“နေ့စဉ်နှင့် အမျှ ရဲရင့်သော မြန်မာပြည်သူများသည် ၎င်းတို့နှင့် လွန်စွာ ထိုက်တန်လှသည့် လွတ်မြောက်ရေး ပန်းတိုင်သို့ တစနှင့် တစ ချဥ်းကပ်လာနေပြီ ဖြစ်သည်။ ဂျီနိုဆိုက် စစ်အာဏာသိမ်း အဖွဲ့၏ အာဏာကို ဆုတ်ကိုင်ထားမှုသည် တနေ့တခြား အားပျော့လာသည်နှင့် သူတို့အတွက် ကျန်ရှိသော နေ့ရက်များက လက်ချိုး ရေတွက်၍ ရသည့် အဆင့်အထိ ရောက်လာနေသည်။
လွတ်မြောက်ရေး အလင်းတန်းသည် မိမိတို့ နိုင်ငံအပေါ် စွဲကပ်လာခဲ့သော အမှောင်ထုကို ဖြိုခွင်းပြီး တောက်ပ သည်ထက် တောက်ပလင်းလက်လာနေပြီး ယင်းနှင့်အတူ ဖိနှိပ်ချုပ်ချယ်ထားသော ဂျီနိုဆိုက် စစ်အာဏာသိမ်း အဖွဲ့ အပေါ် ဖက်ဒရယ် ဒီမိုကရေစီ စနစ် အောင်ပွဲခံနိုင်မှု နှင့် ဓမ္မက အဓမ္မ အပေါ် အနိုင်ရ ရမည်ဟူသော ယုံကြည်ချက်များသည်လည်း တိုး၍ ခိုင်မာလာနေပြီ ဖြစ်သည်။”
အထက်ပါ စာစုအား ဒေါက်တာ ဆာဆာ မှ ဖေ့စ်ဘုတ်တွင် အင်္ဂလိပ်လို ရေးသားလာခဲ့ခြင်း ဖြစ်သည်။
ယင်းသည် ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်းစစ်တပ်စခန်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး ဇာနည်အောင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုး တို့ပါဝင်သည့် အင်အား ၁၀၀ နီးပါးရှိ ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင် လာသည့် သတင်းနှင့် ဆက်စပ်ပြီး ရေးသားခြင်း ဖြစ်မည်ဟု ယူဆရသည်။ အဆိုပါ ဝမ်းသာ အားရဖွယ် သတင်းအား ခေတ်သစ် မီဒီယာ တွင် ပါရှိလာသဖြင့် အားလုံးသိပြီး ဖြစ်၍ မရေး တော့ပါ။
စစ်ကောင်စီသည် လွိုင်ကော် နှင့် ဒီမောဆိုး မြို့များမှ ထုတ်နှုတ် အင်အား များဖြင့် တပ်ရင်း ငါးရင်း ဖွဲ့ကာ မယ်စဲ့မြို့ကို သိမ်းပိုက်နိုင်ရန် ထွက်လာကြခြင်း ဖြစ်ကာ ဖားဆောင်းမြို့နယ်အတွင်း ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ခလရ (၄၃၀) သည် မယ်စဲ့ ကုန်း တွင် အထိုင်ချနေသည့် တပ်ရင်းလည်း ဖြစ်သည်။ အထိုင်တပ်၏ ပစ်ကူ မရတော့သဖြင့် စစ်ကောင်စီ သစ္စာခံ တပ်များသည် သောင်ပြင်လွှတ်သည့် တိရိစ္ဆာန်များ သဖွယ် ဖြစ်လာနေပေပြီ။
ဒေါက်တာ ဆာဆာ၏ အပြောသည် လွန်ကျုးခြင်း မရှိပေ၊ ယင်းသည် စစ်အာဏာရှင်တို့၏ နိဂုံး အစပင် ဖြစ်ပေတော့သည်။ ယခုအခါ နံရံကြီးကို ခေါင်းနှင့် တိုက်ရန် ကြိုးစားနေသူများသည် တော်လှန်ရေး အင်အားစုများ မဟုတ်တော့ပဲ ၎င်းတို့ ကိုယ်တိုင် ဖြစ်လာနေချေပြီ။
နိုင်ငံတကာ၏ ဆန့်ကျင် ဝိုင်းပယ်မှု၊ ၎င်းတို့၏ အစဉ်းစား အဆင်ခြင်မဲ့ လုပ်ရပ်များ ကြောင့် ပြည်သူများ၏ ရွံရှာ မုန်းတီးခြင်းကို အချိန်ကြာလာသည်နှင့် အမျှ တိုး၍ ခံလာနေရသည်။ ၎င်းတို့၏ သက်တမ်းသည် လူထု၏ မုန်းတီးမှု နှင့် တိုက်ရိုက်အချိုးကျလာနေပြီ ဖြစ်သည်။ ထိုသို့ သော အနေအထား ဖြင့် တိုင်းပြည်ကို လက်နက်အားကိုး ဖြင့် ဆက်၍ အုပ်ချုပ်နိုင်သေးသည်ဟု ခံယူနေကြသူများထက် မိုက်မဲသည့် အရာ ရှိပါဦးမည်လော။
မင်းအောင်လှိုင်သည် ထိုသို့ အကျပ်အတည်းများ ရင်ဆိုင်နေရသည်ကို သိနေပြီး ဖြစ်၍ နိုင်ငံတကာ မှ ၎င်း၏ လုပ်ရပ်များကို လက်ပိုက်ကြည့်နေရန် ရွေးကောက်ပွဲ ဆိုသည်နှင့် ချွေးသိပ်ရန် ကြိုးစားလာသည်။ တရုတ်အားကိုး ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းရေး ရယူကာ တော်လှန်ရေး ကို သပ်လျှို ဖြိုခွဲရန် ကြံစည်လာကြသည်။ ထိုဗျူဟာကို ယခုထက်တိုင် စွဲကိုင် ယုံကြည်နေဆဲ ဖြစ်သည်ကို ပတ္တရာ ဆွေးနွေးပွဲတွင် အထင်အရှား တွေ့လာရသည်။ ၎င်းတို့ နှင့် ငြိမ်းချမ်းရေး ယူဖို့ မဆိုထားဘိ၊ ပြည်သူ တော်လှန်ရေး အင်အားစုများကို မကူညီပါဟု ပါးစပ်ကတိပင် ရမသွားခဲ့သည့် အခါတွင်တော့ တိုင်းရင်းသား လက်နက်ကိုင်များသည် ဘိန်းလုပ်ငန်း ဖြင့် ရနေသော အကျိုးအမြတ်များကို မစွန့်လွှတ်နိုင်သောကြောင့် ဖြစ်သည်ဟု အ ပနာပ ပြောလာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ၁၉၄၉ အင်းစိန်တိုက်ပွဲ၊ ပဲခူးရိုးမမှ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များကို တိုက်ထုတ်နိုင်ခဲ့မှု၊ တရုတ်ဖြူ စစ်ဆင်ရေး များ ဖြင့် ဆက်၍ စိတ်ကူးယဉ်နေကြဆဲ ဖြစ်သော မင်းအောင်လှိုင် နှင့် အပေါင်း အပါများသည် လူထု ထောက်ခံမှု အပြည့်အဝရထားသော ပြည်သူ့တော်လှန်ရေး အင်အားစု များကို အဆုံးတွင် ဖြိုခွင်းနိုင်ကြလိမ့်မည်ဟု ကိုယ်လိုရာ ဆွဲကာ ယစ်မူးနေကြဆဲ ဖြစ်သည်။
သို့သော် အခြေအနေမှန်ကို ရိပ်စားမိလာကြသော မယ်စဲ့ ဗျူဟာကုန်းစစ်တပ်စခန်းမှ စစ်ကဲများသည် တတိုင်းပြည်လုံး ရှိ ပေးသမျှ ယူ ကျွေးတာစား ဘဝ ဖြင့် သာယာနေကြသူများကို အုံးမောင်း ခေါက်၍ တပ်လှန့်လိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိတွင် အလင်းဝင်လာသူများ ဟု ယူဆနေဆဲဖြစ်ပြီး နောက်ပိုင်း တွင် စစ်သုံ့ပန်းများ အဖြစ် မှတ်ယူ လာကြတော့မည်သာ ဖြစ်သည်။ အချိန်မနှောင်းခင် လုပ်သင့်တာ လုပ်ကြရတော့မည်၊ ပြည်သူ့ တော်လှန် ရေး အင်အားစုများ နှင့် ပူးပေါင်း တိုက်ပွဲဝင်သင့်ပြီ ဖြစ်သည်။
ရာထူး စည်းစိမ် အာဏာ တခုတည်းကို မက်မောပြီး မင်းအောင်လှိုင်၏ ထားရာနေ စေရာသွား ဘဝဖြင့် သာ ရှင်သန်နေကြရသူ များ လည်း အမြင်မှန် ရသင့်လှပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
ဓါတ်ပုံ ကရက်ဒစ် - ဒေါက်တာ ဆာဆာ ၏ ဖေ့စ်ဘုတ် အကောင့်