အီရတ် နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်းများ အား အီရန်မှ လက်တုန့်ပြန် တိုက်ခိုက်

by Hla Soewai - Jan 08 2020

“အာဇာနည် ဆူလေမန်နီး” ဟု အမည်ပေးထားသော စစ်ဆင်ရေး ဖြင့် တာတိုပြစ် ဒုံးကျည် ဆယ်စင်းခန့်ဖြင့် အမေရိကန် စစ်စခန်း နှစ်ခု ကို အင်္ဂါနေ့က စတင်ပြစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။

 

အတိုက်ခံခဲ့ရသော စစ်စခန်း သည် အီရတ် နိုင်ငံ အနောက်ပိုင်းရှိ အင် အယ် အဆက် ဖြစ်ပြီး အမေရိကန် သမ္မတ ထရန့် မှ ၂၀၁၈ ခုနှစ်အတွင်း သွားရောက်လည်ပတ်ခဲ့သည့် စစ်စခန်းလည်း ဖြစ်သည်၊ နောက်စစ်စခန်း တခုသည် အီရတ် ကာဒစ်စတန် ရှိ အာဘီလ် စခန်း ဖြစ်သည်။

 

ဒုံးကျည်များသည် အီရတ်ရှိ အမေရိကန် နှင့် ညွှန်ပေါင်း တပ်ဖွဲ့များ ကို အီရန် မှ ပြစ်မှတ်ထား တိုက်ခိုက်လာသည်မှာ သိသာ ထင်ရှားနေသည်ဟု ပင်တဂွန် စစ်ဌာနချုပ်က ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှု ကို ထရန်အား အသိပေး တင်ပြခဲ့ပြီး ဖြစ်သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အင်္ဂါနေ့ညတွင် တစုံတရာ ပြောကြားမည် မဟုတ်သေးကြောင်းလည်း သိရသည်။

 

သို့သော် ကာကွယ်ရေး ဝန်ကြီး မတ် အက်စ်ပါ နှင့် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို တို့နှစ်ဦးအား တိုက်ခိုက်မှု သတင်း ထွက်ပေါ်လာပြီး မကြာမီတွင် အိမ်ဖြူတော်သို့ ရောက်ရှိလာသည်ကို တွေ့ရကြောင်း သတင်းများက ဆိုသည်။

 

အီရန် တော်လှန်ရေး တပ်ဖွဲ့မှ မိမိတို့ မှ ဗိုလ်ချုပ်ကြီး ကာဆန် ဆူလေမာနီး သတ်ဖြတ်ခံခဲ့ရမှုအတွက်  လက်တုန့်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ ဗိုလ်ချုပ်ကြီး၏ ဈာပန အပြီး နာရီ အနည်းငယ် အကြာတွင် ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

အီရန် ရုပ်မြင်သံကြားတွင် ဖေါ်ပြခဲ့သော သတင်းများအရ မိုင် ၁၈၆ (၃၀၀ ကီလိုမီတာ) အကွာ အထိ ပြစ်ခတ်နိုင်သော Fatteh-110 တာတိုပြစ် ဒုံးကျည် ဟု သိရသည်၊ ထိုစစ်ဆင်ရေး အား အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီ ကိုယ်တိုင် စစ်ဆင်ရေး ကွပ်ကဲမှု အခန်းထဲမှ ကြီးကြပ်နေခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည်သည် မိမိတို့ ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး လျင်မြန်ပြီး ရန်သူ ရေဒါ မှ ဖမ်းယူနိုင်ခြင်း မရှိသည့် Stealth အမျိုးအစား ဖြစ်ပြီး ပြစ်မှတ်ကို တိကျမှန်ကန်စွာ ပြစ်ခတ်နိုင်ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး အမီယာ ဟာတာမီက ဆိုသည်။

 

အမေရိကန်တို့ ဖက်မှ အသေအပျောက် စာရင်းနှင့် ပတ်သက်၍ သဲသဲကွဲကွဲ မသိရသေးဟု ဆိုသည်။ လောလောဆယ်တွင် အီရန် ဂျက်တိုက်လေယာဉ်များက ဝေဟင်တွင် ပျံဝဲလျက် ကင်းလှည့်လျက် ရှိနေသည်။