မြောက်ပိုင်း အုပ်စု နှင့် တရုတ် တွေ့ပြီ

by Hla Soewai - Jun 07 2023

ယူနန် ပြည်နယ် နိုင်ငံခြားရေး ရာ တာဝန်ခံသည် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ နှင့် ကြာသပတေးနေ့တွင် စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

 

 

 

ဆွေးနွေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ရခိုင်တပ်တော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် (TNLA) နှင့် ကိုးကန့် တပ်တော်ဟု လူသိများသည့် မြန်မာ အမျိုးသား ဒီမိုကရက် မဟာမိတ် တပ်တော် (MNDAA) တို့ ဖြစ်သည်။

 

 

 

မည်သည့် အကြောင်းအရာ များ ဆွေးနွေးကြမည်ကို အားလုံးက ထုတ်ဖေါ် ပြောဆိုခြင်း မရှိပဲ ရေငုံ နှုတ်ပိတ်နေကြဆဲ ဖြစ်သည်။ နောက်တကြောင်း ဖြစ်နိုင်သည်က သူတို့ကိုယ်တိုင်ပင် တရုတ်မှ ဘာအကြောင်း အရာများ ပြောမည် ဆိုသည်ကို ကြိုတင် သိမထား၍ လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

 

 

 

ထိုအဖွဲ့ သုံးဖွဲ့ လုံးသည် စစ်အာဏာသိမ်း အဖွဲ့ နှင့် တရားဝင် အပစ်အခတ် ရပ်စဲထားခြင်း မျိုး မရှိပဲ မြန်မာ လူထု၏ နွေဦး တော်လှန်‌ရေး တွင် အကူအညီများ ပေးနေသော တိုင်းရင်းသား လက်နက်ကိုင် များ ဖြစ်သည်။ ထို့အပြင် အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ရင်ဆိုင် တိုက်ပွဲများ ဆင်နွှဲလာခဲ့ကြသည်၊ သို့သော် ရခိုင် တပ်တော်သည် အကြမ်းဖက် စစ်တပ် နှင့် တရားမဝင် အပစ်ရပ် ပုံစံမျိုး နှင့် ဆက်ရှိနေခဲ့သည်။

 

 

 

ထိုသုံးဖွဲ့လုံးသည် အပစ်ရပ် ပြီး နောက်ပိုင်း အာဏာသိမ်း အဖွဲ့မှ ၎င်းတို့နှင့် ဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ခေါ်ချက် ကို ငြင်းပယ်ခဲ့ကြသူများလည်း ဖြစ်သည်။

 

 

 

ယခု အခါ စစ်ကောင်စီသည် စစ်ရေး တွင် အရေးနိမ့်လာနေပြီ ကို ရိပ်စားမိသော တရုတ်သည် ယခင်ကထက် ထဲထဲဝင်ဝင် ပါဝင်ရန် ဆုံးဖြတ်ထားပုံရပြီး ၎င်းတို့၏ တောင်းဆိုချက် ကို ဖြည့်ဆည်းရန် ကိုယ်စား ခေါ်ယူ ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

 

 

 

ယခု အခါ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် လက်နက်များ အဆမတန် သာလွန် ကောင်းမွန်နေ၍ အဆိုပါ အဖွဲ့သုံးဖွဲ့ မှ ထောက်ပံ့နေသည်ဟု သံသယ ရှိနေပုံရပြီး ထိုသို့ မလုပ်ရန် တရုတ်မှ ကြားဝင် တားမြစ်ပေးရန် တောင်းဆိုလာခြင်းလည်း ဖြစ်သည်။

 

နောက်တချက် ရှိလာနေသည်က မြန်မာနိုင်ငံတွင်း မသမာသည့် ဂိုဏ်းများ ပေါ်ပေါက်နေပြီး တရုတ်၊ အိန္ဒိယ နှင့် အရှေ့တောင်အာရှ နိုင်ငံများ မှ ပညာတတ်များ ကို အလုပ်ကောင်းကောင်းရမည် ဟု မြူဆွယ်ကာ ဖုန်းဖြင့် ဘဏ်စာရင်း အချက်အလက်များ လိမ်လည် နေမှု အား တားမြစ်ပေးရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် အလေးအနက် ပြောဆိုသွားခဲ့မှု ပင် ဖြစ်သည်။

 

စစ်ကောင်စီသည် ထိုကိစ္စ သူတို့ မတတ်နိုင်ဟု ဆိုကာ မြောက်ပိုင်းအဖွဲ့ အပေါ် လွှဲချခြင်းလည်း ဖြစ်ပုံရသည်။

 

ယင်းနှင့် ဆက်စပ်၍ ရသော သတင်း တခု ထွက်ပေါ်လာပြန်သည်။ စစ်ကောင်စီ မှ ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ်ရှိ လျပ်စစ်ဓါတ်အားပေး ဘုတ် အဖွဲ့ အာဏာပိုင်များအား လေးကေကော် နှင့် 

ရွှေ ကုက္ကိုလ် ဒေသအား ဇွန်လ ၆ ရက်နေ့မှစ၍ လျပ်စစ်ဓါတ်အား ဖြတ်တောက်ပေးရန် ထူးထူးခြားခြား တောင်းဆိုလာမှု ပင် ဖြစ်သည်။ ထိုသတင်းအား RFA မှ မဲဆောက်ခရိုင် အကြီးအကဲ၏ အပြောကို ကိုးကား၍ ဖေါ်ပြထားသည်။

 

ထိုဒေသသည် ဒေါ်လာ ၁၅ ဘီလီယံ ခန့် တန်ကြေးရှိမည့် တရုတ်လုပ်ငန်းရှင်များ၏ ကာစီနို လောင်းကစား ရုံများ၊ အိုးအိမ် တိုက်တာ အဆောက်အဦးများ ရင်းနှီးမြုပ်နှံထားပြီး မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူဆိုးဂိုဏ်းများ နှင့် အကြမ်းဖက်မှု များ ထူပြောရာ ဒေသ ဖြစ်လာနေသည်။

 

နောက်ထပ် RFA သတင်းတပုဒ်အရ တရုတ် သံအမတ် မှ အာဏာသိမ်း အဖွဲ့မှ ရှေ့နေချုပ် ဟု ဆိုကာ ခန့်အပ်ထားသော သီတာဦး အား ကျောက်ဖြူ ရေနက် ဆိပ်ကမ်းကို အမြန် ပြီးစီးအောင် ဆောက်လုပ်ရန် ပြောဆိုလာသည်ဟု သိရသည်။ 

 

မြန်မာ စစ် အစိုးရ နှင့် အရပ်သား အစိုးရလက်ထက် တရုတ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးစားခဲ့ကြသော်လည်း ယခု မင်းအောင်လှိုင်၏ အာဏာ သိမ်းခဲ့ မှုကြောင့် မြန်မာအား တရုတ်တို့ စိတ်ကြိုက်ချယ်လှယ်ခွင့် ယခင်ကထက်ပင် ပို၍ ရရှိလာနေပြီ ဖြစ်သည်။ ထိုသို့ အနေအထားကို ယခုအခါတော့ တရုတ် တို့ အလွယ်တကူ လက်လျော့ ခံမည်တော့ မဟုတ်ပေ၊ ယခင် ဦးသိန်းစိန် အစိုးရမှ အမေရိကန် အားကိုးဖြင့် မြစ်ဆုံဆည်ကို ဖျက်သိမ်းပစ်ခဲ့သည်ကို တရုတ်တို့ မည်သို့မျှ မေ့နိုင်ကြမည် မဟုတ်ပေ။

 

 

တရုတ်သည် ထုံးစံအတိုင်း ၎င်းတို့၏ အကျိုးစီးပွား အတွက် မီးစ တဖက် ရေမှုတ် တဖက် နှင့် မြန်မာ အပေါ် အနိုင်ကျင့်နေသည်ကို အာဆီယံ အပါအဝင် အားလုံးက သိရှိနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - မြန်မာနောင်း