိုင် ကြောင့် စီးပွားရေး၊ မိသားစု အသက်အိုးအိမ် စည်းစိမ် ထိခိုက်လာနေသည့် အရေးကြောင့် ၎င်းတို့ အချင်းချင်း ကြားမှပင်ရန်သူများ ပေါများလာနေပြီ ဖြစ်သည်။

 

သူ၏ လက်ရှိ စစ်နိုင်ရေး မဟာဗျုဟာ သည် လူထု အား အကြောက်တရား များ ဖန်တီးကာ ပြည်သူတော်လှန်ရေး အင်အားစုများ ထီးထီးကြီး ကျန်နေသည့် အထိ စိတ်ရှည်လက်ရှည် စောင့်နေရန်၊ ပြီးလျှင် အချိန်တို အတွင်း ကောက်သင်း ကောက်သလို နှိမ်နှင်းသွားရန် ဟူ၍ ဖြစ်သည်။

 

ထို့အတွက်ကြောင့်လည်း PDF များ မရှိမှန်း သိလျက် နှင့် ရွာများကို ဗုံးကြဲခြင်း၊ မီးရှို့ခြင်း၊ ပန်းပန်သူ၊ ပရိုဖိုင်း အနက် ‌တင်သူများ၊ ကွန်မန့်ရေးသူများ အား ဖမ်းဆီးခြင်း များ ပြုလုပ်နေခြင်း ပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် BURMA ACT ဖြင့် ချပေးရန် ရှိသည့် ရံပုံငွေများ ထဲမှ အမေရိကန် လူထု အကြား media campaign တခု ဆင်နွှဲရန် PR (Public Relations) ကုမ္ပဏီ တခု ငှားနိုင်မည် ဆိုက လွန်စွာ အကျိူး ရှိမည် ထင်ပါသည်။ ထို ကဲ့သို့သော ကုမ္ပဏီများက တီဗီ၊ သတင်းစာ၊ ရေဒီယို စကားဝိုင်းများ တွင် NUG အတွက် အင်တာဗျုးများ ဖြစ်လာအောင် လုပ်ပေးကြမည်သာ ဖြစ်သည်။ ထိုအခါ တွင် တော့ မိမိတို့ နိုင်ငံတွင်း စစ်ခေါင်းဆောင်များ၏ လက်နက်အားကိုး ဖြင့် ဗိုလ်ကျ အနိုင်ကျင့် ခံနေရမှု များကို အမြဲလို ချပြ ပြောဆို နိုင်မည့် publicity ရရှိလာမည် ဖြစ်သည်။

 

ကွန်ဂရက်တွင် လော်ဘီ လုပ်ဖို့မဟုတ်ပဲ အမေရိကန် လူထု၏ အသိစိတ် conscience ကို နှိုးဆွ ပေးရန် အတွက်သာ ဖြစ်သည်။ ၎င်းတို့ အိပ်ယာသိူ့ အသီးသီး ဝင်သွားကြချိန်တွင် ကမ္ဘာ၏ ဒေါင့်တနေရာ တွင် နှိပ်စက်ညှင်းပမ်း၍ နိုင့်ထက်ကလူ အုပ်ချုပ်ခံနေ‌ရသော လူများ ရှိနေပြီး ထိုလူများသည် ရရာ လက်နက်စွဲကိုင်၍ တွန်းလှန်နေကြသည် ဆိုသည်ကို သဘောပေါက်လာအောင် လုပ်ခြင်းပင် ဖြစ်သည်။ ယခုထိ မြန်မာအရေး အပေါ် ကွန်ဂရက် ကြားနာ စစ်ဆေးပွဲပင် လုပ်ရန် ပေယျာလကံ ပြုနေဆဲ ဖြစ်သော အထက် နှင့် အောက်လွှတ်တော် အမတ်များလည်း နေသာသလို နေ၍ ရမည် မဟုတ်တော့။

 

အဘယ်ကြောင့် ယခုလို အကြံပေးရသနည်း ဆိုက ဆက်‌ဒမ် ဟူစိန် သည် ကူဝိတ်ကို ကျုးကျော် သိမ်းပိုက်လိုက်ချိန်တွင် ကူဝိတ် စော်ဘွားများက တဖက်မှ မီဒီယာ ကမ်ပိန်း ဖြင့် အမေရိကန် လူထုကို လှော်ပေးခဲ့ဖူးမှန်း ပြန် အမှတ်ရမိသောကြောင့် ဖြစ်သည်။ ထိုသို့ လုပ်လာမည်ကို ဘိုင်ဒင် အစိုးရ ဖက်က သဘောကျခြင်မှ ကျပေလိမ့်မည်။

 

NUG မှ ဒုတိယ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး အဖြစ် ရိုဟင်ဂျာ အရေး တက်ကြွ လှုပ်ရှားသူ ဦးအောင်ကျော်မိုးအား ခန့်အပ်လိုက်ခြင်းသည် လည်း ကြိုဆိုရမည့် သတင်းပင် ဖြစ်သည်။

 

နောက်ထပ် ကြိုဆိုရမည့် သတင်းကတော့ ကရင်နီ တော်လှန်ရေး အင်အားစုများမှ အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ် တစီး ကို အနိမ့်ပျံ နေစဉ် အတွင်း လေယာဉ်ပစ် အမြှောက်နှင့် မဟုတ်ပဲ လက်နက်ကြီးများ၊ မောင်းပြန်ရိုင်ဖယ် သေနတ်များ ဖြင့် အောင်မြင်စွာ ပစ်ချ နိုင်ခဲ့သည် ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်။

 

‌ပျက်ကျရာ နေရာသို့ ရဟတ်ယာဉ် ငါးစီး ဖြင့် ချက်ခြင်း ရောက်လာ၍ လေယာဉ် အမျိုးအစားကို ပြောနိုင်ခြင်း မရှိသေးဟုလည်း သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Cartoon credit - Original Creator via Twitter