ကြမ္မာဆိုးနှင့် ကြုံခဲ့ရသော ခေတ်သစ် အာဏာရှင်များ (၃)

by Hla Soewai - Jul 01 2023

ဖရန်စစ္စကို ဖရန်ကို

 

စပိန်သည် ဖက်ဆစ် အာဏာရှင် လက်အောက်တွင် ၁၉၇၅ အထိ ရှိနေခဲ့သည်ကို အမှတ်ရမိသူ နည်းပါးလှသည်။ ဒုတိယ ကမ္ဘာစ် မတိုင်မီ ကလေးတွင် ဖြစ်ပွားခဲ့သော စပိန် ပြည်တွင်းစစ်တွင် သမ္မတနိုင်ငံတော် တပ်များ ကို အနိုင်ရခဲ့ပြီးနောက် ထွက်ပေါ်လာသော စစ်ခေါင်းဆောင် ဖရန်ကိုသည် နာဇီ ဂျာမဏီ၊ ဖက်ဆစ် အီတလီ တပ်များ နှင့် ပူးပေါင်းပြီး ဘတ်စ် (Basque) မြို့တမြို့ ဖြစ်သော ဂါနီကာ မြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄၀၀ မှ ၁,၆၄၅ အကြား သေဆုံးသွားခဲ့ရသည်။

 

ဖရန်ကိုသည် ၁၉၃၉ မှ ၁၉၇၅ အကြား သူ၏ အုပ်ချုပ်နေစဉ် ကာလ အတွင်း ၎င်းအား နိုင်ငံရေးအရ ဆန့်ကျင်သူ ၃၀,၀၀၀ ခန့်သည် သူ၏ တိုက်ရိုက် အမိန့်ဖြင့် ကွပ်မျက်ခြင်း ခံခဲ့ရသည်။ သို့သော် ဖရန်ကိုသည် ထိုသို့ အပြစ်ကျုးလွန်မှု များ မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သူသည် ထိုသို့ ဥပဒေပြင်ပ သတ်ဖြတ်မှု များကို လည်ပင်းအား ဝိုင်ယာကြိုးဖြင့် ညှစ်၍ သတ်သည့်နည်းကို သဘောကျသူ ဖြစ်သည်။

 

နောက်တကြောင်းက စစ်အေး တိုက်ပွဲကာလ အတွင်း သူ၏ ရဲရဲတောက် ကွန်မြူနစ် ဆန့်ကျင်ရေး သဘောထား ကြောင့် အမေရိကန်မှ မသိချင်ယောင် ဆောင်ပေးခဲ့၍လည်း ဖြစ်သည်။

 

ဖရန်ကိုသည် ပါကင်ဆန် ဟု ခေါ်သော အကြောဆွဲ ရောဂါ စွဲကပ်လာပြီး နောက်ပိုင်းတွင် သတိမေ့မျောသွားသည့် အဖြစ် နှင့် ကြုံခဲ့ရပြီး အသက် ၈၂ နှစ် အရွယ် ၁၉၇၅ နိုဝင်ဘာ ၂၀ ရက်နေ့ တွင် ကွယ်လွန်သွားခဲ့သည်။ သို့သော် ဖရန်ကိုသည် နောင်တရသွား၍လော၊ သို့မဟုတ် သူမရှိတော့၍ ကိစ္စမရှိတော့ဟု ယူဆ၍ လော မသိ၊ စပိန်ဘုရင် စနစ်ကို ပြန်လည် သွတ်သွင်းပေးခဲ့ပြီး ဘုရင် ဂျွန် ကာလို့စ်အား နိုင်ငံ အကြီးအကဲ အဖြစ် တင်မြှောက်ကာ ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေး အတွက် လမ်းခင်း ပေးသွားခဲ့သည်။

 

ပိုပေါ့

 

ခမာနီ အဖွဲ့သည် ခေတ်သစ် ကမ္ဘာသမိုင်းတွင် လူသတ်မှု အကျုးလွန်ဆုံး နိုင်ငံရေး အဖွဲ့အစည်းလည်း ဖြစ်သည်။ ထိုအဖွဲ့ရှိ သွေးဆာနေသော မက်စ်ဝါဒီ များ သည် ခေတ်မီနည်းပညာ မှန်သမျှ ကို ဖြိုဖျက်ပစ်ပြီး သာယာချမ်းမြေ့သည် လယ်ယာ စိုက်ပျိုးရေး နိုင်ငံ အဖြစ် တည်ထောင်သွားရန် စိတ်ကူးယဉ်ခဲ့ကြသူ များ ဖြစ်သည်။

 

ထို့အတွက် ပညာတတ်များ၊ ကုန်သည်များ၊ ကျောင်းဆရာများ၊ မြို့နေလူများကို သတ်ဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် ပိုပေါ့ ခေါင်းဆောင်မှု အောက်တွင် ရှိခဲ့သော ၁၉၇၅-၇၉ အုပ်ချုပ်ရေး ကာလအတွင်း ကမ္ဘောဒီယား နိုင်ငံသား နှစ်သန်း ခန့် သေဆုံးသွားခဲ့ရသည်။

 

ပိုပေါ့သည် အကြမ်းဖက်လိုသည့် စိတ် လွှမ်းမိုးနေသည့် အပြင် အတွေးအခေါ်ပိုင်းတွင်လည်း နုံနဲ့လှသူ ဖြစ်၍ ပို၍ ကြောက်စရာ ကောင်းသူ တဦး ဖြစ်လာခဲ့သည်။

 

၁၉၇၉ တွင် မည်သို့မျှ စဉ်းစားဆင်ခြင် နိုင်ခြင်း မရှိပဲ ဗီယက်နမ် အား ဝင်ရောက်တိုက်ခိုက်လာခဲ့ရာမှ ဗီယက်နမ်၏ တန်ပြန် ထိုးစစ်ကြီး နှင့် ရင်ဆိုင်ခဲ့ရပြီး ပိုပေါ့ အစိုးရ ဖြုတ်ချခြင်း ခံခဲ့ရသည်။ ခမာနီ တပ်များလည်း အနောက်ပိုင်း ထိုင်းနယ်စပ်ရှိ တောတောင်များထဲသို့ ထွက်ပြေး ခိုလှုံသွားခဲ့ရသည်။

 

သို့သော် ပိုပေါ့ သည် နိုင်ငံရေး မျက်နှာစာ မှ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိပဲ ခမာနီ ခေါင်းဆောင် အဖြစ် ဆက်လက်ရပ်တည် နိုင်ခဲ့ရာမှ ၁၉၉၆ တွင် ခမာနီတပ်များ အတွင်း ပုန်ကန်မှု ဖြစ်လာပြီး သူ့အား အကျယ်ချုပ် ဖြင့် ထားရှိခဲ့သည်။ ၁၉၉၇ တွင် ခမာနီ ခုံရုံးမှ သူ့အား ဟန်ပြသဘော ရုံးတင်တရားစွဲခဲ့သည်။

 

၁၉၉၈ ဧပြီ ၁၅ ရက်နေ့တွင် ပိုပေါ့သည် နှလုံး အလုပ်မလုပ်တော့ခြင်းကြောင့် ဖြစ်ပုံရပြီး အိပ်ပျော်နေရင်း အသက်ထွက်သွားခဲ့သည်။ ထိုသို့ ကွယ်လွန်သွားခဲ့သဖြင့် ဟိဂ် ရှိ စီစဉ်ထားပြီး ဖြစ်သည့် နိုင်ငံတကာ စစ်ခုံရုံးတွင် ရုံးတင် တရားစွဲ ခံရပြီး အရှက်တကွဲ ဖြစ်ရမည့် အရေး မှ လွတ်မြောက်သွားခဲ့သည်။

 

နီကိုလိုင် ချောက်စက်စကူး

 

၁၉၄၄ ခုနှစ် ဩဂုတ်လ ဆိုဗီယက်တို့ ရိုမေးနီယား အား ဝင်ရောက် မသိမ်းပိုက် မီ ကလေးတွင် အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ထို့နောက်တွင် ချောင်စက်စကူး သည် ကွန်မြူနစ် လူငယ် သမဂ္ဂ၏ အတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ် တွင် ဆရာသမား ဖြစ်သူ ဂေါ်ဂျူး ဒက်ရှ် ကွယ်လွန်သွားပြီး နောက် သုံးရက်အကြာတွင် ပါတီ၏ အထွေထွေ အတွင်းရေးမှုး အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။

 

ပထမဆုံး လုပ်ရပ်အဖြစ် ပါတီ နာမည်ကို ရိုမေးနီယား အလုပ်သမား ပါတီ မှ ရိုမေးနီယား ကွန်မြူနစ် ပါတီ အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ရိုမေးနီယား သမ္မတ အဖြစ် ၁၉၇၄ မှ စတင် တာဝန်ယူခဲ့ချိန်မှစ၍ လျို့ဝှက် စစ်ပုလိပ် အဖွဲ့ကို အသုံးချပြီး အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်လာခဲ့သည်။ စာနယ်ဇင်း လွတ်လပ်ခွင့်အား ပိတ်ပင်ပြီး ဆန့်ကျင်မှု မှန်သမျှ ကို အသေးအမွှားပင် မကျန် လုံးဝ လက်မခံပဲ နှိပ်ကွပ်လာခဲ့သည်။

 

ပဋိသန္ဓေ တားဆီးရေး နှင့် ကိုယ်ဝန် ဖျက်ချခြင်းကိုပင် တရားမဝင်ဟု ပိတ်ပင်ခဲ့သည်၊ ရိုမာ တိုင်းရင်းသား များကို လျစ်လျူ ရှုပြီး အမုန်းတရား ပျံ့ပွားမှု ကျုးလွန်သည့် ရာဇဝတ်မှု အဖြစ် သတ်မှတ်ခဲ့သည်။ နိုင်ငံ ထွက်ကုန်များ ကို ပြည်ပ သို့ အစုလိုက် အပြုံလိုက် တင်ပို့သည့် မူဝါဒ ကျင့်သုံးခဲ့၍ နိုင်ငံ တွင်း အစားအ‌သောက်၊ လောင်စာဆီ၊ စွမ်းအင် နှင့် ဆေးဝါးများ ပြတ်လတ်ကုန်သည်။

 

၁၉၈၉ တွင် ရိုမေးနီယား ပြည်သူများက ၎င်းအား ဆန့်ကျင့်လာကြသည့်အခါ သူ၏ အာဏာသည် ချက်ခြင်းဆိုသလို ကျဆင်းလာခဲ့သည်။ သူ့အား ဖမ်းဆီးပြီး အကျဉ်းရုံး တရားစီရင်ကာ ဇနီး ဖြစ်သူ နှင့် အတူ သေနတ်ကိုင် ကွပ်မျက်ရေး တပ်ဖွဲ့က အဆုံးစီရင်ခဲ့သည်။

 

ရိုမေးနီယား တော်လှန်ရေးသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့မှု တွင် အဓိက တွန်းအား အဖြစ် ပါဝင်ခဲ့သည်။ သို့သော် သူ့အတွက် ကံမကောင်း အကြောင်းမလှ ဖြစ်သွားခဲ့ရသည်က နောက်တနှစ် တွင် သေဒဏ်ကို ဖျက်သိမ်းပစ်ခဲ့ခြင်းပင် ဖြစ်သည်။

 

ဆမ်မြူရယ် ဒိုး

 

ဆမ်မြူရယ် ဒိုးသည် နိုင်ငံ‌ရေး သမား တဦး ဖြစ်ပြီး လိုက်ဘေးရီယားအား ၁၉၈၀ မှ ၁၉၉၀ အထိ အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ သူသည် လိုက်ဘေးရီယား လက်နက်ကိုင် တပ်ဖွဲ့တွင် တပ်ကြပ်ကြီး ဘဝ နှင့် ပင် ၁၉၈၀ ဧပြီလတွင် ဦးဆောင် အာဏာသိမ်းနိုင်ခဲ့ပြီး ထိုစဉ်က သမ္မတ ဖြစ်သူ ဝီလျံ တောဘတ်ကို ကွပ်မျက်ပစ်ခဲ့သည်။

 

သူ့အားလည်း ကွန်မြူနစ် ဆန့်ကျင်ရေး အမာခံကြီး တဦး အဖြစ် အမေရိကန် ပြည်ထောင်စုက ထောက်ခံမှု ပေးထားခဲ့သည်။ စစ်အေးတိုက်ပွဲကြီး အဆုံးသတ်သွားပြီး နောက်ပိုင်းတွင်တော့ အမေရိကန် အတွက် လိုအပ်သူ တယောက် ဖြစ်မလာခဲ့တော့သဖြင့် အမေရိကန် ထောက်ခံမှု ကျဆင်းလာမှု နှင့်အတူ ၁၉၈၉ ဒီဇင်ဘာလတွင် ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာခဲ့သည်။

 

၎င်း၏ တခါ က မဟာမိတ် ဖြစ်ခဲ့သူ ချားလ် တေလာသည် ထောင်ကို ဖောက်ထွက်ပြီး အိုင်ဗရီ ကို့စ် မှတဆင့် သူပုန် အဖွဲ့ကို ဦးဆောင်ကာ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။ ဒိုးအား ၁၉၉၀ စက်တင်ဘာ ၉ ရက်နေ့တွင် မြို့တော် မွန်ရိုဗီယား တွင် တေလာ၏ သူပုန် အဖွဲ့မှ ခွဲထွက်လာသူ ပရင့် ရောမီ ဂျွန်ဆန် အဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

 

သူ့သည် အများယူဆထားသလို မှော်အတတ်ဖြင့် ဓါးပြီး သေနတ်ပြီး သည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း သက်သေပြနိုင်ရန် ဂျွန်ဆန်သည် သူ၏ နားရွက်တဖက်ကို ဖြတ်ပစ်ပြီး သူ့ရှေ့တွင်ပင် ဘီယာ နှင့် မြည်းခဲ့သည်။ ထို့နောက် ဒိုး၏ လက်ထိပ်၊ ခြေထိပ်များကိုလည်း ဖြတ်ပစ်ခဲ့ပြန်သည်။ ဒိုးသည် ဂျွန်ဆန်၏ ဆယ်နှစ်နာရီ ကြာအောင် နှိပ်စက်ညှင်းပမ်းခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့ရသည်။

 

ကိုယ်တုံးလုံး ချွတ်ထားသော သူ၏ အလောင်းအား လမ်းပေါ်သို့ ထုတ်ကာ လူမြင်ကွင်း တွင် ပြသထားခဲ့သည်။ သူ့အား နှိပ်စက်ညှင်းပမ်းခဲ့မှု ကို ဗီဒီယို ဖြင့် မှတ်တမ်းတင်ကာ ကမ္ဘာတဝှမ်း ရှိ သတင်းဌာနများသို့ ပေးပို့ခဲ့သဖြင့် ကြည့်ရှုခွင့် ရခဲ့သည်။