ပေါ့၍မရသော အောင်ပွဲ

by Hla Soewai - Jun 11 2023

ပဲခူးဒေသကြီး အတွင်းရှိ ဖက်ဆစ် တွန်းလှန်‌ရေး အင်အားစုများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော KNLA, KNU တပ်များ နှင့် ပူးပေါင်း စစ်ဆင်ရေး တရပ် အဖြစ် ကျောက်ကြီး မြို့နယ် အတွင်းရှိ စစ်တောင်း မြစ် ဖြတ် ၍ တည်ဆောက်ထားသည့် ဘွန်သတော တံတား အား ဖေါက်ခွဲ ဖျက်ဆီး နိုင်ခဲ့သည်။ ထိုတံထားသည် စစ်တပ် ၏ တပ်များ ရွှေ့ပြောင်းရေး နှင့် ရိက္ခာ ယာဉ်တန်း များ အတွက် လွန်စွာ မဟာဗျုဟာ ကျသော တံတား လည်း ဖြစ်သည်။

 

တဆက်တည်းလို လို စစ်ကောင်စီ ၏ ကင်းစခန်း ငါးခု အားလည်း အောင်မြင်စွာ ဝင်ရောက် စီးနင်း နိုင်ခဲ့ကြပြီး ၎င်းတို့ဖက် မှ အယောက် သုံးဆယ်ခန့် ကျဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ရုပ်သံ ပြည်သူ့ အသံမှ ထုတ်လွှင့်သွားခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

တံတားအား အောင်မြင်စွာ ဖေါက်ခွဲ ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် တရုတ်တို့ အဖို့ ၎င်းတို့၏ ပိုက်လိုင်းအားလည်း အချိန်မရွေး တိုက်ခိုက်လာနိုင်သည်ဟု သဘောပေါက် လာကြတော့မည် ဖြစ်သည်၊ မင်းအောင်လှိုင် တပ်များ၏ လုံခြုံရေး အစီအမံ ကောင်း၍ မဟုတ်ပဲ မလုပ်သင့်သေးဟု ယူဆကာ ဘေးမဲ့ပေးထားခြင်း သာ ဖြစ်မည်၊ မင်းအောင်လှိုင်သည် ၎င်းတို့ အကျိုးစီးပွား အတွက် လက်သပ်မွေးထား၍ မရတော့ အလန့်တကြား တွက်ချက်မိလာကြပေတော့မည်။ 

 

MNDAA သည်လည်း ရှမ်းပြည်မြောက်ပိုင်း တွင် စစ်ကောင်စီ တပ်စခန်းများ၊ ရဲကင်းများကို တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။

 

ပြည်သူများသည် ယခုအခါ တော်လှန်ရေး အရှိန်အဟုန် မြင့်သည်ထက် မြင့်လာနေပြီ ဖြစ်၍ သတိဝီရိယ ဖြင့် နေထိုင်သွားလာကြရတော့မည် ဖြစ်သည်။ 

 

ပြည်သူများသာမက မင်းအောင်လှိုင် ကဲ့သို့ ယတြာ အားကိုးနေသူ အဖို့လည်း မြေငလျင်များ လှုပ်ခတ်လာခြင်း၊ မိုးကြိုးလွှဲများ တပ်ထားပါလျက် ဗူးဘုရား ပတ်ပတ်လည်အား မိုးကြိုး ထိမှန်ခြင်း များအတွက် ထိတ်လန့်တကြား ဖြစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ သူတွင်သာမက အယူသည်းလေ့ ရှိတတ်သော ပြည်သူ အချို့ကြားတွင်လည်း မင်းပြောင်းမင်းလွှဲ ဖြစ်ချိန်တန်လာပြီ ဟူသော အတွေးများ ဝင်လာကြပေမည်၊ ထိုအတွေးများ ဝင်ရောက်လာအောင်လည်း အာဏာသိမ်း အဖွဲ့၏ စစ်ရေးအရ အရေးနိမ့်လာ နေသည့် ဆိုသည့် အချက်က လည်း ပံ့ပိုးပေးလာခဲ့သည်။

 

ဒလန် အကြီးစားဟု သတ်မှတ်ခံရပြီး လုပ်ကြံ ခံခဲ့ရသူ လီလီနိုင်ကျော် ဆိုသည့် အမျိုးသမီးသည် ဇွန်လ ၆ ရက် နေ့တွင် အသက်ထွက်သွားခဲ့ရသည်။ သို့သော် သူမအား လုပ်ကြံရာတွင် ပါဝင်ခဲ့သည် ဟူသော သံသယ ဖြင့် လူငယ် နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်၊ ဖမ်းဆီးခံရသူ နှစ်ဦး အနက် တဦး၏ မိခင် နှင့် အမ ဖြစ်သူ အား စစ်တပ်၏ လက်မရွံ ပြူစောထီး ဆိုသူများက အိမ်ထဲထိ ဝင်ရောက်ကာ ရိုက်နှက် စစ်ဆေးပြီး သတ်ဖြတ်ခြင်း ခံခဲ့ရသည် ဆိုသော သတင်းက ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

တကယ်တမ်း ထိုအမှုတွင် ပါဝင်ခဲ့သူများက နေ့တွင်းခြင်းပင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်ဟု ခိုင်လုံသော သတင်းအရင်းအမြစ်များ အဆိုအရ သိရှိခဲ့ရသည်၊ လွတ်မြောက်နယ်မြေ ဆိုသည်ကလည်း မိုင် တရာခန့်ပင် မဝေးတော့ချေ။

 

ယင်း နှင့် အတူ လက်ရှိ ပြည်သူတို့၏ ဖက်ဆစ် ခုခံ တွန်းလှန်စစ်အားလည်း no holds barred ဆိုသကဲ့သို့ လက်ဝှေ့အိတ် ချွတ် အတားအဆီး မရှိ ထိုးသတ်နိုင်အောင် ဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့ပေပြီ။ ထိုသို့ တစုံတယောက် ၏ စေ့ဆော်မှု ဖြင့် အရမ်းကာရော လက်တုန့်ပြန်ခဲ့ခြင်းကြောင့် မိမိကိုယ် မိမိ High-value Target များ ဖြစ်နိုင်သည်ဟု ယူဆထားသူများ အဖို့ မြေလျိုးမိုးပျံ ချင်စိတ်များ ပေါက်လာတော့မည် ဖြစ်သည်။

 

နိုင်ငံ တွင်း ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ရန် ဘေးတီးပေးနေကြသော အာဆီယံ နှင့် နိုင်ငံတကာ အဖို့လည်း ၎င်းတို့၏ စိတ်ကူးယဉ် အိမ်မက်များ ပျက်စီးလုမတတ် ဖြစ်လာနေပြီ ဆိုသည်ကို အထင်အရှား တွေ့မြင်လာရပြီ ဖြစ်သည်။

 

ထို့အတွက် The Diplomat မဂ္ဂဇင်းကြီးမှ နိုင်ငံ တွင်း အခြေအနေများ ဒီထက် ပိုဆိုးမလာစေပဲ အကြမ်းဖက်မှု များ ရပ်တန့်အောင် ပြည်သူ့တော်လှန်‌ရေး အား ထိထိ‌ရောက်ရောက် အကူအညီ ပေးခြင်းဖြင့် ပွဲကို အမြန်ဆုံး အဆုံးသတ်သင့်ပြီဟု တိုက်တွန်းရေးသားလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် လူအခွင့်အရေးများ အား ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ဆက်တိုက် ကျုးလွန်နေသည့် အဖြစ်ကို ကြည့်မည် ဆိုပါက ၎င်းတို့ ဖက်က အာဏာတည်မြဲရေး အတွက် မည်သို့မျှ အလျော့ပေးမည် မဟုတ်၊ နေလို့ရသမျှ ရေကုန် ရေခမ်း တိုက်ခိုက်သွားမည် ဆိုသည်က သိသာနေသည်ဟု ဆိုသည်။ ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ပြည်သူ တော်လှန်ရေး အင်အားစုများ က စစ်အာဏာသိမ်း အဖွဲ့ကို အပြီးအပိုင် ဖယ်ရှားနိုင်မှ ဖြစ်တော့မည်ဟု သံန္ဓိဌာန် ချလာခဲ့ကြ ခြင်းလည်း ဖြစ်သည်။

 

ယင်းနှင့်အတူ မြန်မာတို့၏ တော်လှန်ရေးသည် စေ့စပ် ဆွေးနွေး အဖြေရှာရေးဆိုသည်မှာ မရှိတော့ပဲ အဆုံးထိ သွားရမည် ဆိုသော ပုံစံ ခွက်ထဲ အပြီးအပိုင် သွင်းပြီး လောင်းပြီးသည့် အဆင့်ထိ ရောက်လာခဲ့သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ အင်အားသည် ယခုအခါ ၆၅,၀၀၀ အထိ ရှိလာနေပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝလာယုံမျှမက မောင်းပြန်သေနတ်များ၊ စနိုက်ပါများ၊ စက်သေနတ်များ၊ ဒရုန်းများ နှင့် မော်တာ များ ပိုင်ဆိုင်လာသည့် အဆင့်အထိ တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။

 

စစ်တပ်ဖက်မှ စိတ်ဓါတ်ရေးရာ အရရော၊ လူအင်အား ပါ ခြွတ်ခြုံကျလာနေပြီ ဖြစ်၍ တခုတည်း အသာရနေသည့် လေကြောင်း ပစ်ကူ ကိုသာ အားကိုးနေရသည့် အဆင့် ဖြစ်လာသည်၊ သို့သော် ထိုသို့ တိုက်ခိုက်ရာတွင် အပြစ်မဲ့ ပြည်သူများ ကိုပါ ရန်သူ စာရင်းထည့်သွင်းကာ ကျေးရွာများ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်း များ ပါ ချမ်းသာမပေးပဲ တိုက်ခိုက်လာ၍ ၎င်းတို့အား တွန်းလှန်မှ ဖြစ်မည်ဆိုသော စိတ်များ ခိုင်မာသည်ထက် ခိုင်မာလာနေသည်။

 

ထိုသို့သော မြေပြင် အနေအထားများကို နိုင်ငံတကာ က အသိအမှတ် ပြုရတော့မည် ဖြစ်ပြီး မည်သို့မျှ အကျိုးထူး လာဖွယ် မရှိသည့် အရပ်သားများ အပေါ် အကြမ်းဖက် နေခြင်း ရပ်တန့်အောင် စစ်အာဏာသိမ်း အဖွဲ့အား ဖျောင်းဖြနေမှုများ ရပ်တန့်ရတော့မည် ဖြစ်သည်။ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ လုပ်ရပ်များကို မည်သို့မျှ ရပ်တန့်မည် မဟုတ်သည့် အပြင် နောင်တရသည့် လက္ခဏာလည်း တစုံတရာ ပြောဆိုပြုမူ ခဲ့ကြခြင်း မျိုး မရှိပြန်ပေ။

 

ယခုလို အာဏာသိမ်းခဲ့သည်မှာလည်း ၎င်းတို့ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားမှု ကို လက်မလွှတ်ချင်၍ ဖြစ်သည်မှာလည်း အားလုံး အသိပင်၊ ၎င်းတို့ နှင့် နောက်ထပ် အာဏာခွဲဝေရေး ပုံစံ မျိုး သဘောတူညီချက်မျိုး ရရှိသည် ဆိုပါကလည်း နောက်တကြိမ် အာဏာထပ်မသိမ်းဟု မည်သို့မျှ အာမ မခံနိုင်၊ (ထိုကဲ့သို့သော အနေအထား တွင် တခါသေဖူး ပျဉ်ဖိုးနားလည်ထားသော ဒီမိုကရေစီ အင်အားစုများ သည် တိုင်းပြည် ပြန်လည် တည်ဆောက်၍ လုပ်ငန်းစဉ်များတွင် ဝင်ရောက် ပါဝင်ရဲကြတော့မည် မဟုတ်ပဲ စစ်တပ်နှင့် ပလဲနံ့ပ သင့်သူများသာ ရှေ့ထွက်လာကြပြီး ပေါက်ပန်းဈေးများ ပြောဆို လုပ်ကိုင်လာကြခြင်း ဖြင့် တိုင်းပြည်သည် အနုနည်းဖြင့် ရေစုံမျော ဖို့သာ ရှိသည်။ - စာရေးသူ)

 

ဤနေရာတွင် နိုင်ငံတကာ မှ သိရှိထားရမည့် အချက်က မြန်မာ အကျပ်အတည်းသည် ရှေ့မတိုး နောက်မဆုတ် အနေအထား မျိုး မဟုတ်ပဲ စစ်အာဏာသိမ်း အဖွဲ့သည်သာ ပျက်စီးရာ ပျက်စီးကြောင်းသို့ ရှေ့ရှုနေခြင်းသာ ဖြစ်သည်ကို မှန်ကန်စွာ သုံးသပ်ဖို့ လိုသည်။ ထို့အတွက် လက်ရှိ အကျပ်အတည်း ကို အမြန်ဆုံး ဖြေရှင်းနိုင်သည့် တခုတည်းသော နည်းလမ်းသည်ကား ပြည်သူတော်လှန်ရေး တပ်ဖွဲ့များကို ကူညီနိုင်သမျှ ပုံအော ကူညီခြင်း ပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း realpolitik ဖြစ်သည့် ဝါဒ ရေးရာ၊ ကိုယ်ကျင့်တရား၊ စိတ်ခံစားမှု များထက် နိုင်ငံ အကျိုး ကို ရှေးရှု ပြီး လက်တွေ့ကျသော နိုင်ငံခြားရေး မူဝါဒ ကို ချမှတ် ကျင့်သုံးပြီး မဟာမိတ် ဖွဲ့သင့်သည့် နိုင်ငံများ၊ အဖွဲ့အစည်းများ နှင့် လက်တွဲရမည် ဖြစ်သည်၊ လက်ရှိ မိမိတို့ အား အသိအမှတ် ပြုရေး၊ စစ်အာဏာသိမ်း အဖွဲ့ နှင့် မဆက်ဆံရေး ကို တောင်းဆိုနေမှုများသည် နိုင်ငံရေး တက်ကြွလှုပ်ရှားမှု အဆင့် activism သာ ဖြစ်၍ ဒစ်ပလိုမေစီ မဟုတ်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာ နိုင်ငံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ရှိနေသရွေ့ စစ်အာဏာသိမ်း အဖွဲ့ အား မည်သည့် နိုင်ငံကမျှ တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြု ဆက်ဆံ၍ မရ အစရှိသဖြင့် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် NUG အနောက်ပိုင်း စစ်ဌာနချုပ်၏ အထူး ကွန်မန်ဒို များ လေ့ကျင့်သင်ကြားနေသည် ကို တွေ့နိုင်သည် - ဧရာဝတီ)