နိုင်ငံတကာ အလယ်တွင် အရှက်တကွဲ ဖြစ်သွားရသော ပရာရွတ် အစိုးရ

by Hla Soewai - Jun 28 2023

ရာထူးက ဆင်းပေးရတော့မည့် ပရာရွတ်၏ အိမ်စောင့် အစိုးရမှ မြန်မာ အာဏာသိမ်း အစိုးရအား ဖော်လံ ဖားသည့် လုပ်ရပ်သည် မည်သည့် ဖက်မှ စဉ်းစား စဉ်းစား နားမလည် နိုင်အောင် ဖြစ်ခဲ့ရသည်ဟု အစချီကာ ချူလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေး နှင့် နိုင်ငံတကာ လေ့လာရေး အင်စတီကျု မှ အထက်တန်း သုတေသီ သစ်တီနန် ပေါင်ဆုဒီရတ် က ဘန်ကောက်ပို့စ် တွင် ယခုလို ရေးသားလာခဲ့သည်။

 

ပရာရွတ်၏ ခွင့်ပြုချက် ဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမတ်ဝင်နားသည် ပတ္တရာ ၌ ဇွန်လ ၁၈ ရက်နေ့တွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေအား ကမန်းကတန်း ဆင့်ခေါ်ကာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ဆွေးနွေးပွဲ ပြုလုပ်လာခဲ့သည်။ ထိုသို့ ကမူးရှူးထိုး ဖြစ်လာမှု နှင့် အငြင်းပွားဖွယ် ဖြစ်လာမှု များကိုတော့ ပရာရွတ် နှင့် ဒွန်တို့ နှစ်ဦးစလုံး၏ ကြက်တူရွေးလို နှုတ်တိုက် ရွတ် ဖြေရှင်းနေမှုများက မည်သို့မျှ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပေ။

 

၎င်းတို့၏ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို လက်ခံနေသည့် လုပ်ရပ်သည် ထိုင်း အမျိုးသား အကျိုးစီးပွား ထက် ကိုယ်ကျိုး စီးပွားများ ပါဝင် ပတ်သက်နေခြင်း ရှိမရှိ မေးခွန်း ထွက်ပေါ်လာခဲ့ရသည်။

 

နိုင်ငံခြားရေး ဝန်ကြီး ဒွန်သည် မကြာမီ ရာထူးမှ ဆင်းပေးရတော့မည် ဖြစ်၍ သူ့တွင် လုပ်ပိုင်ခွင့် အာဏာ သုည သာ ရှိတော့သည် ကို အားလုံး သိပြီး ဖြစ်သည်။ အစည်းအဝေး ဖိတ်စာကို လေးရက်အလို ဇွန်လ ၁၄ ရက်နေ့ တွင် ပေးပို့ခဲ့သည်။ ယခင်ကလည်း ဒွန် နှင့် သူ၏ အထူး အကြံပေးလည်း ဖြစ် မြန်မာအရေး အထူးသံတမန် ဖြစ်သူ ပွန်ပီမို ကန်ချာနာလတ်သည် Track 1.5 ဟု အမည်တပ်ကာ မြန်မာ အပါအဝင် တွေးခေါ်မြော်မြင်‌ရေး အဖွဲ့များ နှင့် အစည်းအဝေးမျိုး ထူးထူးခြားခြား ဖန်တီးခဲ့ကြပြီး ဖြစ်သည်။ မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား တရားဝင် အသိအမှတ် ပြုလာရေး လမ်းခင်းလာသည်မှာ သိသာ ထင်ရှားသော်လည်း ၎င်းတို့၏ အကြောင်း ပြချက်သည် ထိုင်း အကျိုးစီးပွားကို ထိန်းသိမ်းနိုင်ရန် အတွက် ဖြစ်သည်ဟု ဆိုလာသည်။

 

ထိုင်း နှင့် မြန်မာ သည် နယ်စပ်အားဖြင့် ကီလိုမီတာ ၂,၄၀၀ ထိစပ်နေပြီး ခိုးဝင် အလုပ်သမားများ၊ တရားမဝင် မူးယစ် ဆေးဝါး ကုန်ကူးမှုများ၊ လက်နက်မှောင်ခိုမှု များ နှင့် ဒေသတွင်းရှိ လူများကို မြှူဆွယ်ပြီး တရားမဝင် call center များ ဖြင့် ငွေကြေး လိမ်လည်နေမှုများ ရှိနေသည်။ ထို့ပြင် ထိုင်း ကုမ္ပဏီများသည် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ ခန့် တန်ကြေးရှိ ပရောဂျက် ၁၅၄ ခုတွင် ပါဝင် ပတ်သက်နေပြီး မြန်မာ၏ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ၏ ၁၂.၆ ရာနှုန်း ဖြင့် တတိယ နေရာတွင် ရှိနေသည့် အတွက်ကြောင့် ဟု ဆိုသည်။

 

အမေရိကန် သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အာဏာသိမ်း အဖွဲ့ ထိန်းချုပ်ထားသည့် ဘဏ်ကြီး နှစ်ခု အား အရေးယူ ဖို့ ရှိလာသည့် အတွက် ယခုလို လုပ်ဖို့ လိုအပ်လာသည်ဟု ဆိုသည်။ မည်သို့ပင် ဆိုစေ ၎င်းတို့၏ အကြောင်းပြချက် သည် အားလုံးခြုံကြည့်မည် ဆိုလျှင် မည်သို့မျှ အဓိပ္ပါယ် မရှိ ဖြစ်နေသည်။

 

တကယ်တမ်းတွင် မြန်မာ၌ စင်္ကာပူ၏ ရင်းနှီး မြှုပ်နှံမှုသည် ထိုင်း ထက် နှစ်ဆခန့် ရှိနေပြီး အများဆုံး ဖြစ် နေသည်။ တရုတ်သည် ဒုတိယ နေရာတွင်သာ ရှိသည်။ သို့သော် စင်္ကာပူ အစိုးရသည် အာဆီယံ၏ အချက် ငါးချက် မူအတိုင်းသာ ရပ်တည်ခဲ့သည်။

 

ထိုင်းသည် အလုပ်သမား၊ မူးယစ်ဆေးဝါး အပါအဝင် ပြဿနာများ ရှိနေသည်မှာ မှန်သော်လည်း ယင်းသည် နဂိုကတည်းက ရှိနေသည့် အပြင် ပို၍ပင် ဆိုးလာနေသည်။ လက်ရှိ ဒွန် နှင့် ပွန်ပီမိုတို့ လုပ်ရပ်သည် ထိုင်း ထက် မြန်မာ စစ်ကောင်စီ အတွက် အကျိုးများ ဖို့သာ ရှိနေသည်။

 

ပို၍ ဆိုးသည်က ကမ္ဘာအလယ်တွင် ထိုင်း၏ ရပ်တည်ချက်သည် ထိခိုက်သွားခဲ့ရလေသည်။ ၎င်းအပြင် မြန်မာ ပြည်သူ အများစု နှင့် လည်း ရန်သူ ဖြစ်သွားခဲ့ရသည်။ စစ်တပ်သည် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် အရေးနိမ့်လာနေပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့။ လက်နက်ကြီး များနှင့် လေကြောင်း ပစ်ကူသာ မရှိပါက ယခုလောက်ဆို အရေးနိမ့် သွားပြီ ဖြစ်သည်။

 

ယခုအခါ ၎င်းတို့၏ လုပ်ရပ်ကြောင့် အာဆီယံ အတွင်း မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်တို့က တဖက် အာဏာရှင် နိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်တို့က တဖက် ကွဲထွက်သွားခဲ့သည်။

 

ထိုအထဲတွင် ကန့်လန့်ကန့်လန့် ဖြစ်နေသည်က ထိုင်း ပင် ဖြစ်သည်။ လက်ရှိ ရွေးကောက်ပွဲ အနိုင်ရ ရှေ့သို့ချီ ပါတီသည် ဒွန်၏ နောက်ဆုံးလုပ်ရပ်အား ဆန့်ကျင်လာသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။ နိုင်ငံတကာမှ သက်ဆိုင်သူ များ အနေဖြင့် ပရာရွတ် အစိုးရ၏ လုပ်ရပ်သည် ထိုင်း ပြည်သူ အများစု၏ ဆန္ဒအား ကိုယ်စား မပြု ဆိုသည်ကို နားလည် ထားသင့်ပေသည်။

 

ထိုင်းသည် မြန်မာ စစ်ကောင်စီ နှင့် ဆက်ဆံဖို့ လိုအပ်သည်မှာ မှန်သော်လည်း အာဆီယံ မူငါးချက် နှင့် အညီ အမျိုးသား ညီညွတ်ရေး အစိုးရကဲ့သို့ ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေသူများ ပါ အတူတကွ ပါဝင်ဖို့ လိုသည်။ ထိုင်းသည် စစ်ကောင်စီ အား တရားဝင် အသိအမှတ်ပြုခြင်း၊ ဆက်ဆံခြင်း ဆိုသည် တို့ကို ဖိအားပေး မောင်းတံ အဖြစ် အသုံးချကာ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်း ပေါ်သို့ တွန်းပို့ခြင်းဖြင့် အာဆီယံ ဥက္ကဌ ကို ကူညီ ပံ့ပိုး ပေးရမည် ဖြစ်သည်။

 

ယခုထိ စစ်ကောင်စီသည် ခေါင်းမာပြီး တလမ်းသွား လုပ်နေသဖြင့် ထပ်၍ ၎င်းတို့ အလို ကို လိုက်လျောခြင်းဖြင့် ပို၍ ရဲတင်းလာဖို့သာ ရှိနေသည်။ အသီးသီး ကွဲပြားနေသော တော်လှန်ရေး အင်အားစုများသည်လည်း ညီညွတ်မှု ရှိကြောင်း နှင့် တိုင်းပြည်ကို ဥမကွဲ သိုက်မပျက် အုပ်ချုပ်သွားနိုင်စွမ်း ရှိကြောင်းများ ပြသရန် လိုအပ်နေသည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးသည် နိုင်ငံ၏ အကျိုးစီးပွား အတွက် အစိုးရသစ် အား “စောင့်နေဖို့ အချိန်မရှိ” ဟု ပြောလာခြင်းသည် အမှန်တရား မဟုတ်ဘဲ အခြေအတင် ဆွေးနွေးရမည့် အကြောင်းပြချက်မျိုးသာ ဖြစ်သည်။ ဒွန် နှင့် ပွန်ပီမိုတို့သည် ထိုင်းအစိုးရ၏ အထက်တန်း အရာရှိကြီးများ ဖြစ်သော်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာ နှင့် ရည်ရွယ်ချက်များသည် မေးခွန်းထုတ်စရာ အနေအထား တွင် ရှိနေသည်။ ပွန်ပီမို သည် အမေရိကန် တရားရုံး၏ အပြစ်ဒဏ် ထိုက်နေသော အမျိုးသမီး တဦး လည်း ဖြစ်သည်။

 

ထိုင်း ပြည်သူများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား နှင့် ပတ်သက်ခြင်း ရှိမရှိ ကို မေးခွန်းထုတ်သင့်လှသည်။ ၎င်းတို့၏ လုပ်ရပ်အား နောက်တက်လာမည့် ဒီမိုကရေစီဖြင့် အခွင့်အာဏာအပြည့်အဝ အပ်နှင်းထားသည့် အစိုးရ အနေဖြင့် စုံစမ်း အရေးယူ သင့်လှသည် အစရှိသည်ဖြင့် ရေးသားထားသည်။

 

ပရာရွတ် အစိုးရသည် အမေရိကန် မှ အာဏာသိမ်း အဖွဲ့၏ ဒေါ်လာ ငွေတိုက်ကြီးအား ပိတ်ဆို့တော့မည့် သတင်းကို ကြိုသိထားပြီ ဖြစ်၍ ယခုလို ဖုတ်ပူမီးတိုက် ခေါ်ယူ တွေ့ဆုံခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ထင်မြင် မိသည်။ ထိုအတိုင်း အမှန်ဟု ဆိုက အမေရိကန်၏ လုပ်ရပ်သည် စစ်ကောင်စီ နှင့် ထိုင်းကို အကြီးအကျယ် ထိုးနှက်သလို ဖြစ်နေသည်မှာ အထင်အရှား တွေ့နေရသည်ဟု မိမိ ယူဆမိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!