အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှု CNN တွင် ပါရှိလာပြန်

by Hla Soewai - Jul 01 2023

အကြမ်းဖက် စစ်ကောင်စီ လေတပ် မှ အရှက်ကင်းမဲ့စွာ ဖြင့် လူနေဒေသ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည့် သတင်းများ အား CNN သတင်းဌာနကြီးမှ ‌ဓါတ်ပုံ အထောက်အထားများ နှင့် ကမ္ဘာသိ ထုတ်ပြန်လာခဲ့သည်။

 

CNN သတင်းရှည်ကြီးတွင် စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် ညောင်ကုန်းကျေးရွာ အား မင်းအောင်လှိုင် ၏ တိုက်လေယာဉ် များက ဇွန်လ ၂၇ ရက်နေ့တွင်ဗုံးကြဲတိုက်ခိုက်၍ ရွာဦး ဘုန်းတော်ကြီး ကျောင်းပါမကျန် ပြာပုံ ဖြစ်သွား ရသည် ကို တင်ပြလာခဲ့သည်။

 

ထိုတိုက်ခိုက်မှု ကြောင့် သံဃာတပါး အပါအဝင် ပြည်သူ ဆယ်ဦး ခန့် သေဆုံးသွားခဲ့သည်။

 

ယခုအခါ အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ထိန်းချုပ် နိုင်စွမ်း မရှိတော့သော ဒေသများ အား မဲမဲမြင်ရာ ဗုံးကြဲတိုက်ခိုက်နေကြပြီ ဖြစ်သည်။

 

၎င်းတို့လုပ်ရပ်သည် မသိချင်‌‌ယောင် ဆောင်နေသော နိုင်ငံတကာ အား လှုပ်နိုးပေးနေသလို ဖြစ်လာနေပြီကို ဂရုစိုက်နိုင်အား မရှိတော့ပဲ မင်းအောင်လှိုင်၏ ဖြစ်ချင်ရာဖြစ် ဒေါသသံများ အကြား အမှားများကို ဆက်တိုက်ကျုးလွန်နေကြပြီ ဖြစ်သည်။

 

NUG သည် ထိုအရေး အပေါ် အလျင်အမြန် ဟန့်တားပေးရန် အမေရိကန် ကွန်ဂရက်သို့ တောင်းဆို နိုင်ပေသည်။

 

စစ်ကောင်စီ သည် ဘိုင်ဒင်-မိုဒီ ကျေညာချက်ကြောင့် သိသိသာသာ တုန်လှုပ်လာနေပြီ ဖြစ်သည်။ Justice for Myanmar သည် မိုဒီ ၏ အမေရိကန် ချစ်ကြည်ရေး ခရီး အောင်မြင်မှု ကို အခွင့်ကောင်းယူကာ အိန္ဒိယ မှ တဆင့် လက်နက်များ တင်ပို့နေမှု ကို ရပ်ဆိုင်းပေးရန် တောင်းဆိုလိုက်ပြန်သည်။

 

တိုက်လေယာဉ်မှုး ဆိုသူများကလည်း ပြည်ပကျူးကျော်သူများ နှင့် လေယာဉ် စီးချင်းထိုးစရာ မလို၊ အောက်မှ လေယာဉ် ပစ် လက်နက်ကြီးများ၏ အန္တရာယ် ကို မှုစရာ မလိုပဲ လုပ်နေရသည့် တိုင် အောက်ရှိ ပစ်မှတ်ကိုပင် တိကျစွာ ပစ်ခတ်နိုင်စွမ်း မရှိအောင် အရည်အချင်း မဲ့နေကြသည် ကို စစ်ရေး လေ့လာ သုံးသပ်သူများ အဖို့ အံ့အားတသင့် ဖြစ်ကြပေမည်။

 

သို့သော် အချို့က ၎င်းတို့ တကူးတက သွားရောက် လေ့လာ ဆည်းပူးခဲ့သော ရုရှား စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိ များ၏ စွမ်းဆောင်ရည်ကို ယူကရိန်း စစ်မျက် နှာတွင် ဝဂ္ဂနာ ကြေးစားတပ်၏ ထောင်ထွက်များ ခြေဖျားကို မမှီ ဖြစ်နေသည်ကို ကြည့်က အံဩစရာ မရှိဟု ထောက်ပြခဲ့ကြပြန်သည်။

 

ယမန်နေ့ကပင် ပျူစောထီး နှင့် စစ်တပ် စခန်းချနေသည့် ဝက်လက် မြို့ပေါ်ရှိ မီးသတ်ရုံးကို မှားယွင်း ဗုံးကြဲမိ၍ စစ်သား ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြသည်ဟု သတင်းများက ဆိုသည်။

 

ထိုသို့ ဖြစ်ပျက် နေမှု များအား Frontier Myanmar မှ "Air force once-proud reputation crashes and burns" တခါက ဂုဏ်ယူ ဝင့်ကြွားစရာ ဖြစ်ခဲ့သည့် လေတပ် မြောင်းထဲရောက်" ခေါင်းစဉ် ဖြင့် ဆောင်းပါးရှည်ကြီး ရေးသားလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့ ၏ "terror-from-the-air" ကမ်းပိန်းဖြင့် လူထုအား အကြောက်တရား လွှမ်းမိုအောင် ကျုးလွန်နေမှု သည် ထိရောက်မှု ရှိနေဆဲ ဖြစ်သော်လည်း လေတပ်အဖို့ လူတကာ၏ မုန်းတီးရွံရှာခြင်း ခံနေရပြီး သိက္ခာမရှိတော့သည့် ဘဝရောက်သွားခဲ့ရရှာပြီဟု ဆိုသည်။

 

မင်းအောင်လှိုင်သည် လေတပ်အင်အား ကို တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အများ သုံးပြီး တိုးမြှင့်လာခဲ့မှု သည် အာဏာသိမ်းပြီးနောက် သူ့အတွက် များစွာ အသုံးတည့်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် လေတပ် အရာရှိများအား ထူးချွန် ထက်မြက်သူများ အဖြစ် သဘောထားကာ မျက်နှာသာပေး ဆက်ဆံခဲ့ရာမှ ကျန် ကြည်းတပ်၊ ရေတပ်များ နှင့် အက်ကြောင်းများထလာခဲ့သည်။

 

ကြည်းတပ်မှ မြေပြင်တွင် အသက်ကို ရင်းပြီး တိုက်နေရ‌ သော်လည်း ၎င်းတို့ ခေါင်းပေါ်အထိ ဗုံးများကြဲချနေသည်ကို မကျေမချမ်း ဖြစ်လာနေပြီး လေတပ် မှ လည်း ငါတို့သာ မရှိရင် မင်းတို့ တယောက်မှ ကျန်မှာ မဟုတ်တော့ဟု လေတပ်မှ စီဒီအမ် တပ်ကြပ်ကြီး တဦးက ပြောသည်ဟု ဆောင်းပါးတွင် ပါရှိလာသည်။

 

ယခင်က လေကြောင်းတိုက်ခိုက်မှု အတွက် လေတပ်ဦးစီးချုပ်ထံမှ အမိန့်တောင်းခံရသော်လည်း ယခုအခါ စစ်တိုင်းမှုး အဆင့်က ပေး၍ ရနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်လက်ထက်တွင် ကြည်းရေလေ တပ်များ သည် စိတ်ဓါတ်ရေးရာ သာမက အစစ အရာရာ ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်ဟု ‌ဆိုသည်။

 

မိမိအမြင်အရ ဆိုလျှင် ခေတ်မီ စစ်တပ်ကြီး ဖြစ်ဖို့ နေနေသာသာ ၎င်းတို့အားလုံးသည် မာဖီယား ဂိုဏ်းခေါင်ဆောင်ကြီး အောက်ရှိ လူဆိုးဂိုဏ်းများ သဖွယ် လက်ညိုးညွှန်ရာ ဖမ်းဆီး နှိပ်စက် ညှင်းပမ်းပေးရခြင်း၊ နှုတ်ပိတ်သတ်ဖြတ်ပေးရခြင်း၊ ခြောက်လှန့်ရခြင်းများ အသီးသီး တာဝန်ယူ လုပ်ဆောင်ပေးရသည့် အဆင့် ရောက်သွားခဲ့သည်။

 

မည်သို့ပင် ဆိုစေ မင်းအောင်လှိုင်မှ လူထု အပေါ် ပို၍ အကြမ်းဖက်လာလေလေ ၎င်း၏ ကျဆုံးခန်း နီးကပ်လာလေလေ ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!