အ‌ မြှောက်တကမ်း အလို

by Hla Soewai - Jun 11 2023

စစ်အာဏာသိမ်း အဖွဲ့၏ အခြေအနေသည် တနေ့တခြား အရူးမီးဝိုင်း ဖြစ်လာနေသည်မှာ ထင်ရှားသည်ထက် ထင်ရှား လာနေပေပြီ၊ ယခု လက်ရှိ ပြည်သူတို့၏ ခုခံတွန်းလှန်နေမှု အား နှစ်နှစ် ကျော် အောင် လက်အောက်ခံ စစ်သားများစွာ၏ အသက်ကို ရင်း၍ နှိမ်နှင်း နေသော်လည်း စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ တိုင်းဒေသကြီးများရှိ မည်သည့် ဒေသတွင်မှ တိုက်ပွဲများ ကင်းစင်ပြီး အုပ်ချုပ်ရေး ကို ပုံမှန် ပြန်လည် ထူထောင် နိုင်ခဲ့ပြီ ဟု မကြားခဲ့ရဖူးပေ။

 

အကြမ်းဖက် စစ်တပ်သည် တိုက်လေယာဉ် များ နှင့် signal jammer များသာ တွင်တွင်ကြီး သုံးလာနေရပြီ ဖြစ်သည်။ 

 

ထိုင်းနယ်စပ်ရှိ မက်မောလောက်သော လစာ ပေးမည် ဆိုကာ မြူဆွယ် ခိုင်းစားနေသော တရုတ် လူဆိုးဂိုဏ်းများ နှင့် မူးယစ်ဆေးဝါး ကုန်ကူးနေမှု များ နှိမ်နှင်းပေးရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ၏ အပြောကို စစ်ကောင်စီသည် စဉ်းစားစဉ်ဆင်ခြင်ဉာဏ် မဲ့သူ များ ပီပီ မီးဖြတ်သည့် နည်း ဖြင့် တုန့်ပြန်ခဲ့၍ တရုတ် ရင်းနှီးမြုပ်နှံသူများ ဘီလီယံ နှင့် ချီ မြုပ်နှံခဲ့သည့် စီးပွားရေး လုပ်ငန်းများ ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။ တရုတ်ကလည်း သွားပြောမိတာ မှားလေခြင်းဟု နောင်တရနေလောက်ပြီ ဖြစ်သည်။

 

၎င်းတို့၏ တောင်းဆိုချက် ကြောင့် ထိုင်းဖက်က အင်္ဂါနေ့မှ စ၍ ဓါတ်အား ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ ယခုအခါ တွင် ဂျင်နရေတာ များ သုံး၍ ဆက်လည်ပတ်နေသည်ဟု သိရသည်။

 

 တခါက လွန်စွာ မောက်မာခဲ့သော စစ်‌ခေါင်းဆောင်များသည် မြောက်ပိုင်း မဟာမိတ် အဖွဲ့ များ နှင့် ၎င်းတို့ ဒေသထဲအထိ သွားရောက် တွေ့ဆုံ နေကြရသည့် အဖြစ် ရောက်နေပေသည်၊ ရခိုင်တပ်တော် AA မှ ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်သည် မည်သို့ မျှ ပြောင်းလဲမှု မရှိဟု အစည်းအဝေး အပြီး နှစ်ရက်အကြာတွင် ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

အားလုံးက တရုတ်ကို မလွန်ဆန်ရဲကြ၍သာ ရောက်လာကြရသော်လည်း ဆွေးနွေးသည့် အကြောင်းအရာများသည် ယေဘုယျ ဆန်လွန်ပြီး စိတ်ပါလက်ပါ မရှိ ဖြစ်နေသည်ကို အတိုင်းသား တွေ့မြင်နေရသည်။ ထိုအဖြစ်များကို ကြည့်၍ နိုင်ငံတကာရှိ ရွှေပြည်အေး ဝါဒီများ အနေဖြင့် မြန်မာသည် တရုတ် အပေါ် လုံးလုံးလျားလျား မှီခိုနေရပြီ ဆိုသည့် အဖြစ် ကို သဘောပေါက် လာသင့်ပြီ ဖြစ်သည်၊ ထိုအဖြစ်ကို တန်ပြန်နိုင်ရန် ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒများ အပေါ် ပြန်လည် သုံးသပ်ရပေတော့မည်။

 

တဖန် လူထု၏ ဒေါသ ကို ပြေပျောက်လို ပြေပျောက်ညား ဖြိုးမင်းသိန်း ထံမှ လာဘ် စားသည် ဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် မတရား လုပ်ကြံ စွပ်စွဲထားမှု နှင့် စပ်လျှင်းသော အယူခံအား ကြားနာရန် “ဗဟိုတရားရုံးချုပ်” ဆိုသည်မှ သဘောတူ လိုက်ပြီ ဖြစ်သည်ဟု သိရသည်။ နိုင်ငံတကာ အပါအဝင် ပြည်တွင်းရှိ စဉ်းစားဆင်ခြင်ဉာဏ် ရှိသူ မှန်သမျှ လက်မခံ မှန်း သိထား၍လည်း ဖြစ်သည်။

 

ဆိုင်ကလုံး မိုချာ မုန်တိုင်းသင့် ပြည်သူများကိုပင် ထိထိရောက်ရောက် အကူအညီ ပေးနိုင်ဖို့ ခွင့်ပြုရန် ကုလ ဌာနေ ကိုယ်စားလှယ်၏ တစာစာ တောင်းဆိုနေမှု ကိုပင် မြန်မာ၏ အချုပ်အခြာ အာဏာကို ထိပါး ပျက်စီး အောင် ကြံဆောင်မှု အဖြစ် တရားဝင် တုန့်ပြန် လာသည် အထိ ဆိုးဝါးလာခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခုလို နေ နေရသရွေ့ နိုင်ငံတော် အတိုင်ပင်ခံ အား ပြန်လွှတ်ပေးရဲမည် မဟုတ်သည်ကား ကြိမ်းသေသည်၊ ဤသည်ကား သူမလုပ်ရဲသော အချက်များ ထဲတွင် ထိပ်ဆုံးက ပါဝင်နေသည်၊ သူ က လုပ်ချင်သည် ဆိုစေဦး ကျန် လူများက သဘောတူကြမည် မဟုတ်၊ မင်းအောင်လှိုင်သည်လည်း တဖြေးဖြေး နှင့် ဩဇာအာဏာ ကျဆင်းလာနေပြီ ဖြစ်သည်။ သူ့အားလည်း ခင်ဗျားက ကျွန်တော်တို့ထက် စာလျှင် စာလေးဘာလေး တီးမိခေါက်မိ ရှိတော့ ကိုယ့်ဖက်က လူတွေ အားတက်အောင် လျှောက်ပြောပေတော့ ပုံစံမျိုး နှင့် လွှတ်ပေးထားပုံ ရှိသည်။

 

၎င်းတို့အဖို့ လူထု ၏ အသက်အိုးအိမ်စည်းစိမ် ကို ထိခိုက်အောင် လုပ်နိုင်မှ သက်ဆိုး ရှည်တော့မည့် အဖြစ်နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ယင်းတို့ အား ထောက်ခံနေသော လူတစုပင် လူထု၏ ပြင်းထန်စွာ ဆန့်ကျင်မှုများ တနေ့ထက် တနေ့ထက် တိုးလာနေပြီ ကို မြင်တွေ့လာရပါက ၎င်းတို့ မှီခိုအားထားရာ မြေသားကြီး အက်ကြောင်းထလာနေပြီ ဆိုသည်ကို သိမြင်လာကြတော့မည် ဖြစ်သည်၊ မိမိတို့ဖက်ကသာ စိတ်ထွက်ပေါက် ရရာ ရကြောင်း အဖြစ် ယခင် အတိုင်း ပုံစံမျိုး အတင်း ဖန်တီးခံစားနေမည်ဆိုက ထိုသို့သော လူများ၏ ခံယူချက်သည် ပြောင်းလဲလာစရာ အကြောင်းမရှိ။ ယခုပင် ပြည်သူများ ဖက်သို့ ခိုလှုံလာသူ စစ်ကောင်စီ တပ်သား အရည်အတွက် သိသိသာသာ ကျဆင်းလာနေသည်ဟု NUG ဖက်မှ ထုတ်ပြန်သော စာရင်းဇယား များ အား ကိုးကား၍ RFA သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်တပ်သည် ကျဉ်းထဲကျပ်ထဲ ရောက်လာလေ လူထု အပေါ် ရက်စက်ကြမ်းကြုပ်ပြလေ ပင် ဖြစ်သည်။ ပြည်သူလူထု ၏ စားဝတ်နေရေး သည် တနေ့တခြား ကျပ်တည်းလာနေပြီး ဆန်ဈေးနှုန်း သည် အညံ့စား အဆင့်ပင် တအိတ်လျှင် ရှစ်သောင်းခွဲ အထိ တက်လာနေပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ အုပ်ချုပ်ရေးကို အခိုင်အမာ တည်ဆောက်လာသည်ကို ပြသသည့် အနေဖြင့် ကြားကာလ ဗဟိုဘဏ် ကို ဖွဲ့စည်း တည်ထောင်လာပြီ ဖြစ်သည်။ ထို့ပြင် အခြား လုပ်ငန်းစဉ်ပေါင်းများစွာအားလည်း တည်ထောင်၍ လည်ပတ်နိုင်ရန် စတင်လာပြီ ဖြစ်သည်။

 

ဤနေရာတွင် အချို့က လက်ရှိအနေအထား နှင့် ဆိုက ရည်မှန်းချက် ကြီးလွန်းသည်ဟု အပြစ်ပြောစရာ ဖြစ်နေသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရသည် တော်လှန်ရေး ကြီး အလွန် နိုင်ငံကို တိုတောင်းသည့် အချိန်အတွင်း အခိုင်အမာ ထိန်းချုပ် နိုင်စွမ်း ရှိသည့် ကြားကာလ အုပ်ချုပ်ရေး အဖွဲ့ ဖြစ်သည်ကို ပြသနိုင်ရန် လွန်စွာ အရေးကြီးနေသော အချိန် ဖြစ်သည် ဆိုသည်ကို နားလည် ထားရန် လိုအပ်နေပေသည်။

 

နိုင်ငံတကာ သည် မြန်မာ အရေးအား ထိထိရောက်ရောက် ကူညီ လိုသော်လည်း ၎င်းတို့ လက်ချက် ဖြင့် တိုင်းပြည်သည် ဝရုန်းသုံးကား ဖြစ်သွားကာ ပြစ်တင်ဝေဖန်ခြင်း ခံရမည်ကို စိုးရိမ်မှုများ ရှိနေ၍လည်း ဖြစ်သည်။

 

လွန်စွာ အားရဖွယ် ဖြစ်သည်က ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ ဘက်‌တော်သားများသည် နိုင်ငံတကာ၏ အကူအညီ မပါပဲနှင့် နေပြည်တော် တဝိုက် အမြှောက်တကမ်း အကွာအဝေးအထိ ချည်းကပ်လာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!