စစ်ကိုင်းတိုင်း အတွင်း PDF တပ်များ ပေါင်းစည်း နိုင်ပြီ

by Hla Soewai - Jun 07 2023

လက်ရှိ စစ်ရေး သတင်းများအရ စစ်ကိုင်း နှင့် ချင်း ဒေသကြီးများ တွင် စစ်တပ်၏ ထိုးစစ် သည် အကျအဆုံး များစွာ နှင့် တပ်လန် သွားခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် မြေပြင်တွင် စစ်စွမ်းရည် ပြည့်ဝ လှပါသည် ဆိုသော စစ်တပ်အား လက်နက်အင်အား အပြည့်အစုံနှင့် တန်းတူရည်တူ တိုက်ခိုက်လာနိုင်ပြီ ဖြစ်သည်။

 

မေလ ၃၀ နှင့် ၃၁ ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံ အတွင်း စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁၇၀ သည် နိုင်ငံရေး ဦးဆောင် အဖွဲ့ တရပ် ဖွဲ့စည်းရန် သဘောတူညီမှု ရရှိသွားခဲ့ကြသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ယင်းသည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ မှ ရေးဆွဲထားသော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်း နှင့် အညီ စစ်ကိုင်းတိုင်း ဒေသကြီး အတွက် အတိုင်ပင်ခံ ကောင်စီ ကို ဖွဲ့စည်း နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ နှစ်ရက်ကြာ ညီလာခံ ကျင်းပနိုင်ခြင်း၊ NUG ပြည်ထဲရေး ဝန်ကြီး ပဲခူးတိုင်း အတွင်း ခရီးလှည့်လည် စစ်ဆေး နိုင်ခြင်း၊ ရန်ကုန်တိုင်း အတွက် စစ်ရေး စီမံချက်များ ရေးဆွဲ နိုင်ခြင်း တို့သည် ပြည်တော်ဝင် ခရီး အတွက် လွန်စွာ အရေးပါသော ခြေလှမ်းများ ဖြစ်လာခဲ့သည်။

 

စစ်တပ်သည် ထိုဒေသများ အတွင်း စစ်ကြောင်းထိုးနေစဉ် အတွင်း ဖြတ်သန်းသွားခဲ့သည့် ရွာများ အား မီးရှို့ခြင်း အမှုသာ ပြုနိုင်တော့သည်။ 

 

လူထု တရပ်လုံးသည်လည်း စစ်ဖိနပ်အောက်တွင် ကျွန်ပြုခံနေရသည့် ဒုက္ခများမှ အမြန်ဆုံး လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဖြစ်စေမည့် တန်ပြန် ထိုးစစ်ကြီး စတင်လာမည့် အရေးကို မျှော်လင့်လာကြပြီ ဖြစ်သည်။

 

တပ်သားသစ်များလည်း လုံလုံလောက်လောက် ထပ်မံ ဖြည့်တင်းနိုင်ခြင်း မရှိပဲ လေတပ် နှင့် ရေတပ် စစ်မှုထမ်းများကို ဖယ်ထုတ်ထားမည် ဆိုက အကြမ်းဖက် စစ်တပ်၏ အင်အားသည် ၇၀,၀၀၀ ခန့်သာ ရှိတော့သည်ဟု စစ်ရေးလေ့လာ သုံးသပ်သူများက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

 

ထိုသို့ ဘေးကျပ်နံကျပ် ဖြစ်လာနေသော စစ်တပ်သည် PDF များ အား လက်နက်များ ထောက်ပံ့နေသည်ဟု သံသယ ရှိနေသည့် အဖွဲ့များကို သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း မြေပြင် အခြေအနေနှင့် ကင်းကွာနေသော လက်တွေ့ မကျသည့် အကြောင်းအရာများကို ဦးတည်လာ၍ ပျက်ပြားသွားခဲ့ရသည်။

 

မြောက်ပိုင်း အုပ်စု နှင့် ဆွေးနွေးပွဲ အရာမထင်

***************************   

 

ယူနန် ပြည်နယ် နိုင်ငံခြားရေး ရာ တာဝန်ခံ ကမကထ ပြု၍ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ ၏ မိုင်းလား ဆွေးနွေးပွဲသည် မည်သည့် ရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိပဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့ ကိုယ်စားလှယ်များ ဖြစ်သော ရာပြည့်၊ ဝင်းဘိုရှိန် နှင့် ခင်ဇော်ဦးတို့မှ ၎င်းတို့ စီစဉ်ထားသော ရွေးကောက်ပွဲ အား မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ ထောက်ခံရန် စကားစ လာသော်လည်း ထိုကိစ္စကို ဆွေးနွေးရန် ပယ်ချခံခဲ့ရသည်။

 

အာဏာသိမ်း အဖွဲ့ မှ ၎င်းတို့ အာဏာသိမ်းခဲ့ခြင်း မဟုတ်ကြောင်း၊ ဥပဒေ နှင့် အညီ နိုင်ငံတာဝန်များ လွှဲပြောင်း ယူခဲ့ခြင်း ဖြစ်ကြောင်း အရှက်ကင်းမဲ့စွာ ပြောလာပြန်သည်။ 

 

မည်သို့ပင် ဆိုစေ တခါက အခြောက်တိုက် ဘဝင်မြင့် သွေးကြီးနေသော စစ်ခေါင်းဆောင်များသည် ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လေပြေထိုး ချော့မော့နေရသည်မှာ အထင်အရှား တွေ့လာရသည့် ဖြစ်စဉ် ပင် ဖြစ်သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၎င်းတို့ အနေဖြင့် စစ်တပ် ဘာပြောမည်ကို နားထောင် ယုံ သက်သက် ရောက်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် ရခိုင်တပ်တော် AA မှ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ မိုချာ မုန်တိုင်းသင့် ပြည်သူများအား ကယ်ဆယ်‌ရေး ပစ္စည်းများ လျင်မြန်စွာ ပေးပို့ နိုင်ရေး အတွက် ခရီးသွားလာခွင့် ကန့်သတ်ထားမှု များ လျော့ချပေးရေး များကို တောင်းဆိုခဲ့ကြသည်။

 

ကုလ ဖွံဖြိုးမှု အစီအစဉ် UNDP ၏ ဌာနေ ကိုယ်စားလှယ် တီတွန် မစ်ထရာ မှ စစ်တွေ မှ နေ၍ သတင်းထုတ်ပြန်ရာတွင် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း နှင့် ကချင် ပြည်နယ် များတွင် ပြည်သူ ၁.၆ သန်းသည် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ အရေးတကြီး လိုအပ်နေပြီး၊ ကုလ ထောက်ပံ့မည့် ရိက္ခာများ ပုတ်သိုးသွားနိုင်သည့် အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဟု ဆိုသည်။ ကုလ မှ ကယ်ဆယ်ရေး အထောက်အပံ့များကို မည်သို့ မည်ပုံ ဖြန့်ဖြူးမည့် အစီအစဉ် နှင့် လမ်းကြောင်းများကို တင်ပြထားသော်လည်း အတည်ပြုချက် မရရှိသေးဟု ဆိုသည်။

 

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ အပေါ် ကုလ မှ အလျော့ပေး ဆက်ဆံလာရန် ယခုအရေးကို ဓါးစာခံ အဖြစ် ဖန်တီး လိုပုံ ရှိနေသည်ဟု ယူဆရသည်။

 

ကုလ ကျေညာချက်တွင် နိုင်ငံတကာမှ ထိုကိစ္စအား အဆောတလျှင် အရေးယူ ဆောင်ရွက်ခြင်း မရှိလျှင် လူထု သည် မပြီးဆုံးနိုင်သော ဒုက္ခသံသရာ ကြီး တွင် အမြဲလို တဝဲတလည်လည် ဖြစ်နေကြမည်ဟု လည်း သတိပေးထားသည်။

 

စစ်တပ်သည် ရခိုင်ပြည်နယ် အတွင်း ထိုသို့ ဖြစ်ပျက်နေမှု များ ကို အခွင့်အရေး တရပ် အဖြစ် အသုံးချကာ လူထုအား ဆွဲဆောင်နိုင်ရန် ကြိုးစားဖို့ စိတ်ကူး မရှိပဲ ၎င်းတို့၏ စရိုက်မှန်များကိုသာ ထုတ်ဖေါ် ပြသလာသဖြင့် ရခိုင် တပ်တော် ကိုသာ ပို၍ ယုံကြည်ကိုးစားလာကြသည်။

 

၎င်းတို့သည် မည်သို့သော မူဝါဒများ ချမှတ်လာစေကာမူ လူထု အတွက် ထည့်သွင်းစဉ်းစားခြင်း မရှိပဲ ၎င်းတို့ ဖြစ်စေချင်သည်များကို အတင်းအကျပ် ဖန်တီးလာသော ကြောင့် တနေ့တခြား ကျဆုံးလာခဲ့ရခြင်းလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!! 

 

ဓါတ်ပုံ - ဧရာဝတီ