သူတို့ ထမ်းကုန်ကြပြီ

by Hla Soewai - Jun 11 2023

မင်းအောင်လှိုင် သည် အာဏာသိမ်းပြီးချိန်မှစ၍ သာသနာ အား ကာကွယ်စောင့်ရှောက်သူ အဖြစ် ထီးတင်လိုက်၊ ယတြာ ချေလိုက်၊ ဘုရားဝာည်လိုက် ဆရာတော်ကြီးများအား ဆွမ်းကပ်လိုက်၊ ဆင်ဖြူတော် ပေါ်လိုက် ဖြင့် နည်းမျိုးစုံ ပုံဖေါ်လျက် ရှိရာ ယခုအခါ ဗန်းမော်ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ် ကို ဇွန်လ ၆ ရက်နေ့တွင်ကိုယ်တိုင်ကိုယ်ကျ ဝင်ထမ်း လာခဲ့ပြန်သည်။

 

သားသမီး၊ မိသားစု များ အတွက် လွန်စွာ ကြီးလေးသော အကုသိုလ် များကို နေ့စဉ်နှင့် အမျှ ကျုးလွန်နေရ ရှာ၍ တဖက်က သက်သာလို သက်သာငြား ယတြာ ပေါင်းများစွာ နည်းမျိုးစုံ ဖြင့် ချေနေရသူ ဖြစ်သည်။ သူ့အတွက်က ထိုသို့ ကာကွယ် နိုင်သည် ဆိုစေဦး၊ ကိုယ်ထိ လက်ရောက် ကျုး လွန်နေကြရသော လက်အောက်ငယ်သား များ အဖို့ ကယ်သူ မရှိတော့။

 

မင်းအောင်လှိုင်သည် သူတယောက်တည်းတော့ ကိုယ်လွတ် မရုန်းတတ်၊ လက်ထောက် တပည့် ဖြစ်သူ စိုးဝင်း၊ နရသိန် အကျဉ်းထောင်ကြီး ၏ မြေတိုက်ခန်း ထဲတွင် လူပေါင်းများစွာ အား နှိပ်စက် ညှင်းပမ်း သတ်ဖြတ်ရာတွင် အဓိက တာဝန်ရှိသူ စစ်ထောက်လှန်းရေး အကြီးအကဲ ရဲဝင်းဦး၊ အရပ်သား များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးခဲ့သူ ထွန်းအောင် တို့လည်း ဝင်ရောက်၍ ရုပ်ကလပ်ကို ထမ်းစေခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ ဤသည်ကို ကြည့်မည်ဆိုက တပည့်များထဲမှ အကုသိုလ် အများဆုံး ကျုးလွန်နေသူများ အား ရွေးထုတ်၍ ကုသိုလ် ယူခိုင်းခြင်း ဖြစ်ပုံရသည်။

 

ယခင် စိတ်ကြီး ဝင်ရောဂါ စွဲကပ်နေသည့် ဗိုလ်နေဝင်း နှင့် ဗိုလ်သန်းရွှေတို့ပင် ထိုသို့ လုပ်ဖို့ စိတ်ကူးထဲပင် မရှိခဲ့ကြသော်လည်း ကြောင်သူတော် အဖြစ် အယောင်ဆောင်ချင်ဆုံး မင်းအောင်လှိုင်သာ ထိုသို့ လုပ်သည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

ယခုတကြိမ်သည် ပထမဆုံး မဟုတ်၊ ၂၀၂၁ ဇွန်လ အတွင်း လေယာဉ်ပျက်ကျ ပျံလွန်တော် မူသွားသော ပျဉ်းမနား ရှိ ဆရာတော်ကြီး ရုပ်ကလာပ် ကိုလည်း ထမ်းခဲ့ဖူးသည်။

 

မင်းအောင်လှိုင်သည် ဗန်းမော် ဆရာတော် ဘုရားကြီး၏ ကြွင်းကျန် ရစ်သော ရုပ်ကလာပ်၏ ဦးခေါင်းတော်အား ဗုဒ္ဓ ဓမ္မကျမ်းဂမ် များ တွင် အကျော်အ မော် ဖြစ်ခဲ့သည် ဟူသော သဘောဖြင့် ရွှေချ ပူဇော်ကာ အမြတ်ထုတ်ခဲ့ပြန်သည်။

 

သို့သော် အာဏာ မသိမ်းမီ တပတ်ခန့်က ဆရာတော်ကြီးမှ ၎င်းထံ အာဏာမသိမ်းဖို့ စာဖြင့် ရေးသား မေတ္တာ ရပ်ခံခဲ့သည်ကိုတော့ နားထောင်ခဲ့ခြင်း မရှိဟု ဧရာဝတီတွင် ရေးသားထားသည်။

 

ထို့ပြင် ကမ္ဘာအေး ရှိ သာသနာပိုင် မြေ ၇ ဧက ကိုပင် ချမ်းသာပေးရကောင်းမှန်း မသိပဲ တပ်ပိုင်မြေ လုပ် သိမ်းယူခဲ့မှုအား ဆရာတော်ကြီးမှ သာသနာ အတွက် လှုဒန်းထားသည့် မြေကို အခြား ရည်ရွယ်ချက် တခုခု အတွက် သုံးမည်ဆိုလျှင် လက်ရှိ နှင့် သံသရာ တွင် ဆိုးကျိုးများ ခံစားရလိမ့်မည်ဟု မင်းအောင်လှိုင် ထံ စာရေးသားပေးပို့ ခဲ့ခြင်းကြောင့် ပြန်ရသွားခဲ့ဖူးပေသည်။

 

မင်းအောင်လှိုင်၏ လုပ်ရပ်များသည် ၎င်း၏ အာဏာတည်မြဲရေး နှင့် ၎င်းအား ဆန့်ကျင်နေကြသူများ အပေါ် အောင်မြင်နိုင်ရေး၊ တဖက်တွင်လည်း ကြီးလေးသော အကုသိုလ်များ ဖိစီးနေရခြင်းမှ သက်သာလို သက်သာငြား ဘုရား ကို မှီကာ နည်းမျိုးစုံဖြင့် ကြံဆောင်နေခြင်း သာ ဖြစ်သည်ကို ပြည်သူများက ကောင်းစွာ သိနားလည် ထားပြီး ဖြစ်သည်။

 

အကယ်၍များ ကမ္ဘာကျော် ဘော်လုံးသမားများ ဖြစ်သည့် မက်ဆီ နှင့် ရော်နယ်‌‌ဒိုတို့မှ ‌၎င်းတို့သည် ဆော်ဒီ ဘော်လုံး အဆင့် အတန်း မြင့်မားရေး အတွက် သွားရောက် ကူညီ ကစားပေးနေခြင်း ဖြစ်သည်ဟု ပြောခဲ့သည် ရှိသော ကြားရသူ အပေါင်း ခွက်ထိုးခွက်လန် ရယ်ကြမည်သာ ဖြစ်သည်။ ၎င်းတို့ လုပ်ရပ်များကလည်း ထိုသဘော မျိုး အတိုင်းပင် ဖြစ်နေသည်။

 

ယခုလည်း ရခိုင်ပြည်နယ် ရှိ မုန်တိုင်းဒဏ် သင့် ပြည်သူများအား ကယ်ဆယ်ထောက်ပံ့နေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပြည်တွင်းလူမှုကယ်ဆယ်ရေး အသင်းများအား လုပ်ငန်းများ ရပ်ဆိုင်းထားရန် အမိန့်ထုတ်လိုက်ပြန်ပြီ ဖြစ်၍ စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်နေသော ပြည်သူ ၁.၂ သန်း အတွက် တွေးပင် မတွေးရဲအောင်ပင်။

 

ပြည်တွင်း အဖွဲ့အစည်းများကတော့ ရာဇဝတ်သားများ အလား ခိုးကြောင်ခိုးဝှက်ဖြင့် တတ်နိုင်သမျှ ရှောင်တိမ်းကာ ကူညီနေကြဦးမည် ဖြစ်သည်။

 

မည်သည့် အကြောင်းမျှမပြပဲ ထိုသို့ တားမြစ်လိုက်သည်ဆိုသော သတင်းသည် နိုင်ငံတကာ သတင်း မီဒီယာ များ တွင် ပါရှိလာပြီ ဖြစ်သည်။ ထို့အတွက်လည်း ၎င်းတို့သည် ယုံကြည်စွာ ဆက်ဆံဖို့ မထိုက်သူများ အဖြစ် နိုင်ငံတကာက ထပ်မံ နှာခေါင်းရှုံ့ခြင်း ခံရတော့မည် ဖြစ်သည်။

 

ထိုသို့ အကုသိုလ်များ တခုပြီး တခု ကျုးလွန်လိုက်၊ ယတြာ ချေလိုက်ဖြင့် လုပ်နေကြသူများအားမဟာပထဝီ မြေကြီးက ပင် လေးလံလာပြီဟု ယူဆလာ၍ လော မသိ အတိတ်နမိတ်များလည်း ပြလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!