NUG ၏ ၅၁၀၁

by Hla Soewai - Jun 11 2023

ဇွန်လ ၈ ရက်နေ့ထုတ် အီကော်နော မစ် သတင်းစာကြီးတွင် ၎င်းတို့၏ သတင်းထောက် ကိုယ်တိုင် အမျိုးသား ညီညွတ်ရေး အစိုးရ ထိန်းချုပ်နယ်မြေများ အတွင်း ရက်ပေါင်းများစွာ နေထိုင်ပြီး အခြေ အနေများကို လေ့လာ သုံးသပ်ခဲ့သည်ဟု ပါရှိလာသည်။ 

 

အဓိကအားဖြင့် NUG ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ရောက်ဖြစ်ခဲ့သည့် သူ၏ ခန့်မှန်းချက် များသည် ထိတ်ထိတ်ကြဲ သတင်းစာကြီးဖြစ်သည့် အပြင်လူ တယောက်၏ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်မှု လည်း ဖြစ်၍ သိနိုင်ရန် တင်ပြသင့်သည်ဟု ယူဆမိသည်။

 

စစ်တပ်သည် လူထု ၏ ရွံရှာ မုန်းတီးမှု ကို ခံနေရ၍ တနိုင်ငံလုံး ကို ထိန်းချုပ် နိုင်ဖို့ မဖြစ်နိုင်သော်လည်း မြို့ရွာများကို အခိုင်အမာ ထိန်းချုပ် နိုင်နေဆဲ ဟု ဆိုသည်။

 

ပြန့်ကျဲနေသော တော်လှန်ရေး အင်အားစုများကို ပြန်လည် စုစည်း နိုင်ရန် ကြိုးပမ်းမှု အဖြစ် NUG သည် စစ်တိုင်းကြီး သုံးတိုင်း ဖွဲ့စည်းလာခဲ့သည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု ပါရှိလာခဲ့သည်။

 

၎င်း၏ ခန့်မှန်းချက်ထဲတွင် ၂၀၂၁ မေလ ၅ ရက်နေ့က စတင် ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF သည် တပ်ရင်းပေါင်း ၃၀၀ ကျော် နှင့် အင်အား ၆၅,၀၀၀ ခန့်အထိ ရှိလာနေပြီ ဟု ဆိုသည်။ 

 

လက်နက်အင်အား အရ ပြည့်စုံမှု မရှိသေးဘဲ ၃၀ ရာနှုန်းသာ လက်နက် အပြည့် တပ်ဆင်ပေးနိုင်သေးသော်လည်း ယခုအခါ ၈၀ ရာနှုန်း ကို ကော်ဘရာ၊ ခြင်္သေ့၊ ယူနီကွန်း ဟူသော အမည်များ နှင့် တပ်ရင်း ဖွဲ့စည်းပုံ အပြည့် ဖွဲ့စည်း ပေးနိုင်ခဲ့သည်။ NUG သည် နယ်မြေအား ဖြင့် နိုင်ငံတဝက် ကို အုပ်စီးထားပြီး ဖြစ်သော်လည်း မြို့ များသည် စစ်အာဏာသိမ်း အဖွဲ့၏ လက်ထဲတွင် ရှိနေပေသေးသည်။ ယခုအခါ NUG ၏ မဆုပ်မနစ် ကြိုးပမ်းလာမှု ကြောင့် PDF များ နှင့် တိုင်းရင်းသား လက်နက်ကိုင် များ ပို၍ ပေါင်းစည်း မိလာနေပြီ ဟုလည်း ပါရှိသည်။

 

ပြီးခဲ့သည့် နှစ်အတွင်း PDF များ နှင့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်များ သည် အာဏာသိမ်း အဖွဲ့ သစ္စာခံ တပ်သား ၁၅,၀၀၀ ခန့် အား ချေမှုန်း သုတ်သင် နိုင်ခဲ့သည်ဟု မြန်မာပဋိပက္ခ ကို အသေးစိတ် လေ့လာ စောင့်ကြည့် သုံးသပ်နေသူ အန်ထော်နီ ဒေဗီးစ်၏ စာရင်းဇယား အား ကိုးကား ဖေါ်ပြခဲ့သည်။ သူ၏ မှတ် ချက်တွင် NUG ၏ အရည်အတွက် သည် ပို၍ များပြားသည်ဟု လက်သည်းကွင်း ဖြင့် ဖေါ်ပြထားသည်။

 

ထိုမျှ လောက်နှင့် အင်အား ၁၇၀,၀၀၀ ခန့် ရှိနေသော အကြမ်းဖက် စစ်တပ်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိသေးဟု ယူဆရသော်လည်း စစ်တပ်က ထိုသို့ မထင်ဘဲ ထောင်ထွက်များ၊ စစ်ပြန်များကို လက်နက် တပ်ဆင်ပေးလာ သည်ဟု ပါရှိသည်။ စစ်သား ဇနီး နှင့် သားသမီး များကိုပင် အခြေခံ စစ်ပညာများ သင်ကြားပေးနေပြန်သည်။

 

တပ်အင်အား အရွှေ့အပြောင်းကို ကုန်းလမ်း မှ မလုပ်နိုင်တော့၍ လေကြောင်းမှ တိုက်ခိုက်မှုကို အားကိုး နေရပြီ ဖြစ်သည်ဟုလည်း ပါရှိသည်။

 

လက်ရှိတွင် NUG နှင့် တိုင်းရင်းသား မဟာမိတ်များသည် ပြောက်ကျား နည်းဗျူဟာ ကို သာ အသုံးပြုနေရဆဲ ဖြစ်သည်။ သို့သော် ထိုထက်ပို၍ တိုက်ပွဲများ ပြင်းထန်လာဖွယ် ရှိပြီး မကြာမီ အတွင်း တပြည်လုံး စစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာစေရမည်ဟု NUG တပ်မှူး တဦးက ကြိမ်းဝါးခဲ့သော်လည်း သတင်းထောက် ကတော့ NUG သမားရိုးကျ ရေရှည် စစ်ပွဲ တခု ဆင်နွှဲနိုင်ဖို့ အဆင်သင့် ဖြစ် ဖွယ် မရှိလောက်သေးဟု မှတ်ချက်ချထားသည်ကို မျှဝေလိုက်ပါသည်။

 

သူ၏ ထင်မြင် ယူဆချက် ပြောင်းလဲသွား နိုင်သည်မှာ အမျိုးသား ညီညွတ်ရေး အစိုးရမှ ရန်ကုန်တိုင်း ဒေသကြီး စစ်ဆင်ရေး အတွက် တပ်ရင်း အမှတ် ၅၁၀၁ ကို ဇွန်လ (၁) ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းပင် ဖြစ်သည်။

 

NUG ၏ ပြောခွင့်ရ ဦးနေဘုန်းလတ်က ရန်ကုန်ကို လောလောဆယ် ဝင်ရောက်ရန် မရှိသေးသော်လည်း အချိန် အတိုင်းအတာ တခု အတွင်း ဝင်ရောက်နိုင်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်သည်ဟု မဇ္ဇျိမ သတင်းဌာနအား ပြောကြား ခဲ့သည်။ သို့သော်လည်း ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် ဦးစားပေး စဉ်းစားကာ “ပြည်သူ့စစ် မဟာဗျူဟာ” ကို ကျင့်သုံးသွားမည် ဖြစ်၍ ပြည်သူများ၏ ပူးပေါင်း ကူညီမှုသည် လွန်စွာ အရေးပါလာနေပြီ ဟု ဆိုသည်။

 

တပ်ရင်း ၅၁၀၁ အား လေ့ကျင့် ပြင်ဆင်ခြင်း၊ လက်နက် တပ်ဆင်ပေးခြင်းများ ပြုလုပ်နိုင်ရန် “အလင်းစက်” ကမ်းပိန်းကို စတင်လိုက်ပြီဟုလည်း ပြောခဲ့သည်။

 

ရန်ကုန် သို့ လက်နက်များ သယ်ဆောင် တပ်ဆင်နိုင်ရန် အချိန် နှင့် အားထုတ်မှု များစွာ လိုအပ်နေသည်ဟု ထောက်ပြမှု များ ရှိခဲ့သည်။

 

သို့သော် ကျူးဘား တော်လှန်ရေး ကို လေ့လာကြည့်မည် ဆိုက ဖီဒယ် ကက်စထရို နှင့် ချေဂွေဗားရား တို့၏ ပြောက်ကျားတပ် ကို လူထုက အထင်တကြီး မရှိခဲ့၍ အုတ်အော် သောင်းနင်း အားပေးမှု ကို မရခဲ့ကြသော်လည်း ၎င်းတို့သည် ရသမျှ လူသူအင်အား ဖြင့် ကျေးလက်ဒေသများကို တိုက်ခိုက်ကာ အာဏာရှင်တပ်များကို တဖြေးဖြေး အမှည့်ချွေခဲ့သည်။ 

 

မြို့ပြရှိ မြေအောက် တော်လှန်ရေး အင်အားစုများကလည်း အင်အားစုဆောင်းပေးခြင်း၊ ဒလန်များ အား ကားဗုံးထောင်ခြင်း အပါအဝင် နည်းမျိုးစုံ ဖြင့် ရှင်းလင်းခြင်း၊ အခြား ဖေါက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

 

နောက်ဆုံး ထိုးစစ်များ ဆင်နွှဲလာခဲ့ပြီး ပြည်နယ် မြို့တော် ဆင်တာ ကလာရာ ကျသွားသည်နှင့် အာဏာရှင် ဘာတစ်စတာ သည် ကြောက်လန့်တကြား ဖြင့် နိုင်ငံမှ လေယာဉ်ဖြင့် အနီးရှိ ဒိုမီနီကန် သမ္မတ နိုင်ငံသို့ ထွက်ပြေးသွားရာက တော်လှန်‌ရေးကြီး အောင်မြင်သွားခဲ့ရသည်။

 

ဘာတစ်စတာ သည် သူ၏ မိသားစု နှင့် ထိုသို့ လွတ်ရာကျွတ်ရာ ရှောင်တိမ်းသွားနိုင်ခဲ့သော်လည်း သူပုန်များ အား အထင်သေးပြီး ၎င်းအား ပုံအော ထောက်ခံ ကူညီ ခဲ့ကြသည့် အရပ်ဖက် ဝန်ထမ်း အကြီးအကဲများ၊ တပ်မှူး များအားလည်း အရေးယူ အပြစ်ပေးနိုင်ရန် ဖီဒယ်က ချေဂွေဗားရားအား အထူး တရားရုံး ကို ဦးဆောင်စေ ခဲ့သည်။

 

ယင်းနှင့် စပ်လျှင်းပြီး ချေဂွေဗားယား မှ စဉ်းစား ဆင်ခြင်ဉာဏ် အတန်ငယ် မျှ ရှိသူ တဦး ၏ ယူဆသင့်သည်များ နှင့် ပတ်သက်၍ ယခုလို ပြောဆိုခဲ့သည်။ 

 

“ကျွနုပ်တို့ အတွက် ရန်သူ စစ်သား တဦးသည် အာဏာရှင်၏ ဂျူနီယာ ပါတနာ တဦးသာ ဖြစ်သည်ဟု ယူဆထားသည်။ သူသည် အာဏာရှင်တို့၏ စားပွဲသောက်ပွဲ ကြီးမှ ကြွင်းကျန်သော နောက်ဆုံး ပေါင်မုန့် တပိုင်းတစ ကို သာ ကောက်ယူ စားသုံးခွင့် ရသူလည်း ဖြစ်သည်။ သို့သော် သူသည် ထိုသို့သော အခွင့်အရေး ကိုပင် ကာကွယ်ဖို့ ရှိနေသည်။ ထိုသို့ ကာကွယ်ရာတွင်လည်း ထိုအခွင့်အရေးများသည် သူ့အတွက် အရေးပါ သည်ဟု ယူဆသော အတိုင်းအတာ တခုအထိ သာ ကာကွယ်လာမည် ဖြစ်သည်။ 

 

ဆိုလိုသည်မှာ သူရရှိနေသော လစာ နှင့် ပင်စင်များသည် ကြုံတွေ့ရန် ရှိနေသည့် အချို့သော ဒုက္ခများ၊ အန္တရာယ် များ အတွက် စွန့်စားဖို့ ထိုက်တန်နေသေးသည်ဟု ယူဆထား၍ ဖြစ်သည်။ သူ၏ အသက်ကို စွန့်လွှတ် ပေးရန် အထိတော့ မည်သို့မျှ မထိုက်တန်သော အရာများ ဖြစ်သည်။ ထိုအခွင့်အရေးများ ဆက်ရနေဖို့ သူ၏ အသက် နှင့် လဲရဖို့ ဖြစ်လာလျှင် သူ့အတွက် ထိုအရာများကို စွန့်လွှတ်ပြစ်လိုက်ခြင်းသာ ကောင်းမည်ဟု ယူဆလာပြီး မိမိတို့ ပြောက်ကျား အဖွဲ့ နှင့် ရင်ဆိုင်ရမည့် အန္တရာယ်မှ ရှောင်ခွာရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်”

 

ထိုသို့ တွေးခေါ်နိုင်စွမ်း မရှိသူများကို လူလောက အတွက် အမှိုက်များသာ ဟု သူ ထင်မြင်လာပေလိမ့်မည်။

 

ဤကဲ့သို့လည်း ယူဆချင်စရာ ဖြစ်နေပြန်သည်။ နောက်ဆုံး ရရှိသော သတင်းအရ မုန်တိုင်းဒဏ်သင့် ရခိုင် ပြည်နယ် အတွင်း နိုင်ငံတကာ နှင့် ပြည်တွင်း လူမှု အဖွဲ့အစည်း များ၏ ကူညီ ကယ်ဆယ်‌ရေး လုပ်ငန်းများ အားလုံးကို စစ်ကောင်စီ၏ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ဆိုသူမှ ပိတ်ပင် လိုက်ကြောင်း လက်မှတ်‌ရေးထိုး ထုတ်ပြန်လာခဲ့သည် ဟု သိရသည်။

 

ဤသည်ကလည်း နိုင်ငံတကာ၏ အသိအမှတ် ပြု ဆက်ဆံလာမှု ကို ထင်သလောက် ရမလာခဲ့၍လည်း ထိုသို့ ခရီးသွားလာခွင့်များ ပေးရန် ရပ်ဆိုင်းလိုက်ခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

ကိုးကား - The Economist (Inside the armed Burmese Resistance) / Mizzima

 

Photo – The Economist