ဝါရှင်တန် အခြေစိုက် မဟာဗျုဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ Center for Strategic and International Studies (CSIS) မှ လက်ထောက် ညွှန်ကြားရေး မှုး အဲရင် မာဖီ (ယခင် စီအိုင်အေ အရာရှိဟောင်း) မှ အထက်ပါ အတိုင်း လိုအပ်ကြောင်း ယခုလို ကျိုးကြောင်းပြ ရေးသားထားသည်ကို ကောက်နှုပ်တင်ပြထားပါသည်။
ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးပို့နေခြင်းအား စစ်အာဏာသိမ်း အဖွဲ့မှ ရပ်ဆိုင်းပစ်လိုက်ခြင်းသည် ဆိုးဝါးလွန်းလှသည့် လုပ်ရပ် ဖြစ်သော်လည်း ၎င်းတို့ အဖို့ အထူးအဆန်း မဟုတ် လွန်ခဲ့သော ၁၅ နှစ် ယခုလို အချိန် လူပေါင်း ၁၃၈,၀၀၀ သေဆုံးခဲ့ရသည့် နာဂစ် တွင်လည်း အလားတူ လုပ်ခဲ့ကြပြီး ဖြစ်သည်။ ထိုစဉ်က ကုလ၊ အာဆီယံ နှင့် အင်ဂျီအိုများက စစ်အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ခဲ့သေးသည်။ ယခုအခါ ထိုသို့ ဆက်ဆံရေးမျိုး မရှိတော့။
လက်ရှိ စစ်ကောင်စီ နှင့် စေ့စပ် ညှိနှိုင်းခြင်းသည် အချိန်ဖြုန်းယုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။ မည်သို့သော သံတမန်ရေး ကြိုးပမ်းမှု မဆို ၎င်းတို့ မရှိတော့မည် မြန်မာပြည် အနာဂတ် အတွက်သာ ရည်ရွယ် လုပ်ဆောင်ရမည် ဖြစ်သည်၊ ထို့အတွက် ကမ္ဘာအနှံ့ရှိ မြန်မာ အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ အစိုးရများ၊ လူထု ကို အဓိက ပံ့ပိုးပေးနေသည့် အင်ဂျီအို များ နှင့်သာ ဆွေးနွေးတိုင်ပင်ဖို့ ဦးတည် သင့်သည်။
မြန်မာ အတွက် ကုလ မှ သံတမန်များ တပုံတပင်ကြီး ခန့်အပ်ထားခဲ့ပြီး ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲ အပြီးတွင် မစ္စက် ဆာဒါကို အိုဂါတာ၊ ၁၉၉၂ တွင် ယိုဇို ယာကိုတာ၊ ၁၉၉၆ တွင် မောရစ်ရှ မှ ရပ်ခ်ျဆွန်မား လာလား၊ သူ့နောက် အယ်ဗာရို ဒီဆိုတို၊ ရာဇာလီ အစ္စမေး၊ အီဗရာဟင် ဂမ်ဘာရီ၊ ပေါလို ဆာဂျီရို ပီနဲရိုး၊ ဗီဂျေး နမ်ဘီယား၊ ခရစ်စတင်း ဘာဂင်ဂါ၊ နောက်ဆုံး နိုလင်း ဟေဇာတို့ ဖြစ်သည်။ သူမသည် အာဏာသိမ်း စစ်ကောင်စီ နှင့် အာဏာခွဲဝေရေး ကို ပြောလာသည့် အတွက် အငြင်းပွားမှုများ ဖြစ်လာခဲ့သည်။
ထိုမျှနှင့်ပင် ကုလ သည် ထိုသို့ အထူးသံတမန်များ၊ လူ့အခွင့်အရေး ဖြန်ဖြေသူများ ခန့်အပ်ခြင်းသည် အကျိုး မရှိ ဆိုသည်ကို သိသင့်ပြီ ဖြစ်သည်။ ထို့အတွက် နိုင်ငံတွင်းရှိ နိုင်ငံရေး အဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ နှင့် ဆက်သွယ် ဆောင်ရွက်သင့်သည်။
ရှုပ်ထွေးလှသော သမိုင်းကြောင်း နှင့် ကွဲပြားနေသည့် လူမျိုးစု များ ကြောင့် ၎င်းတို့အကြား ရင်ကြားစေ့နိုင်ရေး၊ ဖက်ဒရယ် စနစ် နှင့် ဒီမိုကရေစီ စနစ် တည်ဆောက်ရေး တို့ အပေါ် အာရုံထားသင့်သည်။
အကယ်၍ မနက်ဖန် တွင် စစ်ကောင်စီ ပြုတ်ကျသွားခဲ့သော မြန်မာ သည် ထိုပြဿနာများနှင့် နပမ်းလုံးရ တော့ မည် ဖြစ်သည်။ စစ်ပွဲကြီး အဆုံးသတ်ပြီး နောက် ပိုင်း ယူကရိန်း ပြန်လည် တည်ဆောက်ရေး အတွက် ကော်မရှင် ဖွဲ့စည်းသလိုမျိုး လုပ်ထားသင့်ပြီ ဖြစ်သည်။
အာဆီယံ မှ ခန့်အပ်ထားသော သံတမန်များသည်လည်း စစ်ကောင်စီ နှင့် မည်သည့် တိုးတက်မှု မျိုးမှ ဖေါ်ဆောင်နိုင်ခြင်း မရှိခဲ့သည့်အပြင် ၎င်းတို့၏ ကယ်ဆယ်ရေး ယာဉ်တန်းသည်ပင် စစ်တပ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
လက်ရှိ ကုလ အနေအထားသည် စစ်ကောင်စီ နှင့် ဆက်သွယ်ရေး လမ်းကြောင်း ပိတ်သွားမည် စိုး၍ ပြောသင့် ပြောထိုက်သည်များ ထုတ်မပြောရဲ ဖြစ်နေသည်၊ ထိုသို့ မဖြစ်သင့်၊ စစ်ကောင်စီ ဖက်က နဂိုကတည်းက ကုလ နှင့် ပြောဆိုဖို့ စိတ်ဝင်စားကြသူများလည်း မဟုတ်၍ ဘာမျှ အရှုံးမရှိနိုင်ပေ။
ထိုအထဲတွင် ယန်ဟီလီးသည် သူမ၏ တာဝန်နှင့် ပတ်သက်၍ ရဲရင့် ပြတ်သားစွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ကုလ သမဂ္ဂ အနေဖြင့် နောက်ထပ် စဉ်းစားနိုင်သည်က Responsibility to Protect (R2P) ပင် ဖြစ်သည်။ R2P သည် ကုလ အဖွဲ့ကြီး မှ အဖွဲ့ဝင်နိုင်ငံများတွင် ဂျီနိုဆိုက် နှင့် စစ်ရာဇဝတ်မှုများ ကျုးလွန်ခြင်း၊ လူမျိုးရေး သန့်စင်ခြင်းများ နှင့် လူသားများ အပေါ် ကျုးလွန်သော ရာဇဝတ်မှုများ မှ အကာအကွယ် ပေးမည် ဆိုသည့် ကတိကဝတ် ပြုထားမှု ပင် ဖြစ်သည်။
၂၀၀၈ ဆိုင်ကလုံး နာဂစ် အပြီးတွင် တကမ္ဘာလုံး ဘာလုပ်ရမှန်း မသိ၊ ဂမူးရှူးထိုး ဖြစ်လာနေချိန်တွင် ထိုစဉ်က ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘားနတ် ကူရှနာသည် စစ်တပ် မှ သိသိကြီး နှင့် လူအများအပြား အသက် အန္တရာယ် ကျရောက်အောင်၊ ဒုက္ခရောက်အောင် ပြုနေ၍ လူသား များ အပေါ် ကျုးလွန်နေသော ရာဇဝတ်မှု မြောက်သည် ဆိုကာ R2P အသက်ဝင်အောင် ပြုလုပ်ရမည်ဟု တောင်းဆိုခဲ့ဖူးသည်။
မြန်မာပြည် အတွက် R2P ဖြစ်မလာခဲ့သော်လည်း နောက်ပိုင်းတွင် လစ်ဗျား မှ စ၍ အိုင်ဗရီကို့စ်၊ တောင် ဆူဒန် နှင့် ယီမင်တို့တွင် ကျင့်သုံးလာခဲ့သည်။
ကုလသမဂ္ဂ သည် မြန်မာ အပေါ် အကြိမ်ပေါင်းများစွာ တာဝန် ပျက်ကွက်ခဲ့ပြီး ဖြစ်သည်။
ယခုတကြိမ်တွင်တော့ အခြေခံ လူ့အခွင့်အရေး များ နှင့် သတ်မှတ်ထားသော စံနှုန်းများကို ကာကွယ် စောင့်ရှောက်ရန် မိမိတို့ တာဝန်ယူထားမှု ကို အလေး အနက် စဉ်းစားသင့်ပြီ ဖြစ်သည်။
(မစ္စက် အဲရင် မာဖီ ရေးသားခဲ့သော Burmese Haze စာအုပ်အား "မြူမှုန် ဝိုးတဝါးကြားမှ မြန်မာပြည်" ခေါင်းစဉ် ဖြင့် ကျွန်တော်၏ အွန်လိုင်း "မျှော်စင်" ဂျာနယ်တွင် အခန်းဆက် ပြန်ဆိုထားပါသည်။)
မိမိအမြင်အရ ဆိုလျှင် လူထု အပေါ် လက်နက်အားကိုး ဖြင့် အနိုင်ကျင့် သတ်ဖြတ်၊ ဗုံးကြဲ၊ ကျေးရွာများကို မီးရှို့ သတ်ဖြတ်နေသော အဖွဲ့ မည်သို့မျှ သက်ဆိုးရှည် နိုင်စရာ မရှိ၊ ကျဆုံးခန်းက အနှေး နှင့် အမြန် ရောက်လာမည်သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်မုချ အောင်ရမည်!!!