ဗိုလ်ချုပ် ဂွမ်မော်၊ ဦးရည်မွန် နှင့် ကိုမင်းကိုနိုင် တို့၏ ကမ္ဘာသို့ ပန်ကြားချက်

by Hla Soewai - Jun 20 2023

ယခု တင်ပြမည့် ဆောင်းပါးသည် ဝါရှင်တန် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အတွက် ခေါင်းစဉ်ပါ ပုဂ္ဂိုလ် သုံးဦး မှ ပူးတွဲ ရေးသားထားခြင်း ဖြစ်သည်။

 

နိုင်ငံကို ဆယ်စုနှစ်ပေါင်း များစွာ အုပ်ချုပ်လာခဲ့ကြသော စစ်ဗိုလ်ချုပ်များသည် အာဏာ သက်ဆိုး ရှည်စေရေး အတွက် တခါတရံ တွင် နည်းဗျူဟာများ ပြောင်းလဲခဲ့ကြသည်မှ အပ ၎င်းတို့ တစိုက်မတ်မတ် ကျင့်သုံးခဲ့ကြ သည်က လူထု အတွင်း အကွဲအပြဲများ ဖြစ်လာအောင် လှုံ့ဆော် ဖန်တီးခြင်း နှင့် လူမျိုးရေး အဓိကရုဏ်းများ ဖန်တီးလာခြင်း တို့ပင် ဖြစ်သည်။ သို့သော် စစ်ဗိုလ်ချုပ်များ၏ မွဲပြာပုဆိုး ဗျူဟာသည် ၂၀၂၁ အာဏာသိမ်း ခဲ့ပြီး ချိန်မှစ၍ အောင်မြင်ခြင်း မရှိတော့ပေ။

 

ယခုအခါ နိုင်ငံသည် သမိုင်းတွင်လောက်အောင် မကြုံစဖူးသည့် တိုင်းရင်းသား ပေါင်းစုံ စည်းလုံး ညီညွတ်မှု၊ စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်လာကြသည် အလွှာအသီးသီးမှ နိုင်ငံရေး အင်အားစုများ ပေါင်းစည်းမှု များ ရရှိလာခဲ့ပြီ ဖြစ်သည်။

 

ယူကရိန်း နိုင်ငံသားများ ကဲ့သို့ပင် မြန်မာ ပြည်သူတို့သည် သတ္တိပြောင်မြောက်ရုံမက ခိုင်မာသော စိတ်ဓါတ်၊ စည်းလုံး ညီညွတ်မှု၊ စွန့်လွှတ်စွန့်စား အနစ်နာခံလိုသည့် စိတ်များဖြင့် ဒီမိုကရေစီ အရေး အတွက် တိုက်ပွဲဝင် နေကြလေပြီ။ သို့သော် သူတို့ တိုက်ပွဲအတွက် တော့ ယူကရိန်း ကဲ့သို့ အကူအညီများ ရမလာခဲ့ပေ။ ထိုသို့သာ ရမည် ဆိုက ယခုလို ရှည်ကြာလာစရာ အကြောင်းမရှိဘဲ လအနည်းငယ် နှင့် ပြီးပြတ်သွားနိုင်မည်သာ ဖြစ်သည်။ ရုရှား ကျူးကျော်မှု ကို တွန်းလှန်နေသော ယူကရိန်း အား အဆပေါင်းများစွာ ပေးနေသော အကူအညီများ၏ မဆိုသလောက်သော ပမာဏ သာ ရမည် ဆိုလျှင် မြန်မာ စစ်အာဏာရှင်များ အား ဖယ်ရှားမည့် အရေးတော်ပုံ သည် သိသိသာသာ ထိရောက်မှု ရှိလာခဲ့မည်လည်း ဖြစ်သည်။

 

စစ်အာဏာသိမ်းပြီး အာဏာကို ရက်စက်ကြမ်းကြုပ်သည့် နည်းလမ်းများ ဖြင့် ဆက်လက်ဆုပ်ကိုင်ထားမှု ကြောင့် နိုင်ငံအတွင်း မကြုံစဖူးအောင် စည်းလုံး ညီညွတ်မှု ရလာခဲ့ခြင်းအား ကျွန်ုပ် တို့ ကိုယ်စားပြုနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသား ညီညွတ်ရေး အစိုး ရနှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့၏ သွေးစည်းညီညွတ်လာမှုက သက်သေပြနေပြီ လည်း ဖြစ်သည်။ ထိုအဖွဲ့များသည် ယနေ့ တိုင်းရင်းသား ပေါင်းစုံ ဆင်နွှဲနေကြသော ခုခံတွန်းလှန်နေမှုအား ဦးဆောင်မှု အခန်းမှ အသီးသီး အကူအညီပေးလျှက် ရှိနေသည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းခဲ့သည့် နောက်ပိုင်း ချက်ချင်းဆိုသလိုပင် ရွေးချယ်တင်မြှောက်ခံ ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း အသီးသီး၊ လူနည်းစုဝင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဆန္ဒပြ အစိုးရ ဝန်ထမ်းများ ပူးပေါင်း၍ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရန် ရည်ရွယ်ပြီး ကြားဖြတ် အုပ်ချုပ်ရေး ကို အဖွဲ့အစည်း ပေါင်းစုံ ပါဝင်နိုင်မည့် ပုံစံ ဖြင့် ဖွဲ့စည်းပြီး လက်ချင်း ချိတ်လာနိုင် ခဲ့သည်။

 

လအနည်းငယ် အတွင်း မှာပင် ဥပ‌ဒေသဘောအရ ရော၊ လက်တွေ့အရပါ စီမံဆောင်ရွက်ပိုင်ခွင့် ရှိနေသည့် အမျိုးသား ညီညွတ်ရေး အကြံပေးကောင်စီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ဝင်များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ကို ဖွဲ့စည်းပြီး တော်လှန်ရေး အား စနစ်တကျ ဖွဲ့စည်း ပေါ်ပေါက်လာရန် လမ်းညွှန်မှု ပေးလာခဲ့သည်။

 

တော်လှန်ရေး အင်အားစုများ အကြား တွင်၎င်း၊ မတူညီသော လူမျိုး စုများ၊ ဘာသာရေး အဖွဲ့များ၊ မျိုးဆက် အသီးသီး၊ အလွှာအသီးသီး၊ ဒေသအသီးသီး မှ ပုဂ္ဂိုလ်များနှင့်ပါ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်း ဖြင့် သွေးစည်းညီညွတ်မှု များ ဆထက်ထမ်းပိုး တည်ဆောက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် “လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် နှင့် တရားမျှတမှု များကို အာမခံနိုင်မည့် ငြိမ်းချမ်း‌သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုကြီး” အား အောင်ပွဲရသည်နှင့် တည်ဆောက်နိုင်မည့် “ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်” ကို ရေးဆွဲ ထုတ်ပြန်နိုင်ခဲ့သည်။

 

အာဏာသိမ်း အဖွဲ့ နိုင်ငံအပေါ် ဆင်နွှဲလာသော စစ်

 

ထိုသို့ ပဋိညာဉ်စာတမ်းကို ရေးဆွဲ အတည်ပြုနေစဉ်မှာပင် တဖက်တွင် စစ်အာဏာသိမ်း အဖွဲ့မှ ပြည်သူများ အပေါ် အတိုင်းအဆမရှိ ရက်စက်ကြမ်းကြုပ်စွာ စစ်ပွဲကြီး ဆင်နွှဲလာနေပြီ ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာ ပြရမည် ဆိုက ၂၀၂၃ ဧပြီ လ ၁၁ ရက်နေ့ နံနက်ပိုင်း တွင် နိုင်ငံအလယ်ပိုင်းရှိ ပဇီကြီး ကျေးရွာ တွင် နားကွဲလု မတတ် ပေါက်ကွဲသံကြီး ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ကမ္ဘာ ပျက်မတတ် ဖြစ်သွားခဲ့ရသည်။ ကောင်းကင်ပြင်တွင် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲနေပြီး စုဝေးနေသော ကျေးရွာသူ ကျေးရွာသား များအား အကြင်နာကင်းမဲ့စွာ ဗုံးများ ကြဲချပြီး ရဟတ်ယာဉ်များ ပေါ်မှ စက်သေနတ်များ ဖြင့် မွှေ့ရမ်း ပစ်ခတ်ခဲ့ကြသည်။ ရာနှင့် ချီသော အလောင်းများ မြေပြင်တွင် တမဟုတ်ချင်း ပျံ့ကြဲသွားခဲ့သည်။ ယင်းနှင့် အတူ တနိုင်ငံလုံး တုန်လှုပ်ခြင်း ကြီးစွာဖြင့် စိတ်နှလုံး ထိခိုက်ကြေကွဲ စွာ ခံစားခဲ့ ကြရသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်မှုများက ထိုမျှ နှင့် ပြီးမသွား၊ နောက်ထပ် တကြိမ် ပျံဝဲလာကြပြီး ကျန်ရစ်သော သက်သေ အထောက်အထားများ အား ဖျက်ဆီးပစ်ရန် စက်သေနတ်များ ဖြင့် အသက်မသေဘဲ ကျန်ရစ်နေသူများ၊ ကယ်ဆယ်ရန် ရောက်ရှိလာသူများကို ပစ်ခတ်ခဲ့ကြပြန်သည်။

 

ထိုဖြစ်ရပ်ကြီးသည် တကြိမ်တခါမျှ ကွက်ကျား ထွက်ပေါ်လာခဲ့ခြင်း မျိုး မဟုတ်။ အာဏာသိမ်းပြီး နှစ် နှစ် ခွဲ အတွင်းမှာပင် စစ်တပ်သည် ထောင်ပေါင်းများစွာသော အရပ်သားများအား သတ်ဖြတ်ခဲ့ကြသည့် အပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ၊ အခြား သောင်းနှင့် ချီသော ပြည်သူများ အား ဖမ်းဆီး အကျဉ်းချခဲ့ကြသည်။ ထောင်ပေါင်းများစွာ သော အိုးအိမ်များကို မီးတင်ရှို့ ဖျက်ဆီးခဲ့ကြပြီး အရပ်ဖက်ပစ်မှတ်များကို လေကြောင်းမှ အကြိမ်ပေါင်း ရာနှင့်ချီ ပစ်ခတ်တိုက်ခိုက် ခဲ့ကြပြန်သည်။

 

စစ်ဗိုလ်ချုပ်များသည် လုထုဆန္ဒကို သွေဖီကာ အတင်းအကျပ် အာဏာ ပြန်လည် ရယူခဲ့မှု အား ဆန့်ကျင် နေကြသည့် အတွက် ဗမာ လူမျိုး အများစု နေထိုင်ရာ မြန်မာ ပြည် အလယ်ပိုင်း နှင့် တိုင်းရင်းသား လူမျိုး အများစု နေထိုင်ရာ ဒေသများသည် ၎င်းတို့၏ ပစ်မှတ်များ ဖြစ်လာခဲ့ရခြင်းပင် ဖြစ်သည်။

 

ထိုသို့ စစ်တပ်၏ အာဏာရယူလာမှု အား ၂၀၂၁ ‌နွေဦးတွင် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှု များ နှင့် စတင်လာ ခဲ့ခြင်း ဖြစ်သော်လည်း မကြာမီမှာပင် စစ်ဗိုလ်ချုပ်များ ဖက်မှ ရက်စက်စွာ တုန့်ပြန်လာခဲ့မှုများ ကြောင့် ခုခံကာကွယ်နိုင်ရန် လက်နက်စွဲကိုင်လာခဲ့ရသည်။ အရပ်ဖက် အုပ်ချုပ်‌ရေး အား ပြန်လည် အသက်သွင်းနိုင်ရန် လူထု လှုပ်ရှားမှုသည် တခဏအတွင်းမှာပင် လက်နက်ကိုင် တော်လှန်‌ရေး အသွင် ကူးပြောင်းသွားခဲ့ပြီး စစ်တပ် ထိန်းချုပ်မှုမှ လွတ်ကင်းကာ အားလုံး ပါဝင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တော် တည်ဆောက်ရေး လမ်းကြောင်းသစ် ကို ဖောက်လာခဲ့ကြသည်။ တကယ်တမ်းတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးစကပင် ကွယ်ပျောက်သွားခဲ့သော လမ်းကြောင်းလည်း ဖြစ်သည်။

 

လက်နက်ကိုင် ခုခံ ကာကွယ်ရေး ဖက်သို့ ပြောင်းလဲသွားသည်နှင့် အင်အားတောင့်တင်းပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နိုင်ငံတဝှမ်း မှ လူငယ် အင်အားစုများ အား လက်ကမ်းလာခဲ့ကြပြီး လေ့ကျင့် သင်ကြားပေးခဲ့ခြင်းကြောင့် လူထုအား စစ်တပ်ရန် မှ ကာကွယ်ပေးနိုင်ရန် နှင့် အာဏာသိမ်း အဖွဲ့အား ဖြုတ်ချပစ်နိုင်ရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ဖွဲ့စည်းလာ နိုင်ခဲ့ခြင်း ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့အား လက်နက်ကိုင် ဆန့်ကျင်မှု များ တိုးတက် အောင်မြင်မှု များ ရရှိလာနေ

 

လက်နက်ကိုင် တော်လှန်ရေး ၏ ဗဟိုချက် ဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေး ဝန်ကြီး ဌာနသည် စစ်အာဏာသိမ်း အဖွဲ့အား တိုက်ခိုက်နေသော အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး နှစ်ဖွဲ့ ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော်၊ ကရင် အမျိုးသား သမဂ္ဂ တို့ နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည်။ ပူးတွဲ စစ်ဦးစီး ဌာနချုပ်ကိုပါ ဖွဲ့စည်း လာနိုင်ခဲ့သည်။ ကရင်နီ၊ ချင်း အပါအဝင် နောက်ထပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ရှစ်ဖွဲ့နှင့်ပါ မဟာဗျူဟာမြောက် အကျိုးတူ လက်တွဲ လုပ်ကိုင် နေပြီ ဖြစ်၍ စစ်ဆင်ရေး များ နှင့် ကွပ်ကဲ ဆောင်ရွက်မှု များ တွင် အတူ ညှိနှိုင်း ‌ဆောင်ရွက်လျှက် ရှိသည်။ ထို့ပြင် စစ်အာဏာသိမ်း အဖွဲ့ အား ဆန့်ကျင်တွန်းလှန်နေသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ပါ နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အခိုင်အမာ ရရှိလာခဲ့ပြီး မိမိတို့၏ လက်နက်ကိုင် တော်လှန်ရေး အတွက် တက်တက်ကြွကြွ နှင့် ထောက်ခံမှုများ ပေးလာခဲ့ကြသည်။

 

PDF တပ်ဖွဲ့များ နှင့် ကာလကြာမြင့်စွာ တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား မဟာမိတ် ဖွဲ့စည်း လာနိုင်ခဲ့ခြင်းကပင် စစ်တပ်၏ မယှဉ်နိုင်အောင် အင်အားကောင်းလှသည့် လေတပ်နှင့် အရင်း အမြစ်များ များ ရှိနေသည့် ကြားမှပင် မကြောက်မရွံ့ အာခံ တွန်းလှန်နေခဲ့ခြင်းကပင် ပြည်သူများ၏ လွတ်လပ် ခွင့် နှင့် ဒီမိုကရေစီ အတွက် မည်မျှ အထိ စိတ်ဓါတ်ခိုင်မာမှု၊ ဒူပေနာပေ ခံနိုင်စွမ်း ရှိနေမှု များကို သက်သေ ပြနေ ပေသည်။

 

ပို၍ အရေးပါဆုံးက ယခု ရရှိနေသည့် မကြုံစဖူးအောင် ညီညွတ်လာခဲ့မှု ကြီးပင် ဖြစ်ပြီး ယင်းသည် အောင်မြင်မှု ရဖို့ အခွင့်အလန်းများ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက် ဗျူဟာများသည် စစ်ရေး၊ နိုင်ငံရေး အပါအဝင် နယ်ပယ် အသီးသီးတွင် ကျဆုံးလာနေပြီ ဖြစ်သည်။ ၎င်းတို့ အတွက်က အမြဲလို ရှိနေ တော့မည့် စစ်ပွဲများ ဖြစ်လာခဲ့သည်။ ကျွန်ုပ် တို့ အတွက် အမှောင်တကာ အမှောင်မိုက်ဆုံး နှင့် ကင်ဆာ ကဲ့သို့ အမြစ်တွယ်နေသော အလုံးကြီးကို ဖယ်ရှားပြစ်နိုင်သော အကောင်းဆုံး အခွင့်အရေး ရရှိလာသည့် နောက်ဆုံး တိုက်ပွဲ ပင် ဖြစ်သည်။

 

ပြည်သူလူထု၏ ပူးပေါင်း ပါဝင် ထောက်ခံမှု နှင့် အတူ ထိုတိုက်ပွဲကြီးသည် ရှေ့သို့ တိုးလာနေပြီ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ၏ PDF တပ်များသည် အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများရှိ စစ်ကိုင်း နှင့် မန္တလေး ဒေသများတွင် ထိထိရောက်ရောက် ခြေကုပ်ယူနိုင်ခဲ့သည်။ ထိုဒေသများသည် ဗမာလူမျိုး အများဆုံး နေထိုင်ရာလည်း ဖြစ်သဖြင့် နိုင်ငံ၏ အချက်အချာ အလယ်ဗဟိုလည်း ဖြစ်သည့် အပြင် သမိုင်း ကြောင်းအရ လူမှု စီးပွားရေးအရ အရေးပါဆုံးလည်း ဖြစ်သည်။

 

အလားတူပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ နယ်မြေ များ တွင် ပို၍ ထိန်းချုပ်လာနိုင်ပြီး ထိထိရောက်ရောက် အုပ်ချုပ်နိုင်ခဲ့လေပြီ။ ထိုသို့ NUG နှင့် တိုင်းရင်းသား အဖွဲ့များ နိုင်ငံတဝက်ကျော်ကို ထိန်းချုပ်နိုင်နေပြီ ဆိုသည်ကို အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင်ပင် ဝန်ခံ ခဲ့ရပြီး ဖြစ်သည်။

 

တနိုင်ငံလုံးသည် ပြည်သူလူထု အုပ်ချုပ်နိုင်ခွင့် ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် နှင့် စစ်အုပ်ချုပ်ရေး ဆိုသည့် ဘုံ ရန်သူကြီးကို ဖယ်ရှားနိုင်ရေး တွင် တနိုင်ငံလုံး အောင်မြင်ရမည်ဟူသော သန္နိဋ္ဌာန်ကို အခိုင်အမာ ချထားပြီး လည်း ဖြစ်သည်။ ထိုအရေးအတွက် မြန်မာပြည်သူများ သည် တသံတည်း ကြွေးကြော်၍ ညီညွတ်စွာ အတူ လုံးပမ်းကြမည် ဆိုကာ ချီတက်လာကြပြီ ဖြစ်သည်။

 

ထို့အတွက်လည်း ပြည်ပနိုင်ငံများတွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေကြသော ပြည်သူများက ၎င်းတို့ ချွေးနှဲစာ ထဲမှ တော်လှန်ရေး အတွက် ပုံမှန်ထည့်ဝင် လှူဒါန်းနေကြသည်။ အထက်မြန်မာပြည်မှ သက်ကြီးရွယ်အိုများပင် ၎င်းတို့ ဘိုးဘွားပိုင်မြေများ စစ်တပ် လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောက်နေသည့် ကြားမှ ၎င်းတို့ ဝတ်ထားသော နားကပ်ကို ချွတ်ကာ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

 

ကျွန်ုပ်တို့သည် မိမိကိုယ် မိမိ ခုခံ ကာကွယ်နိုင်ရန် ဘာမျှ မရှိသည့် ကြားမှ လက်လုပ် တူမီး သေနတ်များ ဖြင့် စတင်ခဲ့ကြရသည်။ ရနိုင်သမျှ သံတိုသံစများ စုဆောင်းကာ လက်နက် အဖြစ် ဖန်တီးခဲ့ရသည်။ စစ်တပ်၏ နောက်ဆုံးပေါ် အော်တိုမက်တစ် သေနတ်မျာ၊ ရုရှား၏ ဂျက်တိုက်လေယာဉ်များ နှင့် ရင်ဆိုင်နေရသည့် ကြားမှ ၎င်းတို့အား ပြိုလဲလုမတတ် အခြေအနေရောက်အောင် လုပ်နိုင်ခဲ့ကြသည်။ ကိယက်ဗ်ရှိ ပြည်သူများသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းပိုက် နိုင်ရန် တန်ပြန် ထိုးစစ်ကို ဆင်နွှဲလာနေသလို မြန်မာ ပြည်သူများသည်လည်း စစ်အာဏာသိမ်း အဖွဲ့ လုယက်သွားသော မြေများကို တလက်မ မှ မကျန် ပြန်လည် ရရှိရန် တိုက်ပွဲဝင်နေကြခြင်း လည်း ဖြစ်သည်။

 

မြန်မာ တို့၏ ရုန်းကန်မှု နှင့် ယူကရိန်း

 

ထိုသို့ အနေအထား ရှိနေသော်လည်း အလျှင်အမြန် အောင်ပွဲ ခံနိုင်ရန် နိုင်ငံတကာ၏ ထောက်ပံ့ ကူညီဖို့ လိုအပ်နေသည်။ ဤနေရာတွင် မိမိတို့ အခြေအနေအား ယူကရိန်းနှင့် နှိုင်းယှဉ်၍ မဖြစ်မှန်းလည်း သိထား သော်လည်း မိမိတို့သည် ဝတ္ထုပစ္စည်း ပိုင်းဆိုင်ရာ အကူအညီတွင် မဆိုသလောက်‌သော အကူအညီများသာ ရရှိခဲ့သည်။ ယူကရိန်းကိုပေးသော အကူအညီ၏ တစ်ရာနှုန်းမျှသာ ရရှိရုံနှင့် လအနည်းငယ်အတွင်း ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်သည်အထိ အောင်မြင်မှုများ ရရှိအောင် ကြီးစွာသော အထောက်အကူများ ဖြစ်လာပေလိမ့်မည်။ ယခုအခါတွင် အင်အား တဖက်သတ် သာလွန်နေသော ရန်သူကို နှစ်ချီ ကြာအောင် တိုက်ခိုက်နေကြရသည်။

 

လက်ရှိ တော်လှန်ရေးကြီးသည် မြန်မာ သမိုင်းတွင် မကြုံဖူးလောက်အောင် ထူခြား မှု ရှိနေသည့်အတွက် နိုင်ငံတကာ၏ ထောက်ပံ့ပေးမှု ရရှိသင့်သည်။ တိုင်းရင်းသား ပေါင်းစုံ၏ တူညီသော ရည်ရွယ်ချက်၊ ဒီမိုကရေစီ အပေါ် မယိမ်းမယိုင် ယုံကြည်မှု၊ မိမိတို့ အရေးတော်ပုံ အတွက် သန္နိဋ္ဌာန် ချထားမှု များကြောင့် နိုင်ငံအတွင်း နှစ်ပေါင်း ခုနှစ်ဆယ် နီးပါး ကြာမြင့်လာနေသော စစ်ပွဲကို အဆုံးသတ်နိုင်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေး နှင့် လွတ်လပ်မှု များ သယ်ဆောင်ပေးနိုင်မည့် နောက်ဆုံး အခွင့်အ‌ရေးကြီးလည်း ဖြစ်သည်။

 

မိမိတို့ အနေဖြင့် နိုင်ငံတကာ မှ အကူအညီများ ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ စစ်အာဏာရှင်စနစ် အား ဖြိုလှဲရေး တွင် လုံးဝ ဥဿုံ မယိမ်းမယိုင်‌သော စိတ်ဓါတ်ဖြင့် ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ အကူအညီများဖြင့် မိမိတို့ ၏ တိုက်ပွဲဝင်နေမှု ကို ပံ့ပိုးပေးနိုင်ခဲ့မည် ဆိုလျှင် တိုတောင်းသော အချိန်အတိုင်းအတာ အတွင်း သေချာပေါက် အောင်ပွဲခံနိုင်မည်သာ ဖြစ်သည်။ ယင်းနှင့် အတူ ဒေသတွင်း နှင့် နိုင်ငံ အတွက် ပါ တည်ငြိမ်မှု များ ပြန်လည်ရရှိလာမည် ဖြစ်သည့်အပြင် ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စုကြီး အလျှင်အမြန် ပေါ်ပေါက်လာရေးဆီ ဦးတည်သွားမည်လည်း ဖြစ်ပေသည်။