ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တော့မည့် ငွေတောင်ပြည်

by Hla Soewai - Jun 20 2023

Free Burma Ranger တည်ထောင်သူ ဒေးဗစ် ယူဘင်ခ် မှ ကယားပြည်နယ် တွင် ဂြိုလ်တု ဖြင့် ဆက်သွယ် နိုင်သည့် စတားလင့် အင်တာနက် ရအောင် ပြုလုပ်ပေးမှု အတွက် ကျေးဇူးတင်ကြောင်း အမေရိကန် SpaceX ကုမ္ပဏီ အကြီးအကဲ အီလွန် မတ်စ် အား တွစ်တာတွင် ရေးသားဖေါ်ပြခဲ့သည်။

 

မရှေး မနှောင်း ဇွန်လ ၆ ရက်နေ့တွင် ကရင်နီ ပြည်နယ် ကြားကာလ အုပ်ချုပ်မှု ကောင်စီ Interim Executive Council (IEC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

 

IEC သည် ပြည်နယ် အတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး နှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တို့အကြား စုပေါင်း ခေါင်းဆောင်မှု ပုံစံဖြင့်အပြန်အလှန် ထိန်းကျောင်းသွားမည့် စနစ်မျိုး တည်ဆောက်နိုင်ရန် ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။

 

ထို့ပြင် တော်လှန်ရေး ကာလ အတွင်း စစ်အာဏာ သိမ်း ဆန့်ကျင်ရေး အဖွဲ့များနှင့် လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းပြည်ကို အသိပေး လိုက်ပြီ ဖြစ်သည်။

 

IEC အား ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ခူဦးယာ မှ ဦးဆောင်သွားမည် ဖြစ်သည်။

 

ကရင်နီ တိုင်းရင်းသား များ၏ ပညာရေး၊ ကျန်းမာရေး နှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဇောက်ချ လုပ်ကိုင်သွားမည်ဟု ဆိုသည်။

 

CRPH, NUG နှင့် NUCC တို့နှင့် ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်သည်ဟုလည်း သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ကြီး ဒူဝါး လရှီးလ မှ IEC သည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တွင် ကြီးမားသည့် အထောက်အကူ ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ အခြား ပြည်နယ် အတွက်လည်း အတုယူစရာ စံနမူနာ ပြ ဖြစ်လာလိမ့်မည်ဟုလည်း သမ္မတကြီးက ပြောခဲ့သည်။

 

ကရင်နီ တိုင်းရင်းသား များ စစ်တပ်၏ အာဏာသိမ်း မှု အား အုံနှင့် ကျင်းနှင့် ဆန့်ကျင်ခဲ့ကြပြီး နှစ် နှစ် အတွင်း မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးနိုင်ခဲ့သည့် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်မှ တပ်ရင်းလိုက်ပြုတ်၊ ဗျုဟာမှုး မှသည် ဒုဗိုလ် အဆင့်အထိ ကျဆုံး လာ၍ တပ်မ ၆၆ တပ်မမှုး ဗိုလ်မှုးကြီး အောင်ကျော်လင်းအား ထုတ်ပယ်ပြီး လက်ရှိ ဗိုလ်မှူးချုပ် ဝင်းသူလင်းကို အစားထိုးလာသည်။ ဝင်းသူလင်းလည်း ဟန်ပုံမရ၍ လူစားရှာနေသော်လည်း အားလုံးက လာဘ် ထိုးထားပြီးသား ဖြစ်၍ အခက်တွေ့နေပြန်သည်။

 

စစ်ကောင်စီ ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှုး ဗိုလ်မှူးချုပ် အဆင့်ရှိ သန်းထိုက်မှ ကရင်နီ ပြည်နယ် သို့ ပြောင်းရွှေ့ခံရမည် ဆိုလျှင် လူကြီးများအား လာဘ်ထိုး က ပြောင်းစရာ မလိုကြောင်း ပြောခဲ့ခြင်း အတွက် နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေကြောင်း ဧရာဝတီ တိုင်းမ် သတင်းတွင် ဖေါ်ပြထားသည်။ ဤသည်ကပင် စစ်တက္ကသိုလ် ကျောင်းဆင်းကြီးများ ကရင်နီ တော်လှန်ရေး အင်အားစုများအား ဒူးတုံအောင် ကြောက်လာနေသည့် ပြယုဒ် များပင် မဟုတ်ပါလော၊ အနှီ ဗိုလ်မှုးချုပ် တယောက်၏ ဘဝသည်လည်း ရှင်လျက်နှင့် သေသွားသည်နှင့် မခြား ဖြစ်သွားခဲ့ရပေပြီ။

 

ယခုအခါ ကရင်နီ တွင် အုပ်ချုပ်ရေး အဖွဲ့ကို တော်လှန်ရေး အလွန်ကာလ အတွက် အဆင်သင့် ပြင်ဆင် ထားနိုင်ပြီ ဖြစ်သည်။

 

ရခိုင်ပြည်နယ် တွင်ပင် သူ့နည်းသူ့ဟန် နှင့် ထို အနေအထား ရောက်ရှိလာပြီ ဖြစ်သည်။

 

သို့သော် စစ်အစိုးရ အဆက်ဆက် အား ဆယ်စု နှစ်ပေါင်း များစွာ ကြာအောင် တွန်းလှန်နေခဲ့ကြသည့် ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ် များတွင်တော့ နယ်မြေ များ တိုး၍ ထိန်းချုပ်လာနိုင်သည်မှ အပ ကျန်သည့် အပိုင်းများတွင် တိုင်းရင်းသား များ အဖို့ ဒုံရင်းက ဒုံရင်း ဆိုသလို မယ်မယ်ရရ ဖြစ်မလာသေးသည်ကို ဝမ်းနည်းဖွယ် တွေ့နေရသည်။

 

ပြည်သူများကတော့ မကြာမီ အတွင်း အခြေအနေများ တိုးတက် ပြောင်းလဲလာနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

 

စစ်ကောင်စီ ဖက်တွင်တော့ ၎င်းတို့၏ တစတစ ပြိုလဲလာနေသည့် အုပ်ချုပ်ရေး အား ဝါဒဖြန့် လုပ်ရပ်များဖြင့် ဖုံးလွှမ်းနိုင်ဖို့ ကြိုးစား‌ နေဆဲပင် ဖြစ်သည်။ တဖက်တွင်လည်း တရုတ် အကြံပေးသမျှ ကို အောင့်သီးအောင့်သက် ဖြင့် လုပ်ပေးနေရပြီ ဖြစ်သည်။ ထိုသို့ လုပ်သင့်မှန်း သိ‌နေသော်လည်း ၎င်းတို့ဖက်က အားနည်းလာသည်ကို ထုတ်ဖေါ် ဝန်ခံလိုက်သလို ဖြစ်သွားမည် စိုး၍ တင်းခံနေကြခြင်းလည်း ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သွားရောက်‌ တွေ့ဆုံခဲ့ရမှု အားလည်း နောက်ပိုင်းတွင် ငြင်းဆိုကောင်း ငြင်းဆိုလာနိုင်ဖွယ် ရှိသည်။

 

တရုတ်သည် မဟာဗျုဟာအရ အိန္ဒိယ သမုဒ္ဒရာ သို့ ထိုးဖောက်နိုင်ရေး အ‌တွက် အာဏာသိမ်း အဖွဲ့အား တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး အမြန် အကောင်အထည် ဖေါ်နိုင်ရန် ဖိအားများ ပေးလာနေသည်၊ ယင်းအား လေးနက်စေရန် အရှက်တကွဲ အဖြစ်ခံကာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

တဖက်တွင်လည်း ၎င်းတို့အား နိုင်ငံရေး၊ သံတမန်ရေး အရ လုပ်ချင်တာလုပ် မျက်စိမှိတ် ထောက်ခံပေး၍ မဖြစ်၊ ဒီအတိုင်း လွှတ်ပေးထား၍ လည်း မဖြစ်မှန်း သိလာသဖြင့် ‌တွေ့သင်သူများနှင့်တွေ့၊ ဆွေးနွေးသင့်သည်များ ‌ဆွေးနွေး ဆိုကာ ဖိအား‌ပေးလာခဲ့သည်။

 

တရုတ်အစိုးရ ဝက်ဆိုဒ်များတွင် ဦးဝင်းမြင့်အား သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံ၊ မြင့်ဆွေ အား ဒုသမ္မတ အဖြစ် ဖေါ်ပြထားဆဲ ပင် ဖြစ်သည်၊ မင်းအောင်လှိုင်ကိုတော့ မြန်မာ ခေါင်းဆောင် အဖြစ် အစိုးရပိုင် မီဒီယာများက ရေးသားနေကြပြီး ‌၎င်း ဖြစ်စေချင်သလို နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ ကြားကာလ ဝန်ကြီးချုပ် ဟု တခါဖူးမျှ သုံးနှုန်းခဲ့ခြင်း မရှိသေးဟု နစ်ကီ အေးရှား တွင် ရေးသားထားသည်။

 

ဤသည်ကပင် အာဏာသိမ်း အဖွဲ့အား အစိုးရ အသစ် အဖြစ် အသိအမှတ် ပြုခြင်း မရှိဟု ပြဆိုနေခြင်းလည်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

 

တရုတ်သည် ထိုအနေအထားကို အပိုင်ယူထားခြင်းဖြင့် ဒီမိုကရေစီ အင်အားစု များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် လိုအပ်လျှင် လိုအပ်သလို ဆက်သွယ်နိုင်ရန် ခြေလှမ်းပြင်ထားခြင်းပင် ဖြစ်သည်။

 

တရုတ် အစိုးရမှ မည်မျှပင် တွန်းနေသော်လည်း စစ်အာဏာသိမ်း အဖွဲ့၏ ခါးက မသန် ဖြစ်နေသည့် အ‌နေအထားကို သိလာသည့် အခါတွင်တော့ လက်လျော့သွားမည်သာ ဖြစ်သည်။

 

တရုတ်သည် အားလုံး၏ ပစ်ပယ်ခြင်း ခံနေရ‌သော စစ်ကောင်စီ၏ လည်မြိုမှ ရသလောက် ထပ်ကော် ထုတ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် စင်္ကြန်လမ်းကို ထူထောင်နိုင်ရေး အစီအမံများ ချလာပြန်ပြီ ဖြစ်သည်၊ ထို့အတွက် နှစ်နိုင်ငံ အကြား ရှိနေသည့် ရိုဟင်ဂျာ ပြဿနာကို အတင်းအကျပ် ကြားဝင်ပေးလာပြန်၍ မြန်မာဖက် မှ စက်လှေကလေးဖြင့် တဖက်နိုင်ငံသို့သွားပြီး ပြန်လည် လက်ခံရေး ကို စိတ်မပါ့တပါ့ ဖြင့် စတင်လာခဲ့ရသည်။

 

သို့သော် တရုတ် အတွက် နောက်ထပ် ခေါင်းကြိမ်းစရာ ဖြစ်လာရသည်က စစ်ကောင်စီ၏ အုပ်ချုပ်ရေး ပျက်ပြားလာမှု နှင့် အတူ နယ်စပ်ဒေသများတွင် ရာဇဝတ်မှု များ ထူပြောလာပြီး မာဖီယား စတိုင် လူဆိုးဂိုဏ်းကြီးများ အလျိုလျို ပေါ်လာနေခြင်းပင် ဖြစ်သည်။

 

ထိုကိစ္စ အားလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး မှ အရေးတကြီး ပြဿနာ အဖြစ် သဘောထားကြောင်း ပြသသည့် အ‌နေဖြင့် မြန်မာခရီးစဉ် မတိုင်မီ နယ်ခြားဒေသ သို့ သွားရောက်ခဲ့ပြန်သည်။

 

မြန်မာအား တဖြေးဖြေး နှင့် တရုတ်မှ ပြည်ပ ဆက်ဆံရေး ကို တာဝန်ယူထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဆင့်မျိုး ဖန်တီးလာနေပြီ ဖြစ်သည်။

 

သို့သော် ပြည်သူတို့၏ အသံကို မှန်ကန်စွာ ဝေခွဲဆုံးဖြတ်‌တတ်လေ့ မရှိသော တရုတ် အစိုးရ အဖို့ တော်လှန်ရေးကြီး ဆုံးခန်းတိုင်တော့မည် ဟူသော အသိဖြင့် ပြည်သူများ၏ အားတက်သရော အားပေး နေသည့် အသံများကို မူ ကြားနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

 

ပြည်သူ တို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!