နှစ်ဆယ်ရာစု နှစ်အတွင်း အာဏာရှင်များသည် လူထုအား အကြောက်တရားများ၊ လိမ်လည်လှည့်ဖျားမှု များ၊ တဦး နှင့် တဦး ညီညွတ်ခြင်း မရှိအောင် ရန်တိုက်ပေးမှုများ ဖြင့် အာဏာသို့ တက်လှမ်းလာခဲ့ကြစမြဲ ဖြစ်သည်။ အာဏာရှင်များသည် ၎င်းတို့ အာဏာ တည်မြဲစေရန် ဒီအတိုင်း တော့ နေ၍ မရ၊ ၎င်းတို့အား ထောက်ခံလာကြသည့် သာမန် ပြည်သူများအား ဆန့်ကျင်သူများ ကို နှိပ်စက် သတ်ဖြတ် ကွပ်မျက် ခြင်းများ ကျုးလွန်ရန် စေခိုင်းခဲ့သည့် နည်းဖြင့် ရှင်သန်ခဲ့ကြရသည်။ သူတို့ ထိုသို့ ကျုးလွန်ခဲ့ကြသူများ သည် ကံကြမ္မာ၏ ဒဏ်ခတ်ခြင်းကို လည်စင်းခံရစမြဲ ဖြစ်သည်ကို နမူနာ များ ဖြင့် တင်ပြသွားပါမည်။
ဆက်ဒမ် ဟူစိန်
ဆက်ဒမ် ဟူစိန်သည် သူသွားလေရာ တွင် အကြောက်တရားများကို ပျံ့ပွားအောင် လုပ်လေ့ရှိသူ ဖြစ်သည်။ ၂၄ နှစ်တာ တိုင်းပြည်ကို အုပ်စိုးခဲ့စဉ်အတွင်း သူ၏ လက်သပ်မွေးထားသော မူကာဘာရက် ခေါ် လျို့ဝှက် စစ်ပုလိပ် အဖွဲ့သည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ရက်စက်ကြမ်းကြုပ်သော နည်းမျိုးစုံ ဖြင့် ထောင်သောင်း ချီသော လူများကို သတ်ဖြတ်ခဲ့ကြသည်။
၁၉၈၆-၈၉ ကာလအတွင်း အင်ဖာ ဂျီနိုဆိုက် အမှုကြီး ကျုးလွန်ခဲ့စဉ် အတွင်း ကပ်ဒ် နှင့် ရှီးယိုက် မျိုးနွယ်စုများ အား အဆိပ်ဓါတ်ငွေ့ သုံး၍ သတ်ဖြတ်ခဲ့သည်။ ၁၉၈၀ တွင် အီရန်ကို ကျုးကျော် တိုက်ခိုက်ခဲ့ရာ အီရန် နိုင်ငံသား တသန်းခန့် အသက်ဆုံးရှုံးသွားခဲ့ရသည်။ ၁၉၉၀ တွင် ကူဝိတ်ကို ဝင်ရောက်သိမ်းပိုက် လာခဲ့ရာမှ ပထမ ပင်လယ်ကွေ့ စစ်ပွဲကြီး ဖြစ်ပွားလာခဲ့ရသည်။
အမေရိကန် သမ္မတ ဂျော့ချ် ဘွတ်ရှ်သည် ၂၀၀၃ မတ်လတွင် အီရတ်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့မှု နှင့် အတူ ဆက်ဒမ် ဟူစိန်သည်လည်း ပုန်းရှောင်သွားခဲ့ရသည်။ ကိုးလ အကြာ ၂၀၀၃ ဒီဇင်ဘာ ၁၃ ရက်တွင် အမေရိကန် တပ်များက တွင်းကြီး တခုထဲ ဝင်ရောက် ပုန်းအောင်းနေသော ဆက်ဒမ်အား လက်ရာ ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းအား ၁၉၈၂ အတွင်း ရှီးယိုက် အနွယ်ဝင် လူပေါင်း ၁၄၈ ဦးအား သတ်ဖြတ်ခဲ့မှု နှင့် ရုံးတင် စစ်ဆေးခဲ့ပြီး ၂၀၀၆ နိုဝင်ဘာလ ၅ ရက် တွင် အပြစ်ရှိကြောင်း တရားရုံးမှ ဆုံးဖြတ်ခဲ့သဖြင့် နှစ်လ နီးပါး အကြာ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကြိုးပေးစီရင်ခဲ့သည်။ အီရတ် နိုင်ငံသားတဦးက ကင်မရာတလုံးအား ခိုးဝှက်ယူဆောင် လာနိုင်ခဲ့သဖြင့် ဆက်ဒမ် အား ကြိုးပေးသည့် မြင်ကွင်းကို အမိအရ ရိုက်ယူနိုင်ခဲ့သည်။ ရှီယိုက် ဘာသာဝင် တဦးက ပါးကွက်သား အဖြစ် ဦးဆောင်ခဲ့ပြီး ရပ်ကြည့်နေသည့် တာဝန်ရှိသူများအားလုံး ၏ အော်ဟစ် ဆဲဆိုခြင်းကို မသေမီ ကြားသိသွားခဲ့ရသည်။
ကဒါဖီ
မွမ်မာ မိုဟာမက် ကဒါဖီသည် ၁၉၆၉ တွင် စစ်တပ်အရာရှိငယ်များ အား ဦးဆောင်၍ ဘုရင် အိုင်ဒရစ် အား သွေးထွက် သံယိုမရှိ ဖြုတ်ချနိုင်ခဲ့သည်။ ထို့နောက် ၁၉၆၉ မှ ၁၉၇၇ အထိ လစ်ဗျား အာရပ်သမ္မတ နိုင်ငံ ၏ တော်လှန်ရေး ကောင်စီ ဥက္ကဌ အဖြစ် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်။ ထို့နောက် လစ်ဗျား အား “ဆိုရှယ်လစ်နိုင်ငံ” အဖြစ် အသွင်ပြောင်းလိုက်သည် ဆိုပြီး တိုင်းပြည်အား “အကိုကြီး အဖအရာ ခေါင်းဆောင်” အဖြစ် ၂၀၁၁ သေဆုံးချိန်အထိ အုပ်ချုပ်လာခဲ့သည်။
သူသည် လစ်ဗျား ရှိ ဂျူးများ၊ အီတာလျံ လူမျိုးများ နှင့် အမေရိကန် စစ်တပ်ကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ နိုင်ငံ တွင်း ရှိ အချို့က သူအား တိုင်းပြည်ကို ကြွယ်ဝအောင် အုပ်ချုပ်နိုင်ခဲ့သူ အဖြစ် သတ်မှတ်ခဲ့သော်လည်း တဖက်တွင် နိုင်ငံသားများ၏ လူ့အခွင့်အရေး များကို ချိုးဖောက်ခြင်း နှင့် ထိုသို့ ကြွယ်ဝချမ်းသာလာမှု များကို အသုံးချ၍ ကမ္ဘာ ပေါ်ရှိ အကြမ်းဖက် အုပ်စုများကို ငွေကြေး ပံ့ပိုးလာခဲ့သည်။
၂၀၁၁ တွင် ပုန်ကန်မှုကြီး ဖြစ်ပွားလာစဉ်အတွင်း လစ်ဗျား ပြည်သူ့စစ်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ပစ်သတ်ခြင်း မခံရမီ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော လူအုပ်ကြီးမှ ဝိုင်းရိုက်နေပုံ ကို ဖုန်းကင်မရာဖြင့် မှတ်တမ်း တင်နိုင်ခဲ့၍ တကမ္ဘာလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရသွားခဲ့သည်။
အီဒီ အာမင်
အီဒီအာမင်သည် ၁၉၇၁ တွင် တိုင်းပြည်အာဏာကို သိမ်းယူပြီး ၁၉၇၉ နှစ်အထိ အုပ်ချုပ်နိုင်ခဲ့သည်။ ထိုကာလများ အတွင်း ၎င်းနှင့် မျိုးနွယ်စု မတူသူ သုံးသိန်းနီးပါးကို သတ်ဖြတ်ခဲ့သဖြင့် “ယူဂန္ဒာ သားသတ်သမား” ဟု အမည်တွင်ခဲ့သည်။ ထို့ပြင် တောင်အာရှ မှ ရွှေ့ပြောင်းဝင်ရောက်လာသူများကို ခေါင်းမဖေါ်နိုင်အောင် ဖိနှိပ်လာခဲ့သည်။
နိုင်ငံတကာတွင် ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့ရသည်က အစ္စရေး ခရီးသည်တင် လေယာဉ်ကြီး အား ပြန်ပေးဆွဲလာသော ပါလက်စတိုင်း အကြမ်းဖက်သမားများကို မြို့တော်ရှိ အင်တက်ဘီ လေဆိပ်တွင် ဆင်းသက် ခိုလှုံခွင့် ပေးခဲ့မှု ပင် ဖြစ်သည်၊ အစ္စရေးဖက်မှ အထူးစစ်ဆင်ရေး ကွန်မန်ဒိုများ စေလွှတ်၍ ခရီးသည်များကို ကယ်ထုတ်နိုင်ခဲ့သည်။ သူသည် ဇနီးများထဲမှ တဦးအား ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သည်အထိ ကိုယ်ထိလက်ရောက် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
၁၉၇၈ တွင် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက် ဆော်ဒီ ဘုရင်မိသားစုမှ ဂျက်ဒါတွင် နေထိုင်ခွင့် ပေးခဲ့ပြီး အစစ အရာရာ ထောက်ပံ့ပေးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ကျောက်ကပ်ပျက်စီးသည့် ဝေဒနာကြောင့် ဆော်ဒီ ဆေးရုံတရုံ ၌ သေအံ့ဆဲဆဲ ဖြစ်နေချိန်တွင် ဇနီးဖြစ်သူမှ တိုင်းပြည်သို့ ပြန်ခွင့်ပေးရန် ယူဂန္ဒာ သမ္မတ ဖြစ်သူအား အသနားခံခဲ့သော်လည်း အာမင် အနေဖြင့် သူကျုးလွန်ခဲ့သော ရာဇဝတ်မှုများ အား ပထမဦးဆုံး တာဝန်ခံမှသာ ပြန်ခွင့်ပေးမည်ဟု အကြောင်းပြန်ခဲ့သည်။ ဤသို့ဖြင့် အာမင်သည် လူမသိ သူမသိ ဘဝဖြင့် ၂၀၀၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဆော်ဒီ တွင် ကွယ်လွန်သွားခဲ့သည်။
မူဆိုလိုနီ
ဘင်တို မူဆိုလိုနီသည် ဒုတိယ ကမ္ဘာစစ်အတွင်း သမိုင်း၏ မှားယွင်းသော ဖက်ခြမ်းတွင် ရပ်တည်ခဲ့သူ ဖြစ်သည်။ ယခုကမ္ဘာပေါ်တွင် လူသိများလာသည့် ဖက်ဆစ်ဝါဒ ၏ ခေါင်းကိုင် ဖခင်ကြီးလည်း ဖြစ်သော်လည်း ၁၉၄၃ ခုနှစ် ဇူလိုင်လ တွင် မဟာမိတ်တပ်များ စစ္စလီ ကျွန်းကို စတင် တိုက်ခိုက် သိမ်းပိုက်လာချိန်တွင် သူတည်ထောင်ခဲ့သော ဖက်ဆစ် မဟာကောင်စီ ၏ ဖြုတ်ချခြင်း ခံခဲ့ရသည်။
၎င်းအား မြင့်မားလှသော တောင်ထိပ်တခု၏ အကျဉ်းစခန်းတွင် ချုပ်နှောင်ထားစဉ် ဟစ်တလာ၏ ညွှန်ကြားမှု ဖြင့် နှစ်လ အကြာတွင် အက်စ်အက်စ် အထူး ကွန်မန်ဒို တပ်စုမှ ဂလိုက်ဒါများ စီး၍ အရဲစွန့် ဝင်ရောက် ကယ်ထုတ်နိုင်ခဲ့သည်။
သူ့အား ဂျာမန်တို့ လွှမ်းမိုးမှု အောက်တွင် ရှိနေဆဲဖြစ်သော မြောက်ပိုင်းတွင် အီတလီ ဆိုရှယ် သမ္မတနိုင်ငံ၏ အာဏာရှင် အဖြစ် ပြန်လည် တင်မြှောက်ခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာစစ်ကြီးသည် ကြီးမားသော အလှည့်အပြောင်းကြီး စတင်လာနေပြီ ဖြစ်၍ အီတလီ နိုင်ငံသားများသည် သူ့အပေါ် လိုလိုလားလား မရှိကြတော့။
၁၉၄၅ ဩဂုတ်လတွင် မဟာမိတ်တပ်များ ဝင်ရောက်လာနေပြီ ဖြစ်၍ ထွက်ပြေးရန် ကြံနေသော မူဆိုလိုနီ နှင့် သူ၏ အပျော်မယား အား ပျောက်ကြား တော်လှန်ရေး တပ်များက ဖမ်းဆီးနိုင်ခဲ့သည်။ နောက်တနေ့မှာပင် တော်လှန်ရေး အင်အားစုများ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရပြီး မီလန် မြို့လယ်ခေါင် ရင်ပြင်တွင် အလောင်းများကို ဓါတ်တိုင်တွင် ဇောက်ထိုး ချိတ်ဆွဲ ပြသခဲ့သည်။
‘ကင်အီဆွန်း
သူ့အား ၁၉၁၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မြောက်ကိုရီယား ကို ၁၉၄၈ တွင် စတင် တည်ထောင် ခဲ့ပြီး ၁၉၉၄ ကွယ်လွန်သွားချိန်အထိ အုပ်ချုပ်သွားခဲ့သည်။ မြောက်ကိုရီယား အား ကွန်မြူနစ် နိုင်ငံ အဖြစ် ပြောင်းလဲပြီး စီးပွားရေး အားလည်း နိုင်ငံတော် မှ စီမံခန့်ခွဲသည့် ပုံစံဖြင့် အုပ်ချုပ်ခဲ့သည်။
၁၉၅၀ တွင် တောင်ကိုရီယားကို ကျုးကျော် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် ကိုရီယား ပြည်သူ ငါးသန်းခန့် သေဆုံးသွားခဲ့ရသည်။
၁၉၆၀ ကျော် နှစ်များ တွင်တော့ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု ပုံစံဖန်တီးလာပြီး သူ့အား နတ်ဘုရား အလား ထင်လာစေသည့်အထိ ဖန်တီးလာခဲ့သည်။ ၁၉၉၄ ဇူလိုင် ၈ရက်နေ့တွင် သူ၏ နေအိမ်တွင် ရှိနေစဉ် အတွင်း နှလုံးရောဂါဖြင့် လဲကျသွားခဲ့သည်။ သားဖြစ်သူ ကင်ဂျောင်အီသည် သူ့အဖေအား နေ့ညမပြတ် စောင့်ကြည့်ပေးနေသော ကိုရီယား ဆရာဝန်များကို နှင်ထုတ်လိုက်ပြီး နိုင်ငံတွင်းရှိ သမားတော် အကျော်အမော်များကို ချက်ခြင်းလို လေယာဉ်ဖြင့် ရောက်သည့်နေရာမှ ဆင့်ခေါ်လာခဲ့သည်။
သို့သော် ကင်အီဆွန်းသည် ထိုနေ့ ညပိုင်းတွင်ပင် ကွယ်လွန်သွားခဲ့သည်။ သားဖြစ်သူ ကင်ဂျောင်အီမှ တိုင်းပြည်ကို သူကွယ်လွန်ချိန် ၂၀၁၁ အထိ ဆက်လက်အုပ်ချုပ်သွားခဲ့သည်၊ ယခုအခါတွင် တော့ ကင်ဂျောင်အီ ၏ သားဖြစ်သူ ကင်ဂျုံအန်း အုပ်ချုပ်နေပြီ ဖြစ်သည်။
စတာလင်
ဂျိုးစက် စတာလင်သည် ဆိုဗီယက် ပြည်ထောင်စုအား ၁၉၂၀ နှစ်လယ်ပိုင်းမှစ၍ ကွယ်လွန်ချိန် ဖြစ်သည့် ၁၉၅၃ အထိ အုပ်ချုပ်သွားခဲ့သည်၊ သူ ရူးသွပ်ခဲ့သော မက်စ်-လီနင် ဝါဒ ဖြင့် အုပ်ချုပ်ခဲ့စဉ် ကာလများ အတွင်း မှတ်တမ်းမှတ်ရာ အတိအကျ ဖြင့် ကွပ်မျက်ခြင်း ခံခဲ့ရသူ ၇၉၉,၄၅၅ ဦး ရှိခဲ့သည်။ ၁၉၃၂-၃၃ တွင် ယူကရိန်း တွင် အစာရေစာ ငတ်မွတ် ခေါင်းပါးမှု ကြီး ဖြစ်ပွားလာရာ သစ်ပင်မှ သစ်မြစ်များကို တူးစားရသည့် အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ဂူလက် ခေါ် နိုင်ငံရေး သုံ့ပန်းစခန်းကိုလည်း တည်ထောင်ခဲ့သူ ဖြစ်သည်။
သူ၏ သက်တမ်း အတွင်း လူကိုးသန်းခန့် သေဆုံးခဲ့ပြီး ထိုအထဲတွင် ခြောက်သန်းခန့်သည် တမင်ရည်ရွယ်ချက် ဖြင့် သတ်ဖြတ်ခံခဲ့ရသူ များ ဖြစ်သည်။
သို့သော် သူ၏ တပ်နီတော်သည် ဒုတိယ ကမ္ဘာစစ် အတွင်း စစ်အောင်နိုင်ရေး အတွက် အဓိက အခန်းမှ ပါဝင်ခဲ့သည်၊ ထို့အတွက် ဆိုဗီယက် ပြည်သူ ဆယ့်ငါးသန်းခန့် အသက် ပေးလှုခဲ့ရသည်။
၁၉၅၃ မတ်လ ၁ ရက်နေ့တွင် ကြမ်းပြင်ပေါ်တွင် သေးများစိုရွှဲကာ လဲကျနေသည်ကို သူ၏ သက်တော်စောင့်များက တွေ့ရှိခဲ့သည်။ ထိုအချိန်တွင် အသက်ငင်နေပြီ ဖြစ်သည်။ သူသည် ဦးနှောက် သွေးကြောပေါက်မှု ကြောင့် ဖြစ်သည်ဟု သိရှိခဲ့သဖြင့် အဆိပ်ခတ်ခံရ၍လားဟု သံသယ များ ဝင်လာခဲ့ကြသည်။
မည်သို့ပင် ဖြစ်စေ သူ၏ နောက်ဆုံးအချိန်များ တွင် ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရပြီး လေးရက်အကြာ တွင် ကွယ်လွန်သွားခဲ့ရသည်။ သူ၏ ရုပ်အလောင်းအား ဆေးရည်စိမ်ပြီး မော်စကို ရှိ ယူနီယံ အဆောက်အဦး တွင် သုံးရက်ကြာ လူထုအား ပြသခဲ့သည်။ လာရောက်ကြည့်ရှုသူ များပြားလွန်းလှသဖြင့် လဲပြိုကာ တက်နင်းမိကြရာမှ လူ တရာ ခန့် သေဆုံးသွားခဲ့ရသည်။
အချိန်ရလျှင် ရသလို ချီလီ ခေါင်းဆောင် ပီနိုချေး၊ မော်စီတုံး၊ ဟစ်တလာ၊ ဂျပန် စစ်ခေါင်းဆောင် တိုဂျို၊ ပတ်ချုံဟီး၊ အန်ဝါ ဆာဒတ်၊ စပိန် အာဏာရှင် ဖရန်ကို၊ ပိုပေါ့၊ ချောင်စက်စကူး၊ လိုင်ဘေးရီယား ခေါင်းဆောင် ဆင်မြူရယ် ဒိုး တို့ အကြောင်းကို တင်ပြသွားပါမည်။