ပြည်ထောင်စု မိခင်ကြီး သက်ရှည် ကျန်းမာပါစေ

by Hla Soewai - Jun 19 2023

ယနေ့ ဇွန်လ ၁၉ ရက် နေ့သည် ပြည်ထောင်စု မိခင်ကြီး ဟု တနိုင်ငံလုံးက ရိုသေ လေးစားစွာ ခေါ်ဝေါ် သုံးနှုန်း ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉-၂၀၁၀၊ ၂၁ နှစ်ကြာ ကာလ အတွင်း ၁၅ နှစ် နီးပါး အကျယ်ချုပ် ဘဝ ဖြင့် အကျဉ်းချထား ခံခဲ့ရပြီး ကမ္ဘာ တွင် အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားကြီး ဖြစ်လာခဲ့သည်။ ခေတ္တခဏ လွတ်မြောက်လာသည့် ၂၀၀၃ ခုနှစ်တွင် သူမအား မဟာရန်သူကြီး အဖြစ် သတ်မှတ်ထားကြသော စစ်ခေါင်း ဆောင်များ၏ လုပ်ကြံ သတ်ဖြတ်ခြင်း မှ သီသီလေး လွတ်သွားခဲ့ရသည်။

 

၂၀၁၀ နိုဝင်ဘာ ၁၃ ရက်နေ့ အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး နောက် နှင့် ၂၀၁၇ ဩဂုတ်လ ၂၅ ရက် နေ့အထိ သူမ သည် ကမ္ဘာ အလယ်တွင် ရွှေရောင်တောက်ပခဲ့သော နေ့ရက်များ ကို ဖြတ်သန်းခဲ့ရသည်။

 

သူမ၏ အဆုံးအဖြတ်နှင့် ပြောစကား ပေါ် မူတည်ပြီး ကမ္ဘာနိုင်ငံအားလုံးက မြန်မာပြည်နှင့် ပတ်သက်၍ သူတို့၏ မူဝါဒများ ကို ပြန်လည် ထိန်းညှိလာရသည့်အထိ ဖြစ်လာသည်။

 

ချက် သမ္မတ ဟောင်း ဗားကလပ် ဟေဗယ်ကပင် နိုဘဲဆုရှင်များထက်တွင် အထိုက်တန်းဆုံး ရရှိခဲ့သူ အဖြစ် အသိအမှတ် ပြုခဲ့ရသည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ အလည်အပတ် လာရောက်ရန် အမေရိ ကန် ဖက်မှ စကားဦး သန်းလာခဲ့သည်ကို ထိုစဉ်က ဦးသိန်းစိန် နှင့် ဝဏ္ဏမောင်လွင်တို့က ငမ်းငမ်းတက် လိုလားနေ ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက် ကို အမေရိကန် အရာရှိကြီးများက ကိုယ်တိုင် ကိုယ်ကျ သွားရောက် တောင်းခံခဲ့သည်။ သူမ ၏ သဘောတူညီချက် ရရှိခဲ့ပြီဟု ပြန်လည် တင်ပြချက်ကို သမ္မတ အိုဘားမား က လက်မခံသေးဘဲ သူကိုယ်တိုင် မေးမည် ဆိုကာ ဂျကာတာ သို့ အာရှ-ပစိဖိတ် ထိပ်သီး အစည်း အဝေး တက်ရန် အသွား Air Force One လေယာဉ်ကြီး ပေါ်မှ သူမ၏ ခရီးစဉ် အပေါ် သဘောထားကို ဖုန်းဆက် မေးမြန်းပြီး သေချာပြီ ဆိုမှ နောက်တနေ့ အစည်းအဝေး တွင် နိုင်ငံခြားရေး ဝန်ကြီး ၏ ခရီးစဉ်ကို တရားဝင် ထုတ်ပြန်ကျေညာခဲ့ခြင်းပင် ဖြစ်သည်။

 

ဤသို့ဖြင့် မြန်မာ စစ်ခေါင်းဆောင်များ အမျှော်လင့်ကြီး မျှော်လင့်နေသည့် အနောက်အုပ်စု နှင့် ပြေလည်ရေး လမ်းကြောင်း စတင် ပွင့် သွားခဲ့ရခြင်း ဖြစ်သည်။ ထိုရလဒ်များ၏ အကျိုးဆက် အဖြစ် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့ပြီး မင်းအောင်လှိုင် ကိုယ်တိုင် ၎င်း တသက်နှင့် တကိုယ် အိမ်မက်ပင် မက်ခွင့် မရခဲ့သော ဥရောပ နိုင်ငံများသို့ ခရီးထွက်ခွင့် ရသွားခဲ့သည်။

 

သူမ အနေဖြင့် တိုင်းပြည်မှ ထွက်ခွာသွားမည် ဆိုက အိုဘာမား ကပင် My Hero ဟု လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည့် အတွက် ကုလ သမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်၊ ယူနက်စကို အဖွဲ့ အကြီးအကဲ၊ ကမ္ဘာလူအခွင့်အရေး အဖွဲ့ကြီး၏ မဟာမင်းကြီး အစရှိသည့် ရာထူးများ နှင့် လျှမ်းလျှမ်းတောက် နေသွားနိုင်စွမ်း ရှိသည်။ မြန်မာပြည်လို လူမသိ သူမသိ ခေတ်နောက်ကျနေသည့် နိုင်ငံမျိုး တွင် သမ္မတ ဖြစ်ရေး မှာ အဘယ်သို့များ မက်မောစရာ ရှိပေမည်နည်း။

 

ဤနေရာတွင် ကျွန်တော်တို့ သိထားသင့်သည်က ဒေါ်အောင်ဆန်းစုကြည်သည် ရှုပ်ထွေးပွေလီလှပြီး အသက် အန္တရာယ် ရှိနေသော မြန်မာ နိုင်ငံလို နိုင်ငံမျိုး တွင် ဆက်လက်နေထိုင်ပြီး ပြည်သူများအား စစ်အာဏာရှင် တို့၏ စစ်ဖိနပ် အောက်မှ လွတ်မြောက်ရန် ရုန်းကန် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

ထို့အတွက် ၂၀၁၇ ဩဂုတ်လ တွင် စစ်တပ်၏ စနစ်တကျ အကွက်ချ ကြံစည်ပြီး ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ လူနည်းစုများကို ဂျီနိုဆိုက် ခေါ် လူမျိုးတုံး သတ်ဖြတ်မှု ကြီး ကျူးလွန်လာခဲ့သည်။ ထိုကျူးလွန်မှု ကြီးအား ဝေဖန် ပြစ်တင် ရှုတ်ချ ခြင်း မပြုရကောင်းလားဟု ဝေဖန်မှုများ စတင် ထွက်ပေါ်လာသည်။

 

စစ်တပ်မှ သူမအား နိုင်ငံရေး အကျပ်အတည်းကြီး စတင် ဖန်တီးလာပြီ ဆိုသည်ကို ရိပ်စားမိသည်။ သူတို့အား သေချာပေါက် ရှုတ်ချခြင်းဖြင့် သူမအား Darling of the Muslim အဖြစ် ရောက်အောင် တွန်းပို့ကာ ထိတ်တိုက် ရင်ဆိုင် တွေ့ရေး လမ်းစဉ် ဖြင့် သွားမည်၊ မူဆလင်များ ဖက်မှ ကာကွယ်ပြောဆိုသည့်အတွက် မြန်မာလူထု၏ စွန့်ပယ်ခြင်း ခံရကာ ၂၀၂၀ ရွေးကောက်ပွဲ တွင် ခွက်ခွက်လန် ရှုံးသွားမည် ဟု အကွက်ချ ခဲ့ခြင်း ဖြစ်သည်။ ယခု ၎င်းတို့ ထင်သလို ဖြစ်မလာ၍ နောက်ဆုံး နည်းလမ်း ဖြစ်သည့် အာဏာသိမ်း လမ်းစဉ်ကို မျက်နှာပြောင် တိုက်ကာ ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

 

သို့သော် သူမသည် ၅၂ သန်း သော ပြည်သူများ အကျိုး အတွက် ထိုထောင်ချောက်ကို ကောင်းစွာ ရှောင်ရှား နိုင်ခဲ့ပြီး သူတို့ဖက်မှပင် နိုင်ငံတကာ တရားရုံးသို့ သွား၍ လျှောက်လှဲချက် ပေးခဲ့၍ မှန်းချက် နှင့် နှမ်းထွက် မကိုက် ဖြစ်သွားခဲ့ရသည်။ ယင်း နှင့် အတူ သူမ၏ ကမ္ဘာ အလယ်တွင် ရွှေရောင်တောက်သော နေ့ရက်များ ကုန်ဆုံးသွားခဲ့သည်။ ထိုအဖြစ်ကို သိသိကြီး နှင့် နိုင်ငံတွင်း တည်ငြိမ်ရေး ကို ရှေးရှုကာ ထပ်မံ အနစ်နာ ခံပေးခဲ့ပြန်သည်။

 

တိုင်းပြည် အပေါ် ကျရောက်လာမည့် အန္တရာယ်ကြီးနှင့် အတူ သွေးထွက်သံယိုများ ဖြစ်လာမည့် အနေအထားကို ကောင်းစွာ သိမြင်ထားပြီး ဖြစ်သည့် အတွက် အတတ်နိုင်ဆုံး သည်းညည်းခံကာ စစ်တပ်အပေါ် workaround ဗျူဟာ ဖြင့် ရှောင်ရှားကာ တိုင်းပြည်ကြီးပွား ရေးကို သာ ဦးတည် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

 

အစိုးရ အဖွဲ့ တဖွဲ့ တရားဝင် ရပ်တည်ပိုင်ခွင့်သည် ပြည်သူများ၏ သဘောတူ ခွင့်ပြုချက်ဖြင့်သာ ရရှိ နိုင်ရိုး ထုံးစံ ရှိပေသည်။ ယခုအခါ ပြည်သူတို့၏ အကျိုးစီးပွား အတွက် မည်သို့မျှ လုပ်ကိုင်ပေးခြင်း မရှိဘဲ လက်နက် အားကိုး ပြီး ပြည်ပ နိုင်ငံကြီးများ၏ နှာခေါင်းပေါက် ဖြင့် အသက်ရှင် ရပ်တည် နေရသည့် အဖြစ်ကပင် စစ်ခေါင်း‌ဆောင်များ အဖို့ ပြည်တွင်း ပြည်ပ တွင် အလိုလို နေရင်း ရှက်ဖွယ်လိလိ ခေါင်းမဖေါ်နိုင် ဖြစ်နေသည်။ ထို့အတွက်လည်း သိမ်ငယ်စိတ်များ ဖြစ်နေပြီး ကုလ သမဂ္ဂ လို အဖွဲ့ ကြီးကိုပင် လူသိရှင်ကြား တိုက်ခိုက်လာ သည့် အဖြစ်ကို ရောက်လာခဲ့သည်။ ယင်းနှင့် အတူ ၎င်းတို့၏ တည်မြဲရေး သည် untenable ရေရှည် ဆက်သွား၍ မည်သို့မျှ မဖြစ်နိုင်သော အနေအထား နှင့် ရင်ဆိုင် ရုန်းကန်နေကြရသည်။

 

ယင်းနှင့် အတူ တိုင်းပြည်၏ လတ်တလော အနာဂတ် နှင့် ပြည်သူများ၏ ရှေ့ရေးသည် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များ၏ ထိုသို့ လက်နက်အားကိုး ဖြင့် တိုင်းပြည်အပေါ် အုပ်စီးလာနေသော မကောင်းဆိုးဝါးများ အား တိုက်ထုတ်နိုင်မည့် စွမ်းဆောင်နိုင်မှု အပေါ် များစွာ မူတည်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!