တရုတ် တို့ ကူညီနိုင်မည်လော

by Hla Soewai - Jul 01 2023

အထက်ပါ မေးခွန်း အပေါ် ဩစတေးလျှ ရှိ တက်စမေးနီးယား တက္ကသိုလ်မှ နီကိုလပ်စ် ဖာရယ်လီ မှ အချက်အလက် များ ဖြင့် East Asia Forum တွင် "Can China help bring peace to Myanmar" ဆောင်းပါး ဖြင့် ယခုလို ထောက်ပြလာခဲ့သည်။

 

အာဆီယံ ၏ အချက် ငါးချက် သည် ၂၀၂၃ ထိပ်သီး အစည်းအဝေး အပြီးတွင် မှေးမှိန် ကွယ်ပျောက်သွားခဲ့ပြီး မြန်မာ စစ်ခေါင်းဆောင်များ ၏ တိုင်းပြည်ကိုသာ မက ၎င်းတို့ကိုယ် ၎င်းတို့ ဖျက်ဆီးနေမှု များ အပေါ် အဖွဲ့ဝင် နိုင်ငံကြီးများက ရွံရှာ မုန်းတီးလာကြပြီ ဖြစ်သည်။

 

ထိုသို့ အချက် ငါးချက် ဖြင့် အာဆီယံ၏ ကျဆုံးသွားမှု ကြောင့် တရုတ်၏ ပြဿနာ ဖြစ်လာခဲ့ရပေပြီ။ မြန်မာနှင့် ပတ်သက်၍ အာဏာသိမ်းပြီး‌ နောက်ပိုင်း တရုတ်တို့ဖက်မှ ရရှိလာမည့် အခွင့်အလမ်းများ နှင့် စွန့်စားရမည့် အရေးတို့ အပေါ် အလေးအနက် ချိန်ဆခဲ့ကြသည်၊ အမျိုးသား ဒီမိုကရေစီ အစိုးရ လက်ထက် တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် လက်တွဲဖေါ် ဖြစ်ခဲ့မှုကိုလည်း မေ့လျော့မထားခဲ့ပေ။ ထို့အတွက် အာဏာသိမ်းမှုသည် ၎င်းတို့ အတွက် မည်သို့မျှ အထောက်အကူ မဖြစ်ခဲ့ပဲ အရှုပ်ထုပ်ကြီးသာ အဖတ်တင်သွားခဲ့သည်။

 

တရုတ်၏ မဟာဗျူဟာ သည် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရေး ကိုသာ အဓိက ထား စဉ်းစားခဲ့သည်။ ၂၀၂၂ အတွင်း ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်ထဲသို့ ဒေါ်လာ ၁.၅ ဘီလီယံ တန်ကြေးရှိ ဓါတ်ငွေ့များ တင်သွင်းနိုင်ခဲ့သည်။ တရုတ်အတွက် အန္တရာယ် နှင့် ကြုံလာလျှင် ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ မြန်မာပိုင် ကျွန်း ဆိပ်ကမ်းများကို အသုံးပြုခွင့် ရနိုင် ပြန်သည်။ ထိုသို့သော အနေအထားများကြောင့် တရုတ်သည် မြန်မာ နှင့် ဆက်ဆံထိုက်သည်ဟု ယူဆထားသည်။

 

၂၀၂၁ ကမ္ဘာဘဏ် စာရင်းဇယားများအရ မြန်မာ၏ GDP (ကုန်ထုတ်/ဝန်ဆောင်) ပမာဏသည် ဒေါ်လာ ၆၅ ဘီလီယံ၊ လူတဦးချင်းစီ၏ ကုန်ထုတ်လုပ်မှုသည် ဒေါ်လာ ၁,၂၀၀ ရှိသည်၊ တရုတ်ပြည်၏ GDP သည် ဒေါ်လာ ၁၇.၇၃ တြီလီယဲ နှင့် တဦးချင်းစီ တွင် ဒေါ်လာ ၁၂,၂၀၀ ရှိနေသည်။ အကယ်၍သာ မြန်မာသည် တရုတ်၏ ပြည်နယ်တခု ဖြစ်မည်ဆိုက စီးပွားရေး တွင် တတိယမြောက် အသေးဆုံး ပြည်နယ် ဖြစ်လာပေလိမ့်မည်။ ဝေးလံ ခေါင်ဖျားသော တိဘက် နှင့် ချင်ဟိုင်း ပြည်နယ်များပင် လူတဦးချင်းစီ နှုန်းတွင် မြန်မာထက် ငါးဆ ခန့် များနေပေသည်။

 

မြန်မာ နှင့် ပထဝီ အနေအထား‌အရရော ယဉ်ကျေးမှု အရပါ အနီးစပ်ဆုံး တည်ရှိနေသည့် ယူနန်ပြည်နယ်၏ GDP သည် ပင် မြန်မာထက် ၆ ဆ ခန့်များပြီး ဒေါ်လာ ၄၃၀ ဘီလီယံ ရှိနေသည်။ လူတဦးချင်း အရ ဆိုလျှင် ၉ ဆ ခန့် များနေသည်ကို တွေ့ရမည် ဖြစ်သည်။

 

ထိုသို့ မယုံနိုင်လောက်အောင် ကွာဟနေမှု များ နှင့် ရှိရင်းစွဲ တရုတ် ဆန့်ကျင်ရေး သဘောထားများကြောင့် ပြဿနာ အသေးအမွှား လေးပင် ဖြစ်လင့်ကစား နိုင်ငံတွင်းရှိ စီးပွားရေး အရ အောင်မြင်နေသော တရုတ် နွယ်ဖွားများ အပေါ် ရန်ပြုလာနိုင်ဖွယ် ရှိနေသည်။

 

တရုတ်အစိုးရ မှ မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့အား လက်နက်များ ပံ့ပိုးပေးနေခြင်း၊ လေ့ကျင့်ပေးနေခြင်းများသည် ၎င်းတို့ အတွက် အကျိုး ရှိသလို ပြဿနာလည်း ရှိလာနေသည်။ သို့သော် ဘီဂျင်းရှိ ဗဟိုအစိုးရမှ မည်မျှ အတိုင်းအတာ အထိသာ ပါဝင်ပတ်သက်ရန် စီစဉ်ထားသည်ကို တော့ မသိနိုင်။ ယူနန် အာဏာပိုင်များက ပြဿနာ အတော်များများကို နယ်ခြားဒေသမှ တဆင့် ဖြေရှင်းကြလေ့ ရှိသည်။

 

တရုတ် အစိုးရဖက်မှ အဆင့်မြင့် အရာရှိများ ထိတွေ့ဆက်ဆံလာမှု နှင့် အတူ မြန်မာ အတွက် မည်မျှ အတိုင်းအတာ အထိ အပြုသဘော ရလဒ်များ ထွက်ပေါ်ဖို့ ခွင့်ပြု မည်နည်း ဆိုသည်က ၎င်းတို့၏ အဓိက အကျိုးစီးပွား အပေါ် မူတည်နေသည်။

 

အာဏာမသိမ်းမီက မြန်မာ ၏ စီးပွားရေး အရ ဖွံ့ဖြိုးလာမှုသည် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်ခဲ့သော်လည်း မင်းအောင်လှိုင် အဖွဲ့ အား ပေါင်းသင်းဆက်ဆံမည့်သူ မရှိ ဖြစ်နေမှု နှင့် အာဆီယံ ရှိ နိုင်ငံကြီးများ၏ ရွံရှာ မုန်းတီးခြင်း ခံနေရမှု များသည်လည်း ၎င်းတို့အတွက် အခြားဖက်တွင် အကျိုးရှိဖို့ ဖြစ်လာရသည်။

 

လောလောဆယ် တွင် မြန်မာ စစ်တပ်၏ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ၊ ခဲယမ်းမီးကျောက် နှင့် နည်းပညာ လိုအပ်ချက်များကို လိုအပ်သလို အလျော့အတင်း လုပ်ပြီး အဓိက ဖေါက်သည် နေရာကို ထိန်းထားနိုင်သည်၊ ရုရှားသည်လည်း ထိုနည်း၎င်း ဆက်ဆံနေခြင်း ဖြစ်သည်၊ ထိုနှစ်နိုင်ငံ စလုံးသည် နိုင်ငံများအား လက်ရှိ ကမ္ဘာ စနစ်ကြီး အပြင်ဖက်သို့ အလွယ်တကူ တွန်းပို့ပစ်ရေး ဗျူဟာ အရလည်း ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့တွင် ရှိ ကြွယ်ဝချမ်းသာမှု နှင့် ဩဇာအာဏာကို သုံးပြီး အပြုသဘော ရလဒ်များ ဖေါ်ဆောင်ပေးနိုင်ခဲ့လျှင် အာဆီယံ၊ ဩစတေးလျှ တို့နှင့် ဆက်ဆံရေး ပို၍ အဆင်ပြေလာနိုင်သည်။

 

ထိုနိုင်ငံများသည် တရုတ်မှ မြန်မာ၏ ဆင်းရဲ နွမ်းပါးနေမှု ကို အခွင့်ကောင်းယူကာ လက်နက်များ ဆက်၍ ရောင်းချပေးနေမည် ဆိုက ရှေးယခင် က အရှေ့တောင်အာရှ ဒေသတွင် မြင်ခဲ့ရသလို ကြောက်ခမန်း လိလိ အကြမ်းဖက်မှု များ မြင်တွေ့လာရမည်ကို စိုးရိမ်လာနေကြသည်။

 

မြန်မာနိုင်ငံ တွင် အပြီးသတ်၌ အခြေအနေများ ပြန်၍ တည်ငြိမ်လာပါက ပြည်သူများက ရွံစရာ ကောင်းလှသော စစ်အာဏာသိမ်း အဖွဲ့ သက်ဆိုးရှည်အောင် မည်သူ ပံ့ပိုးပေးခဲ့သနည်း ဆိုသည့် မေးခွန်း ထွက်ပေါ်လာမည်သာ ဖြစ်သည်။ လက်ရှိ တွင် အဖြေကတော့ အာဏာသိမ်း အဖွဲ့ကို ဆွေမျိုးပေါက်ဖေါ် လုပ်နေသူက ဘီဂျင်း ဖြစ်နေသည်။

 

တရုတ် ၏ အခန်းကဏ္ဍ နှင့် ၎င်းတို့ ကိုယ်ကျိုး စီးပွားအတွက် ရှေ့တန်းတင် စဉ်းစာမည် ဆိုလျှင်ပင် ၎င်းတို့အတွက် ဘက်ပြောင်း၍ ရနေသေးသည်၊ တရုတ်သည် လောလောဆယ်တွင်ပင် ဥရောပ၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိက တွင် ငြိမ်းချမ်းရေး စကားများ ပြောလာနေ၍ မြန်မာတွင်လည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ လုပ်လာနိုင်ပေသည်။

 

တရုတ်ဖက်မှ မြန်မာ အတွက် အပြုသဘော ရလဒ် ထွက်ပေါ်နိုင်မည့် ကြိုးပမ်းချက်များကို အားလုံးက ကြိုဆိုကြမည်သာ ဖြစ်သည်။

 

ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ဂျိုးဘိုင်ဒင်၏ BURMA ACT အရ လူထိခိုက်သေကြေ နိုင်ခြင်း မရှိမည့် အကူအညီများ ပေးရန် ပါရှိထားပြီး ဖြစ်သည်၊ ထိုအဓိပ္ပါယ် ဖွင့်ဆိုချက်အရ ယူနီဖောင်းများ၊ ကျည်ကာ အင်္ကျီများ၊ သံချပ်ကာ စစ်သည်တင်ယာဉ်များ၊ ရေဒါ နှင့် ဆေးပစ္စည်း ကိရိယာ များ ပါဝင်နေသည်။ အဘယ်ကြောင့် မြန်မာသို့ ထိုပစ္စည်းများ ယခုထိ ရောက်မလာသေးသနည်းဟု Bloomberg မှ ရုသ် ပိုလတ် က မေးခွန်းထုတ်ထားသည်ကိုလည်း ဖတ်ရှူ့ခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!