ပြည်ထောင်စု မိခင်ကြီး၏ မွေးနေ့ ပန်းသပိတ် တိုက်ပွဲ

by Hla Soewai - Jun 19 2023

လာမည့် တနင်္လာနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ ၇၈ နှစ်မြောက် မွေးနေ့ ဂုဏ်ပြု သည့် အနေဖြင့် နိုင်ငံအနှံ့ ပန်းသပိတ် တိုက်ပွဲ ဆင်နွှဲသွားမည်ဟု အထွေထွေ ညှိ နှိုင်း ရေး ကော်မတီက ကျေညာခဲ့သည်။

 

အာဏာသိမ်းပြီးနောက် တတိယ မြောက် နှစ် အဖြစ် ဆက်လက်ဆင်နွှဲကြခြင်းလည်း ဖြစ်သည်ဟု သိရသည်။ ဆိုရှယ် မီဒီယာ များ တွင် ပန်းများကို ကိုင်ဆောင်ထားသော ပုံများ တင်လာခဲ့ကြသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

 

ဤသည်ကလည်း နိုင်ငံအား ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်အောင် ကြိုးပမ်းပေးခဲ့သည့် သူမ၏ ကျေးဇူးတရားကို အသိအမှတ်ပြုရာလည်း ရောက်ပေသည်။

 

ဖက်ဆစ် အာဏာသိမ်း အဖွဲ့က မည်မျှပင် မိမိတို့၏ ခုခံတွန်းလှန်မှုကြီးအား အသံတိတ်သွားအောင် လုံးပမ်း လာစေကာမူ ပြည်သူအားလုံးက ဖြစ်နိုင်သမျှ နည်းလမ်း မှန်သမျှ နှင့် ဆန့်ကျင်နေကြပြီး လာမည့် တနင်္လာနေ့ တွင် မိမိတို့သည် ဦးညွတ်သွားမည် မဟုတ်ကြောင်းကို ထပ်မံ သက်သေပြဦးမည် ဖြစ်သည်” ဟု ဒေါက်တာ တေဇာဆန်းက ပြောသည်။

 

ပြည်ပရောက် မြန်မာ တိုင်းရင်းသားများကလည်း ရံပုံငွေ ရှာဖွေရေး အခမ်းအနား ပြုလုပ်၍ ဂုဏ်ပြုကြမည်ဟု သိရသည်။

 

အရပ်ထဲတွင် အများကြည်ညိုအောင် ပြောဆိုနေထိုင်သူ လူငယ်တဦးအား ငမူးများက အလိုအလျှောက် မုန်းတီး နေကြသလိုမျိုး စစ်ဗိုလ်ချုပ်များသည်လည်း သူမ မြန်မာပြည်ကို ခြေချလာကတည်းက အလိုလို မုန်းတီးနေ ကြသည်။

 

သူမ၏ အများအကျိုး တိုင်းပြည် အကျိုး သယ်ပိုးလိုမှု၊ စွန့်လွှတ် အနစ်နာခံခဲ့မှု များက ၎င်းတို့နှင့် မိုးနဲ့ မြေ လို ကွာခြားနေသည့် အဖြစ်ကို မြင်အောင် ကြည့်တတ်ခြင်း မရှိ၊ အတုယူ ရကောင်းမှန်းလည်း မသိ၊ တိုင်းပြည်ကို ခုတုံးလုပ်၍ လူထု အထက်မှ နေကာ အနိုင်ကျင့်လိုမှု၊ ၎င်းတို့ကိုယ် ၎င်းတို့ ကြွယ်ဝချမ်းသာအောင် လုပ်လိုမှု များ ဖြင့် ရှင်သန်နေကြသူများ ဖြစ်သည်။

 

၎င်းတို့ အနေနှင့် နိုင်ငံတော် အတိုင်ပင်ခံ အား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်မည် ဆိုလျှင်ကမှ လူကြား ကောင်းသေး သော်လည်း မင်းအောင်လှိုင် တို့ လင်မယား ၏ အာဃာတ အညိုးအတေးကြီးစွာ လုပ်ကြံ အမှုဆင်ထားသည့် အမှုပေါင်း များစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် အပြစ်ပေးလိုက်ခြင်းသည်ကပင် ပြည်တွင်း ရှိ ပြည်သူ များ နှင့် နိုင်ငံတကာ၏ အထင်သေး ရွံရှာ မုန်းတီးခြင်း ခံခဲ့ရသည့် ပထမဆုံး နှင့် အကြီးဆုံး အမှားကြီး ကျူးလွန်ခဲ့ကြခြင်းပင်။

 

အာဆီယံ ခေါင်းဆောင် အများစုသည် မင်းအောင်လှိုင် နှင့် မျက်နှာခြင်း ဆိုင်ရမည်ကို ပင် လက်တွန့်နေကြပြီ ဖြစ်သည်။

 

ရိုက်တာ သတင်းဌာန သို့ ပေါက်ကြားလာသည့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး၏ နှစ်ရက်ကြာ အလွတ်သဘော တွေ့ဆုံရန် ဖိတ်ကြားချက်ကို စင်္ကာပူ နှင့် မလေးရှားက တရားဝင် ငြင်းဆိုလိုက်ပြီး ကမ္ဘောဒီယားကသာ တက် မည်ဟု အကြောင်းပြန်ထားသည်။

 

ဝါရှင်တန်တွင် ရောက်ရှိနေသော စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဘာလာကရစ်ရှနန်သည် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် နှင့် ပြုလုပ်သော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် “မိမိတို့သည် အာဏာ သိမ်းခဲ့မှု အား ပြစ်တင်ရှုတ်ချကြောင်း၊ ထိုလုပ်ရပ်၏ နောက်ဆက်တွဲ အဖြစ် နိုင်ငံတွင်း တည်ငြိမ်မှု ပျက်ပြား သွားပြီး၊ အမျိုးသား ရင်ကြားစေမှု လည်း နှောင့်နှေးသွားသည့်အပြင် တိုင်းပြည် စီးပွားရေး အားလည်း အကြီး အကျယ် ထိခိုက် သွားစေခဲ့ရသည်” ဟု ဆိုသည်။

 

“ကံမကောင်း အကြောင်းမလှစွာဖြင့် နှစ် နှစ်ကျော်လာပြီ ဖြစ်သော်လည်း လက်ရှိ အနေအထားများမှ တိုးတက် လာသည့် လက္ခဏ တစုံတရာ မတွေ့ခဲ့ရ” ဟု လည်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ဘာလာကရှစ်ကနန်သည် စစ်အာဏာသိမ်း ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးရန် လုံးဝဥဿုံ ငြင်းဆိုခြင်း မရှိသော်လည်း သူ၏ သဘောထားမှာ အဓိက အချက် အဖြစ် နောက်ဆုံး အားလုံး အတူထိုင်၍ ဆွေးနွေး ကြရန် ဖြစ်သည်ဟု သိရသည်။ ထိုသို့ ဖြစ်ရန် မည်မျှ ကြာမည်ကို မသိရသေး၊ ယခင်က ၂၅ နှစ် အထိ ကြာခဲ့သော်လည်း ယခုအခါတော့ ထိုမျှ လောက် ကြာမည် မထင်တော့ ကြောင်း ပြောခဲ့သည်။ ထို့အတွက် နိုင်ငံတကာ အနေဖြင့် ဆက်လက် ဖိအားပေးသွားဖို့သာ လိုသည်ဟု ဆိုသည်။

 

လက်ရှိ အနေအထားသည် ၎င်းတို့ နှင့် တွေ့ဆုံ ဆွေးနွေးရန် အချိန်မကျသေးဟု ဆိုသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် သည် တနင်္ဂနွေနေ့တွင် ဘီဂျင်းသို့ ရောက်ရှိလာမည် ဖြစ်သည်။

 

အချို့ နိုင်ငံများသည် စစ်အာဏာသိမ်း အဖွဲ့၏ အာဏာကို မဖြစ်ဖြစ်သည့် နည်း ဖြင့် ဆက်လက် ဆုပ်ကိုင် ထားရေး မူ ကို စွဲကိုင်ထားမှန်း မရိပ်စားဘဲ မနေအောင် တုံးအနေကြသူများ မဟုတ်၍ လက်ရှိ ကြိုးပမ်းမှုသည် ၎င်းတို့ ပိုနေမြဲ ကြားနေမြဲ ပုံစံ ဖြင့် ဆက်၍ နေလို့ ရအောင် ဝိုင်းဝန်း ကြံဆောင် လိမ်လည် ပေးနေကြခြင်း သာ ဖြစ်သည်။

 

နောက်ဆုံးရရှိသော သတင်းအရ အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေသည် ဘန်ကောက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု သိရသည်။

 

မည်သည့်ဖက်မှ ကြည့်ကြည့် မည်သည့် ပေတံ နှင့် တိုင်းတိုင်း တိုင်းပြည်ကို အုပ်ချုပ် နိုင်သော ကိုယ်ကျင့်တရား လည်း မရှိ၊ လုပ်နိုင်စွမ်းလည်း မရှိ၊ လူရမ်းကား အဆင့်သာသာ ရှိသူများအား ထိုသို့ ပံ့ပိုးပေးနေသူများသည် ၎င်းတို့ ၏ ကိုယ်ချင်စာတရား ကင်းမဲ့နေမှုအား ကမ္ဘာ အလယ်တွင် ချပြလိုက်သလို ဖြစ်သွားရသည့် အတွက် တန်ဖိုးကြီးကြီး ပေးဆပ်နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်မှုများကြောင့် စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ဖြစ်စေချင်သည့် အစိုးရ ပုံစံမျိုး တိုင်းပြည်ကို မအုပ်ချုပ်နိုင်တော့ဘဲ စစ်ရာဇဝတ်မှု များ ကို နေ့စဉ်လို ကျူးလွန်နေရသည့် စစ်ရာဇဝတ် ကောင်များ ဘဝ သို့ ရောက်ရှိကာ ခေါင်းမထောင်နိုင် ဖြစ်နေခြင်းကပင် တော်လှန်ရေးကြီး ဆက်လက် အောင်ပွဲခံနေခြင်း မဟုတ်ပါလော။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo Credit - Irrawaddy News