ဩဂတ်စတို ပီနိုရှေး
သူသည် ၁၉၇၃ ခုနှစ်တွင် စီအိုင်အေ ၏ အားပေးထောက်ခံမှု နှင့် အာဏာသိမ်းခဲ့သူ ဖြစ်ပြီး တိုင်းပြည်ကို ရက်ရက်စက်စက် အုပ်ချုပ်သွားခဲ့သည့် အာဏာရှင်တဦး ဖြစ်လာခဲ့သည်။ ထိုစဉ်က ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသော အာလန်ဒေး၏ ယူနီဒက် ပြည်သူ့ အစိုးရ အား ဖြုတ်ချခဲ့ခြင်းဖြင့် လူထု အုပ်ချုပ်ရေး အား အဆုံးသတ်ခဲ့သူ ဖြစ်သည်။
၎င်း၏ စစ်အာဏာသိမ်း အဖွဲ့သည် ချီလီအား ၁၉၉၀ အထိ အုပ်ချုပ်ခဲ့သည်၊ ထိုကာလအတွင်း ပီနိုရှေး၏ လက်ယာစွန်း အစိုးရသည် လူပေါင်း ၃,၀၀၀ ခန့်အား သတ်ဖြတ်ခဲ့ပြီး ၂၉,၀၀၀ ခန့်အား စစ်ကြောရေးစခန်းများ တွင် နှိပ်စက်ညှင်းပမ်းခဲ့သည်။
သူအား စပိန်၏ နိုင်ငံတကာ နယ်ခြားမဲ့ တရားစီရင်ရေး ခုံရုံး (Universal Jurisdiction) ဆုံးဖြတ်ချက် ကြောင့် ၁၉၉၈ တွင် ဗြိတိသျှ အစိုးရမှ လန်ဒန် တွင် ဖမ်းဆီးပေးခဲ့သော်လည်း စပိန်သို့ လွှဲပြောင်းမပေးပဲ အကျယ်ချုပ် ဖြင့် ထားရှိခဲ့သည်၊ နောက်ပိုင်းတွင် ဗြိတိသျှ အစိုးရ က အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သည်။ ဤသည်ကား အမေရိကန် နှင့် ဗြိတိန် တို့ ပါဝင် ပတ်သက်မှုများ စပိန်တရားရုံး တွင် ဗူးပေါ်သလို ပေါ်နိုင်သည့် အရေးကြောင့်ပင် ဖြစ်သည်။
နှလုံးသွေးကြောပိတ် ရောဂါဖြင့် ၂၀၀၆ ဒီဇင်ဘာ ၁၀ ရက်နေ့ ကွယ်လွန်သွားချိန်တွင် သူ့အပေါ် စွဲဆိုထားသော လူ့အခွင့်အရေး ချိုးဖောက်မှု၊ အခွန်တိမ်းရှောင်မှု၊ နိုင်ငံပိုင်ငွေများ အလွဲသုံးစားမှု၊ လျို့ဝှက် ဘဏ်အကောင့်များ ရှိနေမှု၊ လက်နက် ဝယ်ယူမှု များ ဖြင့် စွဲချက်တင်ထားသော အမှုပေါင်း ၃၀၀ ခန့် ရှိနေသည်။
ဥက္ကဌကြီး မော်စီတုံး
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့ပြီးနောက် အကြောက်တရား လွှမ်းမိုးစေရေး ရည်ရွယ် အုပ်ချုပ်ခဲ့မှုကြောင့် တရုတ်နိုင်ငံသား သန်းပေါင်း ၄၀ မှ ၈၀ အကြား သေဆုံးသွားခဲ့ရသည်။ ထိုသို့ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်ခဲ့သော်လည်း သူ၏ လုပ်ရပ်ကောင်းများ နှင့် ပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှု များ ကြောင့် သူ၏ နောက်ဆုံး အချိန် ရောက်လုနီးအထိ တိုင်းပြည်အား တသွေးတသံ တမိန့် ဖြင့် အုပ်ချုပ်သွားနိုင်ခဲ့သည်။
မော်စီတုံးသည် အသက် ၈၂ နှစ် အရွယ် ၁၉၇၆ စက်တင်ဘာ ၉ ရက်နေ့တွင် ငြင်သာစွာ ဖြင့် လူလောက ကြီးအား စွန့်ခွာသွားခဲ့သည်။
မော်စီတုံး အပေါ် သူ၏ လုပ်ရပ်များ အတွက် တရားဥပဒေအရ အရေးယူနိုင်ခဲ့ခြင်း မရှိသော်လည်း သူ၏ ဇနီး ဖြစ်သူ ဂျန်ချင်း ဦးဆောင်သည့် လေးဦး ဂိုဏ်း၏ ကျဆုံးခန်းသို့ ဦးတည်သွားနိုင်ခဲ့သည်။ ဂျန်ချင်းသည် ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်း အလွန်အကျွံ ဖြစ်ခဲ့သော လုပ်ရပ်များ အတွက် များစွာ တာဝန်ရှိသူလည်း ဖြစ်သည်။
မော် ကွယ်လွန်ပြီးနောက်တွင် သူ၏ အလောင်းအား ဆေးစိမ်ကာ သက်ရှိ ဘုရားငယ်တဆူ အလား ကိုးကွယ်နိုင်ရန် စီမံခဲ့ကြသည်။ သူ၏ ရုပ်ကလပ် အား တရုတ် နိုင်ငံသား တသန်းခန့် တန်းစီ ဂါဝရ ပြုခဲ့ကြသည်။
အဒေါ့ဖ် ဟစ်တလာ
ပထမ ကမ္ဘာစစ်တွင် အရေးနိမ့်ခဲ့သည့် ဒဏ်ရာဒဏ်ချက်များကို ကုစားရင် တဖက်တွင် စစ်လျော်ကြေး ပေးနေရပြန်၍ ဂျာမဏီ စီးပွားရေးသည် နူရာဝဲစွဲ လဲရာသူခိုးထောင်း အဖြစ်နှင့် ရင်ဆိုင်လာခဲ့ရသည်။ ဤသို့ဖြင့် ဂျာမဏီ အား ကမ္ဘာအင်အားကြီး နိုင်ငံ ဖြစ်လာစေရမည်ဟု ကတိကဝတ်များ ဖြင့် ဟစ်တလာ နှင့် သူ၏ နာဇီပါတီသည် တိုင်းပြည် အာဏာကို ထိန်းချုပ်နိုင်ခဲ့သည်။
ဟစ်တလာသည် သူ၏ မွေးရာပါ အတ္တပေမ ဝါဒဖြင့် တတိုင်းပြည်လုံးမှ သူ့အား ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်လာကြသည်အထိ ဖြစ်အောင် ဦးနှောက် ဆေးကြောနိုင်ခဲ့သည်။ မိမိကိုယ် မိမိ အလွန်အမင်း ဘဝင်မြင့်လာနေသည့် ဟစ်တလာသည် ၁၉၃၉ တွင် ပိုလန် နှင့် ပြင်သစ် အား ဝင်ရောက်တိုက်ခိုက်လာ ခြင်း ဖြင့် ဒုတိယ ကမ္ဘာစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာခဲ့သည်။
ဤသို့ဖြင့် ကမ္ဘာသမိုင်း တလျှောက်တွင် လူတဦးတယောက်၏ ပယောဂကြောင့် လူသန်းပေါင်း များစွာ သေကြေ ပျက်စီးခဲ့ရသည့် အဖြစ်မျိုး နှင့် ပထမဆုံး နဖူးတွေ့ ဒူးတွေ့ ကြုံလာခဲ့ကြရသည်။
၁၉၄၅ တွင် အမေရိကန် နှင့် ဗြိတိသျှ တပ်များ သည် ဘာလင် ၏ အနောက်ဖက်မှ ဟစ်တလာ ပုန်းအောင်းနေရာ ဘန်ကာကြီး ရှိရာသို့ ချည်းကပ်လာနေသည်၊ တဆက်တည်းတွင် ရုရှားတပ်များကလည်း အရှေ့ခြမ်းမှ တဆင့် ဝင်ရောက်လာနေပြီ ဖြစ်၍ ဟစ်တလာ အဖို့ ပြေးစရာ မြေမရှိတော့ သည့် အဖြစ်နှင့် ကြုံလာခဲ့ရသည်။ ထို့အတွက် ဟစ်တလာသည် သူ၏ လက်စွဲတော် ပစ္စတို သေနတ်ဖြင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သည်။
သူ၏ အလောင်းအား သွားဖက်ဆိုင်ရာ မှတ်တမ်းများ ဖြင့် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ ထိုစဉ်က သူ၏ ဇနီး ဖြစ်သူ အီဗာ ဘရွမ်း သည် ဆိုင်ယင်နိုက် အဆိပ်သောက်၍ သတ်သေသွားခဲ့သည်။
ဟီဒီကီ တိုဂျို
တိုဂျိုသည် ဂျပန် ဘုရင်တပ်မတော်တွင် ရာထူး အဆင့်ဆင့် တက်လှမ်းလာခဲ့ပြီး စစ်ဝန်ကြီး အဖြစ် ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ ဂျာမဏီ နှင့် ဖက်ဆစ် အီတလီ နိုင်ငံများ နှင့် မဟာမိတ် စာချုပ် ချုပ်ဆိုနိုင်ရန် အဓိက အခန်းမှ ပါဝင်ခဲ့သည်။ ထို့ပြင် တရုတ်ပြည်နှင့် ပြင်သစ် ပိုင် အင်ဒိုချိုင်းနား ကို သူ၏ ဦးဆောင်မှု ဖြင့် ကျုးကျော် သိမ်းပိုက်ခဲ့ပြန်သည်။
၁၉၄၁ အောက်တိုဘာလ တွင် ဂျပန် ဘုရင် ဟီရိုဟီတိုသည် သူ့အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် နှစ်လ အကြာ ပုလဲဆိပ်ကမ်းကို အလစ်ဝင်ရောက် တိုက်ခိုက်မှု တွင် တာဝန်ရှိသူ ဖြစ်လာခဲ့သည်။
တိုဂျိုသည် စစ်ရာဇဝတ်မှု မျိုးစုံ ကျုးလွန်ခဲ့သူ ဖြစ်သည်၊ ထိုအထဲတွင် ဖီလစ်ပိုင် ရှိ အမေရိကန် စစ်သုံ့ပန်းများ အား မိုင်ပေါင်း ထောင်ချီသည့် ခရီးကို ခြေလျှင် ရွှေ့ပြောင်းပေးခဲ့သည့် “ဘာတန် သေမင်းတမန် ခရီးရှည်” ကြီး လည်း ပါဝင်ခဲ့သည်။ ထို့ပြင် ဂျပန်တပ်မတော် အတွက် ဇိမ်မယ်များ စုဆောင်းခြင်း၊ ဂျပန်တို့ သိမ်းပိုက်ထားသည့် အာရှ-ပစိဖိတ် ဒေသတွင်း မရေတွက်နိုင်အောင် များပြားလှသည့် အရပ်သားများ အား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု နှင့် စစ်သုံ့ပန်းများ သေဆုံးမှု များ အတွက် အဓိက တာဝန်ရှိသူ လည်း ဖြစ်သည်။
၁၉၄၅ ခုနှစ် ဂျပန်တို့ လက်နက်ချ အပြီးတွင် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာ သည် တိုဂျို အပါအဝင် ဂျပန် စစ်ဗိုလ်ချုပ်ကြီး ၄၀ အား ဖမ်းဆီးရန် အမိန့်ပေးခဲ့၍ အမေရိကန် စစ်မှုထမ်း ငါးဦးသည် ဖမ်းဝရမ်းများ ကိုင်ဆောင်၍ ဖမ်းဆီးရန် ရောက်ရှိလာခဲ့သည်။
အမေရိကန် တပ်သားများ တိုဂျို အိမ်သို့ ဝိုင်းရံလိုက်ချိန်တွင် တိုဂျိုသည် သူ့ကိုယ်သူ ပစ္စတို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ခဲ့သော်လည်း နှလုံး ရှိရာ သို့ ကပ်လွဲသွားခဲ့၍ ၁၉၄၉ ဇန်နဝါရီ ၂၃ ရက်တွင် တိုကျို စစ်ခုံရုံး၏ ကြိုးပေး ကွပ်မျက်ခြင်း ခံခဲ့ရသည်။
ပတ်ချုံဟီး
ပတ်ချုံဟီးသည် တောင်ကိုရီယား စစ်အာဏာရှင် နှင့် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အတွင်း တောင်ကိုရီယား အား ဖွံ့ဖြိုးပြီး နိုင်ငံ အဆင့်သို့ ရောက်အောင် လုပ်ပေးနိုင်ခဲ့သည်။ သူသည် ထိုသို့ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ၁၉၆၀ နှင့် ၁၉၇၀ နှစ်များ အတွင်း စီးပွားရေး မူဝါဒများ အဆင့်ဆင့် ချမှတ်ပြီး ပြုလုပ်ခဲ့သည်။
သို့သော် သူသည် ၁၉၇၂ တွင် မိတ်ဆွေကြီး ဖြစ်သော ဖိလစ်ပိုင် သမ္မတ မားကို့စ်ကို အားကျပြီး ကိုယ့်ကိုကိုယ် ပြန်၍ အာဏာသိမ်း ကာ သမ္မတ ဖြစ်လာခဲ့သည်။ ၁၉၇၅ တွင် ပတ်ခ် သည် မြို့တော် ဆိုးလ် ရှိ အိုးမဲ့ အိမ်မဲ့များကို အတင်းအကျပ် ဖယ်ရှားပစ်ခဲ့သည်၊ ထောင်ပေါင်းများစွာ အား ဖမ်းဆီးပြီး ချွေးတပ်စခန်းများသို့ ပို့ဆောင်ခဲ့သည်။
၁၉၇၉ အောက်တိုဘာ ၂၆ ရက်နေ့တွင် သူ၏ အနီးကပ် အယုံကြည်ရဆုံး မိတ်ဆွေလည်း ဖြစ် ထောက်လှန်းရေး အကြီးအကဲလည်း ဖြစ်သူ ကင်ဂျေးဂျူးမှ အစည်းအဝေး ပြုလုပ်နေစဉ် အတွင်း ပစ်သတ်ခဲ့သည်။ ပတ်ခ် ၏ ကိုယ်ရံတော် အမြောက်အမြားအားလည်း တဆက်တည်း ဆိုသလို ပစ်သတ်ခဲ့ပြန်သည်။
အန်ဝါ ဆာဒတ်
ဆာဒတ် ဦးဆောင်သည် လွတ်လပ်သော စစ်အရာရှိများ အဖွဲ့သည် အီဂျစ် ဘုရင် ဖာရောက်အား ၁၉၅၂ တွင် ဖြုတ်ချ အာဏာသိမ်းခဲ့သည်။ သူကိုယ်သူလည်း သမ္မတ အဖြစ် တင်မြှောက်ခဲ့သည်၊ သူ၏ အုပ်ချုပ်ရေး ကာလအတွင်း ၁၉၆၇ ခြောက်ရက် စစ်ပွဲ ကြောင့် အစ္စရေး လက်အောက် ရောက်ရှိသွားသော ဆိုင်းနိုင်းကျွန်းဆွယ်ကို ပြန်လည် ရရှိရန် ၁၉၇၃ တွင် ယွန်ကစ်ပူး စစ်ပွဲကြီး ဆင်နွှဲလာခဲ့သည်။ ဤသို့ဖြင့် ဆာဒတ်သည် အာရပ်ကမ္ဘာ၏ သူရဲကောင်းကြီး အဖြစ် တမဟုတ်ချင်း အသိအမှတ်ပြုခံခဲ့ရသည်။
ထိုစစ်ပွဲတွင် အရေးနိမ့်သွားခဲ့ပြီးနောက် သူသည် အစ္စရေး နှင့် စေ့ဆပ်ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ပြီး အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့၍ ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို ရရှိခဲ့သည်။
၁၉၈၁ စက်တင်ဘာလတွင် ဆာဒတ်သည် ဂျီဟတ် အဖွဲ့ဝင်များ၊ ကော့တစ် ခရစ်ယာန် ဘုန်းတော်ကြီးများ၊ တတ်သိပညာရှင်များ၊ နိုင်ငံရေး အယူအဆ မျိုးစုံရှိသည့် တက်ကြွ လှုပ်ရှားသူများ စုစုပေါင်း ၁,၅၀၀ ခန့်အား တပြိုင်တည်းလိုလို ဖမ်းဆီးခဲ့သည်။ ပုဂ္ဂလိက စာနယ်ဇင်း အားလုံး ကို ပိတ်ပင်ခဲ့သည်။ သို့သော် ထိုလူဖမ်းပွဲကြီး တွင် ကပ်လွတ်သွားခဲ့သူသည် စစ်တပ်အတွင်း ဂျီဟတ်ဆဲလ် အဖွဲ့ကို ဦးဆောင်နေသည့် ဒုဗိုလ် ခါလစ် အစ္စလမ် ဘူလီ ဆိူသူ ဖြစ်သည်၊ သူသည် အီဂျစ်တွင် တော်လှန်ရေးကြီး တရပ်ဆင်နွှဲနိုင်ရန် အခွင့်အခါ ကို ချောင်းနေသူလည်း ဖြစ်သည်။
ဤသို့ဖြင့် ကိုင်ရိုတွင် ပြုလုပ်သော စစ်ရေးပြ အခမ်းအနားတွင် အစ္စလမ်ဘူလီသည် သူ့လက်ထဲရှိ ရိုင်ဖယ် သေနတ် ဖြင့် အထူးတန်း တွင် ထိုင်နေသော ဆာဒတ် ရှိရာသို့ ကျည်ကပ် တွင် ကျည်ကုန်သည်အထိ ဒလစပ် ပစ်ခတ်ခဲ့သည်။ ဆာဒတ် နှင့် အတူ အခြား ဆယ်တစ်ဦး သေဆုံးသွားခဲ့ရသည်။
အစ္စလမ်ဘူလီ အား လည်း ၁၉၈၂ ဧပြီလ တွင် သေနတ်ကိုင် ကွပ်မျက်ရေး တပ်ဖွဲ့က အဆုံးစီရင်ခဲ့သည်။
ဆက်လက်ပြီး ဖရန်စစ္စကို ဖရန်ကို၊ ပိုပေါ့၊ ချောင်ဆက်စကူး နှင့် ဆမ်မြူရယ် ဒိုး တို့ အကြောင်းကို ဆက်လက် တင်ပြပါမည်