ဝုဒ် စတော့ ဂီတ ဖျော်ဖြေပွဲကြီး သို့သွားရာ အဝေးပြေး လမ်းမကြီး ဘေးတချက်တချက်တွင် ရပ်ထားသော ကားများ နှင့် ပြည့်ကျပ်လာနေသည်။ ထို့အတွက် တီးဝိုင်း အဖွဲ့သားများ ကားနှင့် လာ၍ မဖြစ်တော့ သဖြင့် ရဟတ်ယာဉ် နှင့် ပို့ဆောင်ပေးခဲ့ရသည်။
ကျေးလက် အမျိုးသမီး အဆိုတော် ဂျုန်း ဘိုင်ယတ်ဇ် သည် ပွဲဦးထွက် ဖျော်ဖြေရမည် ဖြစ်သော်လည်း မနက် ၁ နာရီ အထိ မစနိုင်သေးပေ၊ သူမ ၏ အပိတ် သီချင်းသည် "We shall overcome" ငါတို့ ဖြတ်ကျော်နိုင်ရမည် ဟူသော သီချင်း ဖြစ်၍ တက်ရောက်လာကြသူများက မိမိတို့၏ သာတူညီမျှ အနာဂတ် အတွက် မျှော်လင့်ချက်များကို တိုက်ရိုက် ရည်ညွှန်းခြင်း ဆိုသည်ကို သဘောပေါက်ခဲ့ကြသည်။
သီတင်းတပတ် အကုန်တွင် ပွဲတော်လာသူများ ပြန်သွားသည့် အခါ ယာစ်ဂါ လယ်တောကြီး ထဲတွင်မိုးရေများ နှင့် ရွှဲနစ်နေသည့် စောင်များ၊ အမှိုက်သရိုက်များ ရှုပ်ပွ ကျန်ရစ်ခဲ့သည်။ ထိုအဖြစ်ကြောင့် ပိုင်ရှင် ဖြစ်သူ မက်စ် ယာစ်ဂါသည် စိတ်ဓါတ် ကျမသွားပဲ လူငယ် ငါးသိန်း ခန့် လာရောက်စုရုံး နိုင်သည့် အဖြစ်ကို ကမ္ဘာကြီးအား ပြသနိုင်ခဲ့မှု အတွက် ဂုဏ်ယူ နေခဲ့သည်။
ဝုဒ် စတော့ ဂီတ ပွဲသည် မက်စ် ယာစ်ဂါ ထင်ထားသည်ထက် နောက်ပိုင်းတွင် ပို၍ လေးနက်လာခဲ့သည်။ ဤသည်က မျိုးဆက်သစ် တခုလုံးသည် သူတို့ ရှေ့တွင် မြင်တွေ့နေရသော ကမ္ဘာကြီး၏ ပျက်ကွက် ခဲ့မှု များ ဆက်၍ လက်ခံရန် ငြင်းဆန်လာခဲ့ကြပြီ ဆိုခြင်းပင်။ ပို၍ ကောင်းမွန်သော လောကကြီး ကို ခိုင်မြဲ အောင် တည်ဆောက်ချင်လာကြသည်။ စစ်ပွဲများ၊ အမုန်းတရားများ နှင့် ကွဲပြားနေမှု များ အပေါ် ငြိမ်းချမ်းရေး၊ မေတ္တာနှင့် ဂီတ တို့ဖြင့် အနိုင်ယူ နိုင်လိမ့်မည်ဟု ယုံကြည်လာကြသည်။
၁၉၇၀ မေလ အစောပိုင်းတွင် အိုဟိုင်းယိုး ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကန့် ပြည်နယ် တက္ကသိုလ် ကြီး မှ ကျောင်းသားများသည် အမေရိကန် အစိုးရ၏ ဗီယက်နမ်တွင် ဆက်လက် ပတ်သက်နေမှု နှင့် ကမ္ဘောဒီယားသို့ ထပ်မံ ကျုးကျော်လာနေမှု များ အတွက် ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် စီစဉ်လာခဲ့ကြသည်။
ကျောင်းသားများသည် ဆန္ဒပြပွဲ အများစု ကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြသော်လည်း အရံတပ် မှ အရာရှိများ လေ့ကျင့် သင်ကြားပေးရာ အဆောက်အအုံတခု မီးစွဲလောင်သွားခဲ့မှု အပေါ် အာဏာပိုင်များက ထိတ်လန့် တုန်လှုပ်သွားခဲ့ကြပြီး ပြည်နယ် အုပ်ချုပ်ရေးမှုး ဂျိမ်းစ် ရိုဒ် သည် အမျိုးသား အစောင့် တပ်ကို ဆင့်ခေါ်၍ တက္ကသိုလ် ကျောင်းဝင်း အတွင်းသို့ စေလွှတ်ခဲ့သည်။
ထိုလုပ်ရပ်ကြောင့် ကျောင်းသားများကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့ရပြီး ၁၉၇၀ မေလ ၄ ရက် နေ့တွင် ကျောင်းသားထုကြီး နှင့် အစောင့်တပ်များ သည် ကြားတွင် မြေကွက်လပ် တခုသာ ခြားပြီး ထိတ်တိုက် တွေ့လာခဲ့သည်။
ရဲ အရာရှိမှ လက်ကိုင် အသံချဲ့စက် ဖြင့် ကျောင်းသားများကို လူစုခွဲရန် အမိန့်ပေးလာခဲ့သည်။ အတန်တန် သတိပေးနေသော်လည်း ကျောင်းသားများက လိုက်နာခြင်း မရှိပဲ အချို့က ခဲများ နှင့် ပစ်ပေါက်လာသဖြင့် အမျိုးသား အစောင့်တပ်မှူးက သူလူ့များကို မျက်ရည်ယို ဗုံးဖြင့် ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။
အလဲလဲ အပြိုပြို နှင့် ခြေဦးတည့်ရာ ထွက်ပြေးနေသော ကျောင်းသားများ နောက်သို့ အစောင့် တပ်ဖွဲ့ဝင်များက နောက်မှ ပြေးလိုက်လာကြသည်၊ တဖန် ကျောင်းသားများက ခဲများ နှင့် ပစ်ပေါက်လာပြန်သည်။ အမျိုးသား အစောင့် တပ်ဖွဲ့ဝင်များက အဘယ်အတွက်ကြောင့် မှန်း မသိ၊ အနီးအနားရှိ ကုန်းမြင့်ပေါ်သို့ ပြန် ဆုတ်သွားခဲ့ပြီး ထိုနေရာမှ ကျောင်းသားများ ရှိရာသို့ ပစ်ခတ်လာကြသည်။ အများအားဖြင့် ခေါင်းပေါ်မှ ကျော်သွားသော်လည်း အချို့ကျည်ဆံများက ကျောင်းသားများကို ထိမှန် သွားခဲ့သည်။ ကျောင်းသား နှစ်ဦး၊ ကျောင်းသူ နှစ် ဦး စုစုပေါင်း လေးဦး သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး ကိုးဦး ဒဏ်ရာ ရရှိသွားသည်။
အမျိုးသား အစောင့်တပ်များက အဘယ်ကြောင့် ကျောင်းသားများကို ပစ်ခတ်ခဲ့ရသည် ဆိုသော အကြောင်းရင်းကို ယခုထိ ကွဲကွဲပြားပြား မသိ ဖြစ်နေဆဲပင်။
ဗီယက်နမ် စစ် ဆန့်ကျင့်ရေး တက်ကြွ လှုပ်ရှားသူ များ အဖို့ လက်နက်မဲ့ ဆန္ဒပြ ကျောင်းသားများကို သတ်ဖြတ်ခဲ့မှု သည် ၎င်းတို့ ဆန့်ကျင် တိုက်ပွဲဝင်နေသော နိုင်ငံ အစိုးရ၏ အကြမ်းဖက် လုပ်ရပ်များ အတွက် နမူနာ ပြ စရာ ဖြစ်လာခဲ့သည်။ ထိုသို့ သတ်ဖြတ်ခဲ့မှု ကြောင့် ကျောင်းသားများ အား ရှေ့ဆက် မလုပ်ရန် တားမြစ်သလို ဖြစ်မလာပဲ ပို၍ပင် ဒေါသထွက်လာအောင် ဆွပေသလို ဖြစ်သွားခဲ့ရသည်။