“စစ်အာဏာသိမ်း အဖွဲ့မှ ကုလ အား “အပုပ်ကောင် ရုပ်ဆောင်နေ” ဟု စတင်တိုက်ခိုက်ပြီ

by Hla Soewai - Jun 19 2023

စစ်အာဏာသိမ်း အဖွဲ့ သတင်း မီဒီယာ မှ ကုလသမဂ္ဂ သည် “ပုပ်သိုးဆွေးမြည့်နေသော” အဖွဲ့အစည်းကြီး ဖြစ်သည်ဟု ပြောဆို၍ စိမ်ခေါ်လိုက်ပြီ ဖြစ်သည်။

 

မကြာသေးမီက မြန်မာ အာဏာသိမ်း အဖွဲ့အပေါ် ကုလ ၏ တာဝန်ပျက်ကွက်မှုများ များပြားနေပြီ ဟု ဝေဖန်မှုများ ထွက်ပေါ်လာချိန်တွင် စဉ်းစား ဆင်ခြင်ဉာဏ် မရှိ ပြောလိုက်ခြင်း ဖြစ်သည်။

 

အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသော Global New Light of Myanmar သတင်း တွင် နယူးယောက်ရှိ ကုလ ဌာန ချုပ် ဓါတ်ပုံကို ဖေါ်ပြပြီး “Picture of Irrelevance” အပို ဆာဒါး ဖြစ်နေသော အဖွဲ့ပုံ ဟု ရေးသားထားသည်။

 

အတွင်းတွင် “တဘို့ထဲကြည့် အတ္တ များ ကူးစက်ခံနေရပြီး အတွင်းတွင် ပုပ်သိုး လှိုက်စားနေသည်” ဟု လည်း ပါရှိသည်။

 

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ခြေချ၍ မရသည့် ကမ္ဘာ အဖွဲ့အစည်းကြီး အား ဗြောင်ကျကျ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပြီး ယင်းသည် နှစ်ကျော့ပြန် ခံသွားရမည့် အရေးကို ထည့်တွက်ခဲ့ခြင်း မရှိပေ။

 

ကုလ သည် အတွင်းရေးမှူးချုပ်၏ အထူးသံတမန်ကို ခန့်အပ်ရန် စဉ်းစားနေသည့် အချိန်တွင် ထိုသို့ တိုက်ခိုက် လာမှုကြောင့် ၎င်းတို့ အပေါ် စစ်အာဏာသိမ်း အဖွဲ့က မခန့်လေးစား လုပ်လာနေပြီ ဆိုသည်ကို အချိန်မီ သိရှိအောင် သတိပေးလိုက်ရာလည်း ရောက်သွားသည်။

 

ကုလ အဖွဲ့အစည်း အသီးသီးတွင် ထိပ်တန်းနေရာများ ရယူ နိုင်အောင် ကြိုးစားနေသော တရုတ် အားလည်း အကြီးအကျယ် ထိခိုက်သွားလေပြီ။ ထိုမျှ မကသေး နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံ မှ သံအမတ်ကြီးများ ခန့်အပ် စေလွှတ်၍ ကမ္ဘာရေးရာများ တိုင်ပင်ဆွေးနွေးနေကြမှုကိုလည်း ဒေါ်စိန်အေး ကျောင်းထွက်များက စော်ကား လိုက်ခြင်း ဖြစ်သည်။

 

ယခုအခါ မိုခါ မုန်တိုင်းဒဏ် သင့်ပြည်သူများအား အကူအညီများ ပေးနေမှုကို ပိတ်ပင်လိုက်ခြင်းဖြင့် ကုလသမဂ္ဂ နှင့် ပြဿနာ စလာခဲ့လေသည်။ ၎င်းတို့ အဖို့က ထိုအရေးကို အကြောင်းပြု၍ ပြန်လည် ချဥ်းကပ်နိုင်မည်လားဟု အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသည်။

 

ထင်သလို ဖြစ်မလာသည့် အခါ ယခုကဲ့သို့ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့အား အပျော့ဆွဲ နှင့် နိုင်ငံ တွင်း အခြေအနေများ တည်ငြိမ်အောင် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဖြင့် ကြိုးပမ်းရန် ကြံစည်နေသော ကုလ အဖို့ လည်း ဘယ်လို လူစားများ ဖြစ်သည်ကို ရှင်းလင်းစွာ သိခွင့်ရသွားကြပြီ ဖြစ်သည်။

 

ကုလ လုံခြုံရေး ကောင်စီသည် ဖောက်ပြန်နေသော နိုင်ငံများကို အရေးယူ နိုင်ရန် R2P အပါအဝင် နည်းလမ်း များစွာ ရှိနေသည်။ ထိုကဲ့သို့ အပြောမျိုးက ဆက်ဒမ် ဟူစိန် နှင့် ကဒါဖီ တို့ထံမှလည်း ကြားခဲ့ရပြီး ဖြစ်သည်။ ယခုအခါ စစ်ကောင်စီသည် ထိုလမ်းကြောင်းကို တသွေမတိမ်း လျှောက်လှမ်းလာခဲ့လေသည်။

 

နိုလင်း ဟေဇာ နှင့် ပတ်သက်၍ အမည်မဖေါ်လိုသော်လည်း “ယခု အပတ်တွင် နောက်ထပ်တယောက်လည်း နိဂုံးချုပ်သွားခဲ့ပြီ ” ဟု ပါရှိသည်။ “ထပ်မံ၍ ထိုသို့သော လူမျိုးများကို မြန်မာ ပြဿနာ အဖြေရှာရန် တာဝန် ပေးခြင်းသည် အချည်းနှီးသာ ဖြစ်လိမ့်မည်” ဟု ဆိုသည်။

 

“နိုင်ငံ အတွက် အဖြေရှာနိုင်ရန်မှာ နိုင်ငံတွင်း နှင့် မိမိနိုင်ငံအပေါ် လိုလားသော နိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများ၏ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ နှင့်သာ ထွက်ပေါ်လာနိုင်သည်” ဟုလည်း ပါရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့ ဖြစ်စေချင်သည်များကို ဖြစ်အောင်လုပ်ပေးနိုင်သည် ဆိုသော နိုင်ငံများနှင့်သာ ဖြစ်လိမ့်မည်ဟု ပြောလိုခြင်း ဖြစ်သည်။

 

ထိုစကား များအရ ၎င်းတို့၏ ခေါင်းဆောင်ကြီး မင်းအောင်လှိုင်၏ အဆင်ခြင်မဲ့ အာဏာသိမ်းခဲ့မှုကြောင့် နိုင်ငံတကာ ပြဿနာကြီး အဖြစ် ရောက်ရှိသွားခဲ့ပြီကို တဖက်လှည့် နှင့် ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

စစ်ကောင်စီ လိုလားသော ငြိမ်းချမ်းရေးသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တယောက်မကျန် လက်နက် ချပြီး တိုင်းပြည်အား နားရွက်မျှပင် မလှုပ်ရဲအောင် အနိုင်ကျင့် အုပ်ချုပ်သွားရေးပင် ဖြစ်သည်။

 

ထိုအခါတွင် အာဆီယံသည်လည်း မြန်မာပြည် ငြိမ်ကျသွားလေပြီ ဟု ဆိုကာ တယောက်ကျော တယောက် သပ်၍ အမွှန်းတင်ကြပေဦးမည်။

 

ဤကဲ့သို့ စစ်ကောင်စီဖက်မှ ပြောရဲဆိုရဲ ရှိလာသည်မှာလည်း လာမည့် တနင်္ဂနွေ နေ့တွင် လက်ရှိ ထိုင်းအိမ် စောင့် အစိုးရမှ မြန်မာ နှင့် အပြည့်အဝ ပြန်လည် ဆက်ဆံရေး ဆွေးနွေးရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များကို ဘန်ကောက်သို့ ဖိတ်ခေါ်လိုက်ပြီး ထိုအထဲတွင် နိုင်ငံခြားရေး ဝန်ကြီးဟု ဆိုသော်လည်း မည်သူမျှ အဖက်မလုပ်သော သန်းဆွေ ကို ဖိတ်ကြားခံထားရသောကြောင့် ဖြစ်သည်။

 

ထိုသတင်းအား ဇွန်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမူဒွင်နိုင်း က ကျန် အဖွဲ့ဝင် နိုင်ငံများသို့ ပေးပို့သော စာ မှ တဆင့် ရိုက်တာ သတင်းဌာနသို့ ပေါက်ကြားသွားခဲ့သည်။

 

အဖွဲ့ဝင် နိုင်ငံများသည် အင်ဒိုနီရှား အားလည်း ၎င်းတို့ မျက်နှာပျက်စရာ ဖြစ်လာနေသော မြန်မာ အရေးအား ဖြေရှင်းနိုင်လိမ့်မည်ဟု အားကိုးတကြီး မျှော်လင့်ခဲ့သော်လည်း ဘာမျှ မယ်မယ်ရရ တိုးတက်မှု မရှိ၊ သွေးတိုး စမ်းနေသည်နှင့်သာ အချိန်ကုန်လာသဖြင့် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်လာနေသည်ကို အခွင့်ကောင်း ယူကာ ထိုင်းမှ “မြန်မာ အား ခေါ်၍ မျက်နှာခြင်းဆိုင် ဖြေရှင်းသည့် နည်းလမ်း” သာ ကျန်တော့သည်ဟု ကုလားဖန် ထိုးလာခြင်းပင် ဖြစ်သည်။

 

မည်သည့် နိုင်ငံများ တက်ရောက်မည်ကိုမူ တိတိကျကျ မသိရသေးပေ။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ မှ အာရှ တာဝန်ခံ ဖြစ်သူ ဖီလ် ရောဘတ်ဆန် မှ ယင်းသည် အခြားနိုင်ငံများက ရှောင်ရှားနေကြသည်ကို သိသိကြီး နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ၏ “မောက်မာမှု” သက်သက် ဖြစ်သည်ဟု ဝေဖန်လိုက်ပြီး ထိုသို့သော လုပ်ရပ်များကြောင့် အာဆီယံ ကြိုးပမ်းသမျှ တိုင်းသည် နှောက်ယှက်ခံနေရခြင်းသာ ဖြစ်သည်ဟု ဝေဖန် လိုက်သည်။

 

ဧရာဝတီ သတင်း အဆိုအရ စစ်ကိုင်းတိုင်း ဆားတောင် မြို့နယ် သာဇင်ကျေးရွာသို့ ချဥ်းကပ်လာသော အင်အား ၁၃၀ ရှိ ရန်သူ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ ထုတ်နှုတ်ရွေးချယ်ထားသော လက်ရွေးစင် ကွန်မန်ဒို ၃၅ ဦး မှ ချုံခိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု များစွာ နှင့် ပြန်လည် ဆုတ်ခွာသွားပြီး ဆုတ်လမ်း တလျှောက်ရှိ ရွာများကို မီးတင်ရှို့သွားကြသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!