ပတ္တရာ ငိုချင်းချပွဲ

by Hla Soewai - Jun 28 2023

အမေရိကန်မှ စစ်အာဏာသိမ်း အဖွဲ့၏ တနှစ်လျှင် ဒေါ်လာ နှစ်ဘီလီယံ ခန့် ဝင်နေသော ဘဏ်ကြီး နှစ်ခုအား ပိတ်ဆို့ဒဏ်ခတ်ခဲ့ပြီးနောက် လိုင်စင်ရ ဘဏ်များ နှင့် ငွေအပ်နှံသူများ အကြား အွန်လိုင်း မှ ဒေါ်လာ အထုတ် အသွင်း လုပ်ခြင်း နှင့် တရားမဝင် ငွေလွှဲမှုများအား အရေးယူလာခဲ့ပြီ ဖြစ်ပြီး အဓိက အား ဖြင့် ၎င်းတို့ လက်ဝယ်ရှိ ဒေါ်လာများ ပြန်ထွက်မသွားရအောင် ကာကွယ်လာခြင်းပင် ဖြစ်သည်။

 

ဗဟိုဘဏ်က သောကြာနေ့ ညပိုင်းတွင် လူ ပုဂ္ဂိုလ် ၁၅ ဦး၊ ကုမ္ပဏီ ၃ ခု၊ ရွှေဆိုင် နှင့် ရွှေရည်ကြို လုပ်ငန်း အချို့ အပေါ် အရေးယူလိုက်ပြီ ကျေညာချက် ထွက်ပေါ်လာခဲ့သည်။ ယင်းတို့အား လိုင်စင်မရှိပဲ တရားမဝင် ငွေအလွှဲအပြောင်းလုပ်မှု ကြောင့် ဖြစ်သည်ဟု သိရသည်။

 

တရားဝင် သတ်မှတ်ပေးထားသော ငွေလွှဲနှုန်းသည် တစ်ဒေါ်လာလျှင် ကျပ် ၂,၁၀၀ နှုန်း သတ်မှတ်ပေးထားသော်လည်း ဈေးကွက်တွင် အမေရိကန် ဆန်ရှင်း အပြီး တွင် ကျပ် ၃,၀၀၀ အထိ ပေါက်နေသည်။ အချို့ ငွေလွှဲ ဆိုင်များ က ဈေးနှုန်းများ ထပ်မံကျဆင်းလာမည်ကို စိုးရိမ်ပြီး အရောင်းအဝယ် ကို ရပ်ဆိုင်းလိုက်သည်ဟု သတင်းများက ဆိုသည်။

 

စစ်ကောင်စီဖက်မှ ထိုသို့ ဖြစ်လာမည် ကို ကာကွယ်သည့် အနေဖြင့် လိုင်စင်ရ ဘဏ် ၆ ခု အား အွန်လိုင်း အရောင်းအဝယ် ခွင့်ပြုခဲ့ရာ နှစ်ရက်အတွင်း ဒေါ်လာ ၁၁.၇ သန်း အထိ ရှိခဲ့သည်ဟု ဆိုသည်။ လုပ်ငန်း အသေးစိတ်အား နေ့စဉ် အစီရင်ခံစာ ပေးပို့ရမည် ဖြစ်သည်။

 

ဗဟိုဘဏ်မှ ဒေါ်လာ ၁.၆၅ သန်းအား ဈေးကွက် ပေါက်ဈေး ၂,၉၂၀ ကျပ် ဖြင့် ထုတ်ရောင်းခဲ့သည်ဟု ဆိုသည်။

 

“အကယ်ဒမီ” တံဆိပ် ရွှေ တကျပ်သား ပေါက်ဈေးသည် ၃,၁၃၀,၀၀၀ ကျပ် ဖြင့် တည်ငြိမ်နေဆဲ ဖြစ်ပြီး စင်္ကာပူ ဒေါ်လာ နှင့် ထိုင်း ဘတ်ငွေ အနည်းငယ် မြင့်တက်လာခဲ့သည်။

 

စစ်ကောင်စီမှ ထိုသို့ အဖမ်းအဆီးများ ရှိနေ၍ ဈေးကွက် ပျက်ပြားသွားဖွယ် အလားအလာ ရှိနေသည်။

 

လောလောဆယ်တွင် စစ်တပ်ပိုင် နှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းပေါင်း ၁၀၆ ခု ရှိနေပြီး ထိုအထဲမှ လုပ်ငန်းပေါင်း ၂၇ ခုသည် အမေရိကန် ဆန်ရှင်း ထိထားသော ဘဏ်တိုက်ကြီး နှစ်ခု အပေါ် မှီခိုနေရသည်ဟု ဆိုသည်။

 

မြန်မာ ရှိ ပြင်ပ စီးပွားရေး သုတေသီ အဖွဲ့ က ထုတ်ပြန်ချက်တွင် သဘာဝဓါတ်ငွေ့၊ တွင်းထွက် နှင့် သစ်တောထွက် ပစ္စည်းများ ထုတ်ရောင်းမှု၊ သင်္ဘောလိုင်းများ၊ လေယာဉ်လိုင်းများမှ နှစ်စဉ် ဒေါ်လာ နှစ်ဘီလျံ ခန့် ဝင်ငွေ ရနေမှုများ ဆုတ်ယုတ်သွားတော့မည်ဟု ခန့်မှန်းထားသည်။

 

စစ်ကောင်စီ ခန့် နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေသည် ပတ္တရာ အစည်းအဝေး တွင် ဆရာသမား ဖြစ်သူ မင်းအောင်လှိုင် ၏ လေသံ အတိုင်း ဒီမိုကရေစီ နည်းလမ်း နှင့် အညီ ရွေးကောက်ပွဲ ကျင်းပရန် မည်သို့ မည်ပုံ စီစဉ်နေကြောင်း၊ မိမိတို့အား မီဒီယာ မှ အတိုက်ခိုက် ခံ‌နေရကြောင်း များ တက်ရောက်သူများ ငိုက်မြည်းလာသည့်အထိ မနားတမ်း ပြောသွားသော်လည်း လူတိုင်း သိထားသည့် ၎င်းတို့ တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့မှု ကို တလုံးတပါဒမျှ ထည့်သွင်းပြောဆိုသွားခြင်း မရှိဟု သိရသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်များသည် ၎င်းတို့ အတွက် အမြတ်ရနေသော မူးယစ်ဆေးဝါး လုပ်ငန်းများကို လက်မလွှတ်နိုင်ကြ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင် ဟု ပြောသွားကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

သို့သော် ၎င်းတို့ ပါးစပ်က ဒီမိုကရေစီ ဟု ဝါဒဖြန့်နေသော်လည်း စင်္ကာ ပူ စထရိတ်တိုင်း သတင်းစာကြီးတွင်တော့ နိုင်ငံတော် အတိုင်ပင်ခံ၏ ၇၈ နှစ်မြောက် မွေးနေ့ အတွက် ဆုတောင်း မေတ္တာ ပို့ခဲ့သူများ အား ဆက်တိုက်ဖမ်းဆီးလျက် ရှိသည်ဟု ပါရှိလာခဲ့သည်။

 

ထိုသို့ လုပ်ခဲ့သည့် အတွက် ၎င်းတို့ အပေါ် လူထု၏ အမုန်းတရားများ မြင့်တက်လာမည်ကို ပင် ဂရုမစိုက် နိုင်တော့လောက်အောင် ပန်းပန်သည့် ကိစ္စလေးကိုပင် ဂမူးရှုးထိုး ဖြစ်လာနေသည်ကို အထင်အရှား တွေ့လာရသည်။

 

အီးယူ ကိုယ်စားလှယ် အဖွဲ့က လုပ်ခနှုန်းထား တိုးမြှင့်ရန် တရုတ် အထည်ချုပ်စက်ရုံ တွင် အရေးဆိုခဲ့မှု ဖြင့် ဖမ်းဆီးခံခဲ့ရသော အလုပ်သမားများ အတွက် စိုးရိမ်ပူပန်ကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်၊ ဤသည်က ၎င်းတို့ လက်ဝယ်တွင် အသက်အန္တရာယ် ထိခိုက်မှု တစုံတခု ဖြစ်လာမည် အရေး ကို ကာကွယ်ပေးသည့် အနေဖြင့် သိရှိစောင့်ကြည့်နေကြောင်း အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ သား ဖြစ်သူ ကိုထိန်လင်း မှ ဘီဘီစီ နှင့် အင်တာဗျုးတွင် မိခင်ကြီးအား အကျဉ်းထောင်ထဲတွင် ဆင်းရဲဒုက္ခ ခံနေရမည့် အဖြစ် ကို လက်မခံနိုင်ကြောင်း၊ အမေသည် ထိုသို့ တဦးတည်း နေတတ်အောင် ကောင်းစွာ လေ့ကျင့်ထားပြီး ဖြစ်သော်လည်း ယခုလို ဖြစ်လာသည်ကို အမေ အနေဖြင့် လက်သင့်မခံသင့် ဟု လည်း ပြောကြားသွားခဲ့သည်၊ လန်ဒန်ရှိ မြန်မာ သံရုံးသည် သားဖြစ်သူ မှ မိခင်အတွက် မွေးနေ့ ဆုတောင်း ကပ်ပြား ပေးပို့ ပေးရန် ပြောလာသည်ကို လက်မခံပဲ တံခါးပိတ်ထားခဲ့သည့် အဖြစ်ကိုလည်း နိုင်ငံတကာက တအံ့တဩ သိရှိခွင့် ရသွားခဲ့ပြန်သည်။

 

ထိုကဲ့သို့ အပြုအမူ များကို သတင်း အဖြစ် အုတ်အော်သောင်းနင်း ရေးသားခဲ့မှုကိုပင် ၎င်းတို့သည် မီဒီယာ ၏ သားကောင် ဖြစ်ရသည်ဟု ပြောရဲကြသူများလည်း ဖြစ်သည်။ ‌ဒေါက်တာ ဇော်ဝေစိုးမှ ဒုံးကျည်များ စစ်ဆေးနေသည့် သတင်းကလည်း လေကြောင်း ပစ်ကူ ဖြင့် သာ အသက်ဆက်နေရသော ၎င်းတို့ အတွက် ရင်မအေးဖွယ် ဖြစ်လာရသည်။

 

မင်းအောင်လှိုင်သည် ခေတ်များ စနစ်များ ပြောင်းလဲလာနေသည်ကို ရိပ်စားမိခြင်း မရှိ၊ ၎င်း၏ မျက်စိတွင် ထိုင်း အာဏာသိမ်း လုပ်ရပ် အောင်မြင်သွားသည်ကို အားကျ စိတ်ဖြင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အဝိဇ္ဇာ ဖုံးလွှမ်းနေသည်။ ပရာရွတ်ကိုပင် ၎င်းအား အကြံကောင်း ဉာဏ်ကောင်းများ ပေးပါရန်ပင် အာဏာသိမ်းပြီးလျှင် ပြီးချင်း သဝဏ်လွှာ ပါးခဲ့သူ ဖြစ်သည်။

 

သို့သော် ထိုင်း စစ်တပ်သည် ဘုရင် ၏ အခွင့်ထူးခံနေမှု များ နှင့် စီးပွားရေး စနစ် ကို ပံ့ပိုး ပေးရန် အတွက် အာဏာသိမ်းခဲ့ခြင်း ဖြစ်ပြီး မြန်မာ စစ်ဗိုလ်ချူပ်များလို ကျိကျိတက် ချမ်းသာ အောင် ကြံဖန်ခဲ့ခြင်း မရှိသည့် အပြင် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းလည်း မခံခဲ့ရ ၍ ဖြစ်သည်ကို မြင်အောင် ကြည့်မြင် နိုင်စွမ်း မရှိခဲ့ပေ။

 

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ မှု ဒဏ်ကိုလည်း ဗိုလ်သန်းရွှေ ခေတ်ကလို ထမင်း တနပ်ပဲစား၊ ဖယောင်းတိုင်ထွန်းနေ၊ မြစ်ထဲဆင်း၍ ပုဇွန်ငါးများ ရှာစား ၍ ရသည့် သဘောမျိုး ဖြင့် ယခုလည်း ဇော်မင်းထွန်းက စိုးရိမ်စရာ မလိုဟု ပြောလာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်၏ level of intelligence ကို ကြည့်၍ ခန့်မှန်းရမည်ဆိုက တရုတ်တွင် အမေရိကန် ထုတ်ရောင်းထားသော ငွေတိုက်စာချုပ် တြီလီယံ နှင့် ချီ ရှိနေပြီး လက်ထဲက ယွမ်ငွေ နှင့် အချိန်မရွေး လဲ၍ ရသည်ဟု တွက်ချက်နေမည်၊ လိုအပ်လျှင် ငွေ အထုတ်လိုက် ပိုက်ပြီး ပေးချေ၍ ရသည်ဟုလည်း တွက်ချက်နေလောက်ပြီ ဖြစ်သည်။

 

အာဏာရှင် စနစ်ကို တော်လှန်နေသူများ၏ အားသာချက်က အာဏာရှင်ဆိုသူ၏ အတွေးအခေါ် အယူအဆတခုတည်း ကိုသာ မူတည် တိုက်ပွဲဝင်နိုင်ခွင့် ရှိနေခြင်းပင် ဖြစ်သည်။ ကဒါဖီ၊ ဆက်ဒမ် နှင့် ကင်ဂျုံအန်းတို့ နှစ်ပေါင်း များစွာ ရှင်သန် နိုင်ခဲ့ခြင်းမှာလည်း အတွေးအခေါ် အမျှော်အမြင် ရှိခဲ့ကြ၍ ဖြစ်သည်၊ သို့သော် မင်းအောင်လှိုင်တွင် ထိုသို့သော အရည်အချင်းများ ကင်းမဲ့နေသည့် အဖြစ်ကပင် အားတက်ဖွယ် ဖြစ်လာရသည်။

 

ထိုသို့ဆို၍ မင်းအောင်လှိုင်သည် အကြံဉာဏ်များ မတောင်းခံပဲ နေသူမဟုတ် ဟု ပြောလိုချင်းမဟုတ်၊ “ဒီလို လုပ်လို့ မရဘူးလား” ဟု မေးလိုက်ယုံဖြင့် မည်သူကမျှ မရဘူးဟု မပြောရဲကြ၊ အကျိုးအကြောင်း နှင့် ပြောခဲ့သည် ရှိသော ခေါင်းဆောင်ကြီး အား ဒါလောက် တောင် မသိရကောင်းလားဟု လူပုံအလယ်တွင် ပြောလိုက်သည် နှင့် အတူတူပင် ဖြစ်သွားမည်၊ အမျက်ရှ ခံရနိုင်သည်ကိုကြောက်၍ အားလုံးက စိတ်တော်သိ ဗောင်းတော်ညိတ် လုပ်နေကြရခြင်း ပင် ဖြစ်သည်။ အားလုံးကလည်း ကိုယ်စွမ်းကိုယ်စ ထုတ်ရန် စိတ်မကူး‌တော့ပဲ ပြီး ပြီးရော လုပ်နေကြပြီဖြစ်သည်၊ အစိုးရ ဝန်ထမ်း မှန်သမျှ ပင် ယူနီဖောင်း မဝတ်ရ ဟု စိုးရိမ်တကြီး ထုတ်ပြန်လာနေရပြီ ဖြစ်သည်။

 

ထိုသို့သော လူမျိုး၏ အုပ်ချုပ်နေမှုသည် အနှေး နှင့် အမြန် ဆိုသလို ကျဆုံးရဖို့သာ ရှိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!