စစ်ကောင်စီမှ ဘိုင်ဒင်-မိုဒီ ပူးတွဲကျေညာချက် အား ရှုတ်ချ

by Hla Soewai - Jun 28 2023

အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာ နိုင်ငံ အတွင်း အခြေအနေများ ပိုမို ဆိုးဝါးလာနေပြီ ဟု ဘိုင်ဒင်-မိုဒီ ပူးတွဲကျေညာချက် တွင် ပါရှိလာ၍ ယခုလို တုန့်ပြန် ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

 

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် အမေရိကန် သို့ တရားဝင် ခရီး အဖြစ် ရောက်ရှိနေစဉ် အိမ်ဖြူတော်တွင် သမ္မတ ဘိုင်ဒင် နှင့် တွေ့ဆုံ ဆွေးနွေးအပြီး ထုတ်ပြန်လိုက်သော ကျေညာချက်ထဲတွင် မြန်မာ နှင့် ပတ်သက်၍ “၎င်းတို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ဖို့ တောင်းဆိုကြောင်း၊ အပြု သဘော ဆောင်မည့် ဆွေးနွေးပွဲများ ပြုလုပ်၍ အားလုံး ပါဝင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ထူထောင်ရန်” အစရှိသဖြင့် ပါရှိလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့မှ “မိမိတို့ သည် မည်သူကိုမျှ ဥပဒေမဲ့ ဖမ်းဆီးခဲ့ခြင်း” မရှိဟု တုန့်ပြန်လာသည်။ ဆိုလိုသည် မှာ နိုင်ငံရေး အကျဉ်းသား တဦးတလေမျှ မရှိဟူ၍ ဖြစ်သည်။

 

“၎င်းတို့ အနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ် ဖွံ့ဖြိုးရေး ကို အာမခံနိုင်ရန် နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းနေပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် အပေါ် အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နေသည်” အစရှိသဖြင့် ကြောက်ကြောက်လန့်လန့် နှင့် တုန့်ပြန်လာခြင်း လည်း ဖြစ်သည်။

 

သို့သော် ၎င်းတို့၏ မဆင်မခြင် အသိဉာဏ်မဲ့ လုပ်ရပ်ကြောင့် ပန်း ပန်သည်ကို “ဥပဒေနှင့် အညီ” ဖမ်းဆီး ခဲ့သော အစိုးရမျိုး ဟု ပြောလာသည့်အတွက် ကမ္ဘာတွင် ဟိုလေးတကျော်ကျော် ဖြစ်ပြီး မီဒီယာများက “ထူးဆန်း အံ့ဖွယ် ကမ္ဘာတခွင်” ကဏ္ဍတွင်ပင် ထည့်သွင်းဖေါ်ပြရ မလို ဖြစ်လာနေသည်။

 

မြန်မာပြည်တွင် အခြေအနေများ ဆိုးဝါးလာနေသည် ဆိုသောစကားမှာ လူတိုင်း၏ ပြောရိုးပြောစဉ် အသုံး အနှုံးမျိုး ဖြစ်နေသော်လည်း ၎င်းတို့၏ မဟာမိတ်ကြီးဟု ယူဆထားသော အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ထံမှ ယခုလို ထွက်ပေါ်လာခြင်း အတွက် ဆတ်ဆတ်ခါ နာသွားကြခြင်း ဖြစ်သည်။ ထို့အတွက် မြန်မာ နှင့် ဆက်ဆံရေး ကောင်းမွန်ရန် လုံးပမ်းနေသည့် အိန္ဒိယ အား စည်းကျော်မလာရန် နှင့် အတည်ပြုထားသည့် ဇာတ်ညွှန်း အတိုင်း အသုံးတော်ခံရန်သာ ပြင်းထန်စွာ သတိပေးလိုက်ခြင်း ဖြစ်သည်။ အိန္ဒိယ ဖက်မှ သဘောထား ပြောင်းပြီး ၎င်းတို့ အပေါ် ဆန့်ကျင်လာတော့မည်လားဟု စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။

 

တဖက်တွင် ယခုလို အနေအထားမျိုး၌ ကမ္ဘာ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီး နှစ်နိုင်ငံ ထံမှ ယခုလို အသုံး အနှုန်းမျိုး ထွက်လာခြင်း အတွက်လည်း မင်းအောင်လှိုင် အဖို့ ဂယောင်ခြောက်ခြား ထိတ်လန့် လာနေ၍ မိမိတို့ ဘာတွေ လုပ်နေပါသည်ဟု မိုးကြိုးပစ် သည်ကို ထန်းရွက် နှင့် ကာရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဗြိတိန် ဝန်ကြီးချုပ် နှင့် ဘိုင်ဒင်တို့ ထံမှ ထွက်လာပါက ၎င်းအနေနှင့် ထိုသို့ တုန့်ပြန်လိမ့်မည် မဟုတ်ပေ။

 

စစ်ကောင်စီသည် တရုတ် နှင့် ရုရှား တို့၏ ထောက်ခံမှု ရနေသော်လည်း နိုင်ငံတကာက လူကို လူလို တန်ဖိုးထား ဆက်ဆံရကောင်းမှန်း မသိသည့် ခေါင်းဆောင်များ၊ သူတော်ချင်းချင်း သတင်းလွေ့ဟုသာ သဘောထား နေကြမှန်း သိထား၍ ၎င်းတို့ ဝါဒ ဖြန့်ချီရေး အတွက် အသုံးမတည့်လှ၊ အိန္ဒိယကဲ့သို့ ကမ္ဘာ ဒီမိုကရေစီ နိုင်ငံကြီး တနိုင်ငံက ၎င်းတို့အား အသိအမှတ်ပြုသည့် ပုံစံမျိုး နှင့် ဆက်ဆံလာသည့် အတွက် လူရှိန်စရာ ဖြစ်သည်ဟု ယူဆသည်။ နောက်တချက်မှာ ရေနံ နှင့် လက်နက်များကို အိန္ဒိယ အား ကြားခံထား၍ ရနေသည်ကလည်း ရှိနေ၍ အိန္ဒိယ စိတ်ပြောင်းသွားမည်ကို စိုးရိမ်လာ၍ ဖြစ်သည်။

 

စစ်ကောင်စီသည် နိုင်ငံတွင်း စစ်ရေး အရလည်း တနေ့တခြား အရေးနိမ့်လာနေပြီး စီးပွားရေး ဖက်တွင်လည်း အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ အပြင်းအထန် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းကို ခံနေရ လေသည်။

 

မကြာသေးမီက ဟွန်ဆန် မှ မြန်မာ တွင် အာဏာသိမ်းထားသည့် နှစ် နှစ်ကျော် ကာလ အတွင်း မည်သည့် တည်ဆောက်ရေး လုပ်ငန်းတခုမျှ မယ်မယ်ရရ ထွက်ပေါ် မလာနိုင်ဘဲ ကမ္ဘောဒီယား တွင် ငြိမ်းချမ်းနေ၍ ထိုကာလ အတွင်း မည်မျှအထိ တိုးတက်လာခဲ့သည်ကို ထောက်ပြပြီး အာဏာသိမ်း အဖွဲ့၏ အုပ်ချုပ်ရေး အတွက် အသားယူ မေးခွန်းထုတ်လိုက်ပြီး ဖြစ်သည်။

 

တဖြေးဖြေး နှင့် စစ်ကောင်စီသည် နိုင်ငံတွင်း ဆက်၍ တည်မြဲနေခြင်းမှာ ၎င်းတို့ အတွက်သာ ဖြစ်နေပြီး တိုင်းပြည် နှင့် လူမျိုး အတွက် ဘာတခုမှ ကောင်းရာ ကောင်းကျိုး ဖြစ်မလာ၊ ဝန်ထုပ်ဝန်ပိုး ကြီး ဖြစ်လာနေပြီ ကို လူထု အနေနှင့် လယ်ပြင်တွင် ဆင်သွားသလို တွေ့မြင်လာကြရသည်။ ၎င်းတို့၏ ငြိမ်းချမ်းရေး ဆိုသည် မှာလည်း ဆန့်ကျင်သူများ ကို ချေမှုန်းရန် ကြိုးစားနေခြင်းထက် မပိုပေ။

 

မင်းအောင်လှိုင် အဖို့ ဆုပ်လည်းဆူး စားလည်းရူး အခြေကို ဆိုက်နေပြီ ဖြစ်သည်။ လူထုကို ယခုထက် ပို၍ ဖိနှိပ် ချုပ်ချယ် ပြီး စစ်ရေး အရှိန်အား အလွန်အကျွံ အင်အားသုံး မြှင့်တင်လိုက်မည် ဆိုလျှင် နိုင်ငံတကာမှ လွန်သည် ထက် လွန်လာနေပြီ ဆိုကာ လက်ပိုက် ကြည့်နေတော့မည် မဟုတ်ကြောင်း သိထားပြီး ဖြစ်သည်။ ဒီအတိုင်း ဆက်သွားမည် ဆိုကလည်း တော်လှန်ရေး အင်အားစုများသည် နေပြည်တော်သို့ အနှေး နှင့် အမြန် ရောက်လာ ကြပေမည်။

 

သူ့အတွက် နောင်ခါလာ နောင်ခါဈေး ဟူ၍ ပထမ အချက်ကို ရွေးချယ်ကောင်း ရွေးချယ်လာနိုင်သဖြင့် အဆင် သင့် ပြင်ဆင်ထားကြရတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!