စစ်ပွဲကြီးများ ခမ်းခြောက်လာနေသော ကမ္ဘာကြီး

by Hla Soewai - Jan 09 2020

၂၀၁၇ ဇွန်လ ၂၃ ရက်နေ့တွင် Time Magazine တွင် ဖေါ်ပြခဲ့သော
Yuval Noah Harari ၏ Why It's no longer possible for any country to win the war ကို ပြန်လည်တင်ပြသည်။

 

ပြီးခဲ့သည့် ရာစုနှစ် အနည်းငယ် အတွင်း ကာလများသည် လူသားတို့၏ သမိုင်းတလျောက် အငြိမ်းချမ်းဆုံးကာလများ ဟု ဆိုရ
မည် ဖြစ်ပေသည်။ ထိုကာလများအတွင်း အကြမ်းဖက်မှုကြောင့် လူသားတို့ အနည်းငယ်မျှသော ပမာဏ မျှသာ သေကြေ ခဲ့ကြသည်။ ထိုပမာဏ သည်
ယာဉ်မတော်တဆမှုများ၊ အဝလွန်ခြင်းနှင့်ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု များ အစရှိသည်တို့ကြောင့် သေဆုံးရသည်ထက် နည်းပါးနေသည်။

 

 

ကမ္ဘာကြီးတွင် လယ်ယာထွန်ယက် လုပ်ကိုင်စားသောက်ရကောင်းမှန်း သိလာသော လူ့ဘောင်အဖွဲ့အစည်းကြီး ပေါ်ထွန်းလာချိန်တွင်
သေဆုံးခဲ့မှု စုစုပေါင်း၏ ၁၅% သည် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ၍ ဖြစ်သည်၊ နှစ်ဆယ်ရာစုနှစ် အတွင်း ၅% ရှိခဲ့ပြီး၊ ယခုအခါ ၁% သာ ရှိပေတော့သည်။

 

 

သို့သော် ကမ္ဘာကြီး၏ ရာသီဥတုသည် ဆိုးဝါးလာနေပြီး စစ်သံပေးလာသူများ တခေတ်ဆန်းလာချိန်လည်း ဖြစ်ပြန်သည်။ စစ်အသုံး
စရိတ်များက တရိပ်ရိပ် နှင့် မြင့်တက်လာနေသည်။

 

 

ထို့အတွက် ဩစ‌တီယား အိမ်ရှေ့မင်းသားလုပ်ကြံခံရသဖြင့် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသလို ယခုလည်း ဆီရီယား သဲကန္တာရ
အတွင်း မလိုလားဖွယ် ဖြစ်ရပ်တခုခု သို့မဟုတ် ကိုရီယား ကျွန်းဆွယ် တွင် အဆင်ခြင်မဲ့စွာ ရမ်းကားမှု တခု အစရှိသည် အသေး
အမွှား ဖြစ်ရပ်များမှသည် ကမ္ဘာစစ်မီးကြီးတောက်လောက်လာနိုင်သည်ဟု လူသာမန်များမှသည် ကျွမ်းကျင်သူများ ပါမကျန် တွေးတော ပူပန်လျက် ရှိနေသည်။

 

 

သို့သော် ၂၀၁၇ နှင့် ၁၉၁၄ အခြေအနေများ ကွာခြားချင်တိုင်း ကွာခြားနေသည်ကိုတော့ သတိပြုမိရန် လိုပေသည်။ ထိုအချိန်က ကမ္ဘာ
တဝှမ်းရှိ လူပေါ်လူဇော် လုပ်လိုသူများအတွက် စစ်ပွဲသည် လွန်စွာသည်းခြေကြိုက်စရာ ဖြစ်ခဲ့ကြသည်။ စစ်ပွဲသာ အနိုင်တိုက်နိုင်မည်ဆိုက
စီးပွားရေး အရရော နိုင်ငံရေး အရ ပါ လွန်စွာ တန်ခိုးထွားလာမည့် အရေးကို ကောင်းစွာသိမြင် နားလည်ခဲ့ကြ၍ ဖြစ်သည်။ ထိုသို သိ
မြင် နားလည်နိုင်အောင်လည်း နမူနာပေါင်းများစွာ ရှိခဲ့ပြီးလည်း ဖြစ်ပေသည်။

 

 

ယခုအခါတော့ အောင်မြင်သော စစ်ပွဲဆိုသည်ကား မျိုးတုန်းလုနီးပါး သတ္တဝါတကောင်လို ရှာတွေ့ရန် ခက်ခဲလာနေပြီ ဖြစ်သည်။

 

 

အာဆီရီယား နှင့် ရောမခေတ်များမှစ၍ အင်ပိုင်ယာကြီးများအား စစ်ပွဲများနှင့် တည်ဆောက်လာခဲ့ကြသည်။ ၁၉၁၄ ခုနှစ်တွင် လူပေါ်လူဇော် လုပ်လိုသူများသည်လည်း
စစ်ပွဲတခုကို အောင်အောင်မြင်မြင် ဆင်နွဲနိုင်မည်ဆိုက ကြီးမားသော အမြတ်အစွန်းများရလာနိုင်သည့် အဖြစ်ကို လတ်တလော နမူနာများမှ တဆင့် သိမြင်လာခဲ့ကြသည်။

 

 

၁၈၄၆-၄၈ တွင် အမေရိကန်သည် မက္ကဆီကိုအား ကျုးကျော် တိုက်ခိုက်လာခဲ့သည်၊ အမေရိကန် စစ်သား ၁၃,၀၀၀ ကျဆုံးခဲ့မှု နှင့် အတူ
ကယ်လီဖိုနီယား၊ နီဗာဒါး၊ ယူတား၊ အာရီဇိုနား၊ နယူးမက္ကဆီကို၊ ကိုလိုရာဒို တစိတ်တပိုင်း၊ နယူးမက္ကဆီကို၊ ကင်းဆပ်၊ အိုကလာဟိုမား နှင့် ဝိုင်အိုမင်း ပြည်နယ်များကို ပိုင်ဆိုင်သွားခဲ့သည်၊ အဆိုပါ ရာစုနှစ် အတွင်း ပေါချောင်ကောင်း ရလိုက်ခြင်းပင် ဖြစ်သည်။ အလားတူပင် ဂျပန်ကလည်း တရုတ်နှင့် ရုရှား
အပေါ် အောင်ပွဲခံလိုက်နိုင်ပြန်သည်။ ဂျာမဏီကလည်း ပြင်သစ်အပေါ် အနိုင်ရလိုက်သဖြင့် ဂုဏ် အရှိန် မြင့်တက်လာခဲ့ပေသည်၊ ထိုအချိန်က အင်အားကြီး နိုင်ငံဟူသမျ ကိုလိုနီကျုးကျော်စစ်နှင့် ကင်းသည်ဟူ၍ မရှိသလောက်ပင်၊

 

 

ပြင်သစ်၊ ဗြိတိန် နှင့် အီတလီတို့သည် ဗီယက်နမ်၊ နိုင်ဂျီရီယား နှင့် လစ်ဗျားတို့အပေါ် ကျုးကျော်ခဲ့ကြစဉ် က ဘာအကြောင်းမျ မယ်မယ်
ရရ မရှိပဲ အခြားလူများထက် ဦးအောင်ဆိုသည့် ရည်ရွယ်ချက်မျိုးသာ ရှိခဲ့ကြသည်။

 

 

၂၀၁၇ ခုနစ်တွင်တော့ ကမ္ဘာလူပေါ်လူဇော်ကြီးများအဖို့ ယခင်ကလို အနိုင်ရနိုင်သည့် စစ်ပွဲမျိုး ဘယ်မှာ ရှာရမှန်း မသိ ဖြစ်လာနေကြ
သည်၊ ထိုသို့သော် စစ်ပွဲမျိုးက သမိုင်းစာအုပ်များနှင့် ဟောလီဝုဒ်ရှိ ဒါရိုက်တာများ စိတ်ကူးညဏ် ကွန့်မြူးထားသည့် ရုပ်ရှင်များတွင်သာ
တွေ့နိုင်ပေတော့ သဖြင် အပြီးအပိုင် တိမ်ကော ပပျောက်သွားပြလားဟု သံသယများ ကြီးထွားလာကြသည်။

 

 

တတိယကမ္ဘာမှ အာဏာရှင်များနှင့် သူပုန်အဖွဲ့ အစည်း အချို့သည် စစ်ပွဲများမှ အကျိုးအမြတ်များ ရနေကြဆဲ ဖြစ်သော်လည်း အင်
အားကြီး နိုင်ငံများကမူ သူတို့ကဲ့သို့ အကျိုးအမြတ် ထွက်အောင် မည်သို့ မည်ပုံ ကြံဆောင်ရမည်ကို မတွေးတတ်အောင် ဖြစ်လာကြသည်။

 

 

အမေရိကန် ပြည်ထောင်စု သည် ဆိုဗီယက်ပြည်ထောင်စု အား သေနတ် တချက်မျှပင်ပြစ်ဖေါက်စရာ မလိုပဲ အောင်ပွဲကြီး ရခဲ့ပြီး
ဖြစ်သည်ကို အမှတ်ရနေကြဆဲပင် ဖြစ်သည်။ မကြာခင်မှာပင် ပင်လယ်ကွေ့စစ်ပွဲကြီး ဆင်နွဲ
လာပြီး ယခင် ပုံစံအတိုင်း အလွယ်တကူ အောင်ပွဲခံလိုက်နိုင်ပြန်သည်၊ ထို့အတွက်လည်း အာဖဂန်နစ္စတန် နှင့် အီရတ်တို့တွင်
ဒေါ်လာ တြီလီယံပေါင်းများစွာ ဖြုန်းတီးပြစ်ရန် မမှုသည့် အထိ ဖြစ်လာခဲ့သော်လည်း စစ်ရေး အရ အရှက်တကွဲ အကျိုးနည်း သည့်
အဖြစ်များနှင့် ကြုံလာခဲ့ရသည်။

 

 

၂၁ ရာစု နှစ် အစပိုင်းမှစ၍ အင်အားကြီး နိုင်ငံဘဝ ရောက်လာသော တရုတ်ပြည်သည် ၁၉၇၉ တွင် ဗီယက်နမ်နှင့် လပိုင်းမျသာ ဖြစ်
ပွားခဲ့သော စစ်မှ လွဲ၍ လက်နက်ကိုင် ပဋိပက္ခများကို တစိုက်မတ်မတ် ရှောင်ရှားလာခဲ့သည်။ ထို့အတွက် တရုတ်တို့ အင်အားကြီးလာရခြင်း
မှာလည်း စီးပွားရေး သက်သက်ကြောင့်ဟုသာ ပြော၍ ရပေသည်။ ဤသည်ကလည်းတရုတ်တို့သည် ၁၉၁၄ မတိုင်မီ ဂျပန် နှင့်
ဂျာမန် အင်ပိုင်ယာများကို အတုယူခဲ့ယုံသာမက ၁၉၄၅ နောက်ပိုင်း ဂျပန် နှင့် ဂျာမဏီတို့၏ အကြမ်းမဖက်ပဲ စီးပွားရေး အံ့မခန်း
တိုးတက်လာမှုများကို ပုံတူကူးချလာခဲ့သည်။

 

 

အရှေ့အလယ်ပိုင်းရှိ ဒေသတွင်း အင်အားကြီးနိုင်ငံများပင် စစ်ပွဲတခုကို အောင်မြင်အောင်ဆင်နွဲနိုင်မည့် နည်းလမ်းကို ရှာမတွေ့ ဖြစ်နေ
ကြရသည်။ သွေးချောင်းစီးခဲ့ရသည့် အီရန်-အီရတ် စစ်ပွဲမှလည်း အီရန် တို့ အကျိုးအမြတ် တစုံတရာ မရခဲ့ကြပေ။ ထို့နောက်ပိုင်းတွင်တော့ အီရန်သည် စစ်ရေးအရ ထိတ်တိုက်ရင်ဆိုင်တွေ့မှုများကို ရှောင်ရှားလာခဲ့ပေတော့သည်။ ၎င်း၏ အဓိက ရန်သူတော်
ကြီး နှစ်ဦး ဖြစ်သည့် အီရတ်နှင့် အမေရိကန်တို့သည် စစ်ပွဲ နွံအတွင်း နစ်သည်ထက် နစ်လာနေသဖြင့် စစ်နှင့် ပတ်သက်၍ စိတ်ကုန်လာလျက် ရှိနေကြသောကြောင့် အီရန်သည် အလိုအလျောက် ဒေသတွင်း ဗိုလ်ကျစိုးမိုးခွင့် ရလာခဲ့ ပြန်သည်။

 

 

အစ္စရေးသည်လည်း ထိုနည်း၎င်းပင် ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ် ဖြစ်သည့် ၁၉၆၇ တွင် စစ်ပွဲကြီးတခုကို အောင်
မြင်စွာ ဆင်နွဲနိုင်ခဲ့ပြီးနောက် အစ္စရေးသည် ကြွယ်ဝချမ်းသာလာခဲ့သည်၊ သို့သော် သိမ်းပိုက်ရရှိခဲ့သော နယ်မြေများကြောင့်တော့
မဟုတ်ပေ။ ထိုနယ်မြေများက အစ္စရေးတို့အား စီးပွားရေး အရ ရော နိုင်ငံရေး အရပါ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်လာခဲ့သည်။ နောက်
ပိုင်းတွင် အီရန် ကဲ့သို့ပင် အစ္စရေးလည်း အီရတ်၊ ဆီရီယား၊ လစ်ဗျားတို့ကို ကြည့်၍ ထိတ်တိုက်ရင်ဆိုင် တွေ့မှုများကို ရှောင်ရှားလာခဲ့
ပြီး ၎င်း၏ ဘူမိနိုင်ငံရေး အနေအထားကို ခိုင်မာအောင် လုပ်လာခဲ့သည်။

 

 

‌အင်အားကြီး နိုင်ငံများထဲမှ လောလောလတ်လတ် စစ်ပွဲတခု အောင်မြင်အောင် ဆင်နွဲနိုင်သူ ဆို၍ ရုရှားသာ ရှိပေသည်။ ၎င်းတို့၏ ကရိုင်းမီးယားကို သိမ်းယူနိုင်ခဲ့ခြင်းမှာ ထူးခြားသည့် အခြေအနေများ ပေးလာခဲ့၍ ဖြစ်သည်။ ယူကရိန်း စစ်တပ်က  မည်သို့မျ မခုခံခဲ့သည့်အပြင် အခြား အင်အား
ကြီး နိုင်ငံများကလည်း ဝင်ရောက် စွက်ဖက်ခဲ့ကြခြင်း မရှိပြန်ပေ။ ကရိုင်မီယား လူထုသည် ကျုးကျော်လာသူများကို ထောက်ခံခဲ့
ခြင်း၊ မတတ်သာပဲ အောင့်အီးလိုက်ရခြင်းစသည့် ပုံစံအမျိုးမျိုး နှင့် လက်ခံခဲ့ကြသည်။ ထိုသို့သော အနေအထားမျိုးက နောက်တကြိမ် ပြန်ဖြစ်ဖို့က ခဲယဉ်းပေသည်။ အောင်မြင်သော စစ်ပွဲတပွဲ ဆင်နွဲဖို့ မရှိမဖြစ် လိုအပ်သည့် အချက်သည်ကား ရန်သူဖက်မှ ခုခံမှု မရှိခြင်းသာ ဖြစ်သည်။

 

 

ရုရှားသည် ကရိုင်မီယား ကို ကြည့်ပြီး ယူကရိန်း၏ အခြားဒေသများကို သိမ်းပိုက်နိုင်ရန် ကြိုးစားလာခဲ့သည်။ သို့သော် ပြင်းထန်လှသည့် ခုခံတွန်းလှန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ထင်သလို ဖြစ်မလာခဲ့ပေ။ ယူကရိန်း အရှေ့ပိုင်း Luhansk နှင့် Donetsk ဒေသများရှိ ဆိုဗီယက် လက်ကျန် အိုမင်းဟောင်နွမ်းနေသော စက်ရုံများကလည်း ကုန်ကျခဲ့သည့် စစ်ပွဲစရိတ်များကို ထေမိအောင်ပြန်ရှာမပေးနိုင်ခဲ့ပေ။ ပို၍ ဆိုးသည်က နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှုများ နှင့် ကြုံ
ခဲ့ရခြင်းပင် ဖြစ်သည်။

 

 

၂၁ ရာစု နှစ် အတွက် အဆင်ပြေဆုံးသောမဟာဗျုဟာသည်ကား မိမိအဖို့ ငြိမ်းချမ်းရေးကို ထိမ်းသိမ်းထားပြီး အခြားလူများအားကိုယ်စား တိုက်ခိုင်းခြင်း ဆိုသည်ပင် ဖြစ်
သည်။ သို့ဆိုက အင်အားကြီး နိုင်ငံများအဖို့ စစ်ပွဲတပွဲကို အောင်မြင်စွာ ဆင်နွဲနိုင်ဖို့ အဘယ်ကြောင့် ခက်ခဲနေရပေသနည်းဟု မေးစရာ ရှိလာပေသည်။

 

 

အကြောင်းတခုသည်က စီးပွားရေး သဘောသဘာဝ ပြောင်းလဲလာခြင်းကြောင့်ဟု ပြော၍ ရပေသည်။ ရှေးကာလများက စစ်မြေ
ပြင်တွင် ရန်သူကို အောင်နိုင်ခဲ့ပါက ၎င်းတို့၏ မြို့တော်များ ကို လုယက်ယူငင်ခြင်း၊ အရပ်သားများကို ဖမ်းဆီးပြီး ကျွန်အဖြစ်
ရောင်းချခြင်း၊ ရန်သူ ၏ ဂျုံစိုက်ခင်းများ၊ ရွှေတွင်းများ ပိုင်ဆိုင်လာခြင်းများဖြင့်တို့ ငွေပေါ်အောင် ဖန်တီးနိုင်ကြသည်။

 

 

၂၁ ရာစု တွင်တော့ ထိုနည်းလမ်းများဖြင့် မဆိုသလောက်သာ ပြန်ရနိုင်ပေတော့သည်။ ယနေ့ခေတ်၏ အမှန်တကယ် တန်ဖိုးရှိသည်
တို့က နည်းပညာများသာ ဖြစ်၍ ပညာရွှေအိုးလူမခိုး ဆိုသော ဆိုရိုးစကားအတိုင်း စစ်ပွဲဆင်နွဲခြင်းဖြင့် အဆိုပါ ပညာရပ်များကို ပိုင်ဆိုင်လာအောင် လုပ်၍ မရတော့ပေ။

 

 

အိုင်အက်စ်များကတော့ အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများနှင့် ရေနံတွင်းများကို လုယက်ယူငင်ခြင်းဖြင့် အလုပ်ဖြစ်ခဲ့ကြဖူးသည်၊ ၂၀၁၄ တွင် အီရတ် ဘဏ်တိုက်ကြီးများမှ ဒေါ်လာသန်း ၅၀၀ ခန့် လုယက်နိုင်ခဲ့ကြပြီး ၂၀၁၅ တွင် ရေနံများ ရောင်းချရာမှ နောက်ထပ် သန်း ၅၀၀ ခန့် ရရှိခဲ့ကြပြန်သည်။

 

 

သို့သော် တရုတ် နှင့် အမေရိကန်တို့ အဖို့ကားထိုမျှလောက်သော ငွေပမာဏ အတွက်နှင့်တော့ စစ်တိုက်ဖို့ မဖြစ်နိုင်ပေ။ အမေရိကန်ကို
တိုက်ဖို့က ဒေါ်လာ တြီလီယံပေါင်းများစွာ သုံးစွဲရမည် ဖြစ်သည်၊ စစ်ပွဲကြောင့် ဖြစ်လာမည့်အပျက်အစီးများ၊ ဆုံးရှုံးသွားရမည့် ကုန်သွယ်
ရေး အခွင့်အလန်းများ အစရှိသည့် စရိတ်များကို မည်သို့ ပြန်ရှာ၍ ရနိုင်ပေမည်နည်း၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်
မှ ဆီလီကွန် ဗေလီသို့ ဝင်ရောက် လုယက်ယူငင်ကြမည်လော၊ Apple, Google, Facebook ကဲ့သို့သော် ကုမ္ပဏီကြီးများက
ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည်က မှန်သော်လည်း ထိုပိုင်ဆိုင်မှုများက အင်အားသုံး၍ ရယူလို့ မဖြစ်နိုင်ပြန်ပေ။ ဆီလီကွန် ဗေလီဟု ဆိုသော်လည်း ဆီလီကွန်သတ္တုတွင်းများ ရှိနေကြသည်လည်း မဟုတ်ပြန်ပေ။

 

 

သီအိုရီ အရ အောင်မြင်သော စစ်ပွဲဆိုသည်ကား အနိုင်ရသူသည် ကမ္ဘာကုန်သွယ်ရေးစနစ်ကို ၎င်းတို့ အလိုကျ ပြန်လည် စီစဉ်နိုင်ခွင့်ရှိသည်။ အမေရိကန် တို့သည်လည်း ဟစ်တလာအပေါ် အောင်ပွဲခံပြီးနောက် ထိုသို့ ပြုလုပ်ခဲ့ကြသည် မဟုတ်ပါလား။

 

 

သို့သော် လက်ရှိ စစ်ဖက်နည်းပညာများက ထိုသို့ အောင်ပွဲခံနိုင်ရန် အလွန်တရာမှ ခက်ခဲလာ နေသည်။ အဓိပ္ပါယ် ဖွင့်ဆိုချက်များအရ
အောင်နိုင်သူ အဖို့ အကျိုးရှိအောင် ရလာနိုင်သည့် အမြတ်အစွန်းများ ရှိ‌နေသဖြင့် ရှုံးနိမ့်သူအဖို့လည်း အကြီးအကျယ် ပျက်စီးစေနိုင်
သည့် လက်နက်များ အသုံးချ ကာကွယ်ဖို့ထိုက်တန်သည်ဟု ဆိုပေသည်။ ထို့အတွက် အနုမြူ ဗုံးဖြင့် အောင်ပွဲခံဖို့ ဆိုသည်မှာ နှစ်ဖက်စလုံး ကိုယ့်ကိုကိုယ်
အဆုံးစီရင်နိုင်မှသာ ဖြစ်ပေတော့မည်။

 

 

ဟီရိုရှီးမား နောက်ပိုင်း မည်သည့် အင်အားကြီး နိုင်ငံကမျှ တဦးကို တဦး အနုမြူ ဖြင့်တိုက်ရိုက် တိုက်ခိုက်ကြခြင်း မရှိကြတော့ဘဲ
ထိခိုက်မှု နည်းမည့် ပဋိပက္ခ မျိုးဖြင့်သာ ထိတ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ ထို့အတွက်လည်း ဒုတိယ တန်းစား နျုကလီးယား ပိုင် အီရန် နှင့်
မြောက်ကိုရီယားတို့အား တိုက်ခိုက်ဖို့ အရေးသည် မည်သို့မျှ ဆွဲဆောင်နိုင်ခြင်း မရှိ ဖြစ်လာရခြင်းပင် ဖြစ်သည်။

 

 

ဆိုက်ဘာ နည်းဖြင့် စစ်ဆင်လာခြင်းသည် နယ်ချဲ့လိုသူများအတွက် အိမ်မက်ဆိုးများ ဖြစ်လာရပြန်သည်။ ဂျော့ ဘွတ်သည်
အီရတ်၏ ဖာလူဂျာ အရပ်ကို ဖျက်ဆီးနိုင်ပြီး အီရတ်တို့ အနေဖြင့်မူ ဆန်ဖရန်စစ္စကို အား အလားတူ ဖြစ်အောင် လက်တုန့်ပြန်နိုင်စွမ်း
မရှိပေ။ သို့သော် ယခုလို အခါမျိုးတွင် ဆိုက်ဘာမှ တိုက်ခိုက်နိုင်စွမ်းရှိသည့် နိုင်ငံမျိုးကိုသာ အမေရိကန် မှ တိုက်ခိုက်လာမည်ဆိုက ၎င်းတို့၏ ဗိုင်းရပ်စ်များသည် ဒါးလက်စ်ရှိ လေကြောင်း ထိမ်းချုပ်ရေး စနစ်ကို ပျက်ပြားအောင် လုပ်နိုင်သည်၊ ဖီလာဒဲလ်ဖီယားတွင် ရထားတစီးနှင့် တစီး တိုက်အောင် လုပ်နိုင်
သည်၊ မီချီဂန်တွင် လျပ်စစ် ဓါတ်အားလိုင်းများ ပြတ်တောက်သွားအောင် လုပ်နိုင်သည်။

 

 

စစ်အောင်နိုင်သူများ လွှမ်းမိုးသည် ခေတ်များတွင်က စရိတ်စက နည်းနည်းဖြင့် အကျိုးအမြတ် များစွာ ရရှိခဲ့သော စစ်ပွဲများ ဖြစ်သည်။ ၁၀၆၆ ‌Hastings စစ်ပွဲကြီးတွင်
နော်မန်ဒီ နယ်စား ဝီလျံသည် အင်္ဂလန်တနိုင်ငံလုံးကို အကျအဆုံး ထောင်ဂဏန်းလောက်ဖြင့် တရက်တည်းနှင့် သိမ်းယူနိုင်ခဲ့သည်။
(ပုံတွင် ရှု့)

 

 

နျုကလီယား နှင့် ဆိုက်ဘာ စစ်ပွဲများကမူ အကုန်အကျ လွန်စွာများပြားပြီး အကျိုးအမြတ်ဟူ၍ မယ်မယ်ရရ မရရှိနိုင်ပေ။ အဆိုပါ လက်နက်များဖြင့် နိုင်ငံတခုလုံးကို
ဖျက်ဆီးပြစ်နိုင်သော်လည်း အင်ပိုင်ယာ တခုတည်ထောင်ဖို့ကား မဖြစ်နိုင်ပေ။

 

 

ယခုလို ဓါးတဝင့်ဝင့် နှင့် အပြန်အလှန် ကြိမ်းဝါးနေကြသော်လည်း အင်အားကြီး နိုင်ငံများအဖို့ အောင်မြင်စွာ ဆင်နွဲနိုင်ခဲ့သည့် စစ်ဆို၍
နမူနာယူစရာ မရှိသလောက် ဖြစ်နေရသည်။ ဂျင်ဂျစ်ခန် နှင့် ဂျုလီယပ်စ် ဆီဇာတို့သည် စိတ်ကူးပေါက်လျင် ပေါက်သလို နိုင်ငံတခုကို
ဝင်ရောက်ကျုးကျော် သိမ်းပိုက်နိုင်သော်လည်း လက်ရှိ အင်အားကြီးသူတို့ အဖို့ကား စကားဖြင့်သာ ကျယ်ကျယ်လောင်လောင် ခြိမ်းခြောက်နိုင်ကြသော်လည်း စစ်ပွဲ
တခု တကယ်တမ်း ဆင်နွဲဖို့ ဆိုသည်ကား လွန်စွာမှပင် ဂရုတစိုက် လုပ်ကြရမည် ဖြစ်သည်။

 

 

အကယ်၍သာ စစ်ပွဲများကို အောင်အောင်မြင်မြင် ဆင်နွဲနိုင်မည့် နည်းလမ်းသာ ရှာတွေ့နိုင်ခဲ့ကြမည်ဆိုလျင် ငရဲ တံခါးပေါက်ထဲ အလုအယက် တိုးဝင်နေကြသူများနှင့် ပြည့်နှက်နေပေတော့မည်၊ ရုရှားတို့ ကရိုင်မီယား စစ်ကို အောင်မြင်သွားခဲ့ချင်းသည် ကောင်းသည့် လက္ခဏာ တရပ်တော့ မဟုတ်ပေ၊ ထို
သို့ အဖြစ်မျိုး နောက်ထပ် မပေါ်ပါစေနှင့်ဟုသာ ဆုတောင်းရပေတော့မည်သာ။

 

 

သို့သော် စစ်ပွဲများ အောင်မြင်စွာ ဆင်နွဲနိုင်ခြင်း မရှိတော့ဆိုသဖြင့် ကျွနုပ်တို့ ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မည်ဟူ၍ တထစ်ချ မှတ်ယူထား၍တော့ မဖြစ်ပေ။ အဘယ်ကြောင့် ဆိုသော် လူသားတို့၏ မိုက်ရူးရဲ ဆန်မှု ကို မည်သည့် အခါမျှ လျော့တွက်၍ မရသောကြောင့်ပင်တည်း။