နိုလင်း ဟေဇာ နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံ

by Hla Soewai - Jun 07 2023

ရာထူး မှ နှုတ်ထွက်တော့မည့် ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် နိုလင်း ဟေဇာ နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ် ဇင်မာအောင်တို့ ဂျနီဗာ တွင် တွေ့ဆုံ ခဲ့ကြောင်း ကုလသမဂ္ဂ မှ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

 

ထိုတွေ့ဆုံပွဲတွင် နိုလင်း ဟေဇာ မှ မြန်မာ စစ်တပ် ၏ နိုင်ငံတွင်း ဒီမိုကရေစီ လုပ်ငန်းစဉ်များ ကို စဉ်ဆက် မပြတ် ပျက်ပြားအောင် ကြိုးပမ်းနေမှုများကို သတိပေး ပြောဆိုသွားခဲ့သည်။ နိုင်ငံသားများ၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ် ခွင့် မရပဲ၊ အဓိက ကျသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်း မရှိပဲ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆိုသည်မှာ အကြမ်းဖက် မှုများ တိုးပွားလာအောင် စပေးသလိုသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပို၍ ဒီမိုကရေစီ ကျမည့် ဖက်ဒရယ် ပြည်ထောင်စု နှင့် အားလုံးပါဝင်သည့် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ထောက်ခံကြောင်း နှင့် ဒေါ်ဇင်မာအောင်၏ မဆုပ်မနစ် ကြိုးပမ်းမှုများ အတွက် လည်း ချီးကြူး ပြောဆိုသွားခဲ့သည်။

 

တရုတ်၊ ရုရှား နှင့် အိန္ဒိယ တို့မှ သူ ပြုလုပ်မည် ဟု စိတ်ကူးယဉ်နေသော ရွေးကောက်ပွဲအား ထောက်ခံသည်ဟု လူသိရှင်ကြား ပြောဆိုထားပြီး ဖြစ်သော်လည်း မင်းအောင်လှိုင် အဖို့က မူ ၎င်းပြောခဲ့သည့် ရွေးကောက်ပွဲ မည်သည့် အချိန်တွင် လုပ်မည်၊ မည်သို့ မည်ပုံ ပြုလုပ်ရမည် ကို ယခုအခါ စဉ်းစားချိန် မရလောက်အောင် လူထု တော်လှန်ရေးကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

ထိုနိုင်ငံများသည် ယခုလို ထောက်ခံမှု ပါးစပ်က ပေးနေသော်လည်း အာဏာသိမ်း အဖွဲ့ အပူတပြင်း လိုအပ်နေသော နိုင်ငံခြား အရံငွေ ကို တပြားတချပ်မျှပင် ချေးငှားကြခြင်း မရှိသေးပေ။ ထို့အပြင် တရုတ်သည် မင်းအောင်လှိုင် ရင်ဆိုင်နေရသော ပြဿနာကို ဂရုထားခြင်း မရှိပဲ ၎င်းတို့ စီမံကိန်း များကို အမြန်ဆုံး အကောင်အထည် ဖေါ်ရန် အတင်းအကျပ် ပြောလာနေသည်။

 

ယခုအခါ တရုတ်သည် ရှေ့နေချုပ် ဆိုသူ သီတာဦး အား ဘီဂျင်းသို့ ခေါ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း ပိုင်ဆိုင်ခွင့် ရာခိုင်နှုန်း အား ယခင် ၁၅ ရာနှုန်းမှ မြှင့်တင်ခဲ့မှု အား ဥပဒေကြောင်းအရ ပြန်လည် ပြင်ဆင်နိုင်ရန် ဆွေးနွေးခြင်း ဖြစ်သည်ဟု ခန့်မှန်းချက် များ ထွက်ပေါ်လာနေသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင် အဖို့က ၎င်း အာဏာ တည်မြဲရေး အတွက် ဆိုက ဘာမဆို လုပ်ရန် ဝန်မလေးသူပင် ဖြစ်သည်။

 

နော်ဝေး အခြေစိုက် အော်စလို ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာ အကျပ်အတည်းအား ဖြေရှင်းရန် ဦးစားပေး ပြုလုပ်ရမည့် အချက် သုံးချက် အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ အား တရားဝင် အသိအမှတ် ပြုရေး၊ ပြည်တွင်း ပြည်ပ တွင် ဥပဒေကြောင်း အရ တရားဝင် ရပ်တည်နေမှု အား ခိုင်မာအောင် ပြုလုပ်ပေးရေး နှင့် ပြည်တွင်း တွင် တည်ငြိမ်မှု ရရှိရေး အာမခံနိုင်မည့် နည်းလမ်းများ ရှာဖွေရေး တို့ကို ချပြလာခဲ့သည်။

 

စစ်တပ်သည် တိုင်းပြည်အား အုပ်ချုပ်နိုင်ခြင်း မရှိပဲ အာဏာတွင် ဆက်လက် တည်မြဲနေမည် ဆိုက နိုင်ငံ နှင့် လူထု တိုးတက် ဖွံ့ဖြိုးခြင်း မရှိပဲ တိုင်းပြည်သည် ဘော်လကန် ဒေသ အဖြစ်ဆိုး မျိုး နှင့် ပြိုကွဲသွားနိုင်သည်ဟု သတိပေးခဲ့သည်။

 

နောက်တကြောင်းက စစ်တပ်အား အာဏာမှ ဖယ်ရှားနိုင်ခဲ့လျှင် ပင် နိုင်ငံရေး မူဘောင် အသစ် များ ဖြင့် ကြားကာလ အကူး အပြောင်းကို ခိုင်မြဲအောင် ပြုလုပ်နိုင်မည့် ဦးဆောင်မှု မရှိက အီဂျစ်တွင် ဖြစ်ပေါ်သကဲ့သို့ အာရပ်နွေဦး တော်လှန်ရေး ကဲ့သို့ တဖန် ပျက်ပြားသွားနိုင်သည်ဟု ဆိုသည်။

 

ထို့အတွက် (၁) အမျိုးသား ညီညွတ်ရေး အစိုးရ အား တရားဝင် အသိအမှတ် ပြုရေး နှင့် ပြည်တွင်း ပြည်ပ တွင် ဥပဒေကြောင်း အရ တရားဝင် ရပ်တည်နေမှု အား ခိုင်မာအောင် ပြုလုပ်ပေးရေး ခြင်းဖြင့် စစ်တပ်၏ ရပ်တည်ပိုင်ခွင့် ကို ပယ်ဖျက်သွားရေး။

(၂) အမျိုးသား ညီညွတ်ရေး အစိုးရ အား ယခုထက် ပို၍ ထောက်ခံသွားရန် နှင့် ပြည်တွင်းရှိ အဖွဲ့အစည်းများ စည်းလုံး ညီညွတ်မှု ခိုင်မာ တောင့်တင်းသည်ထက် တောင့်တင်းအောင် ပံ့ပိုးပေးသွားရေး။

(၃) စစ်တပ်အား ဘဏ္ဍာရေး နှင့် စစ်ရေး အရင်းအမြစ်များ ခမ်းခြောက်သည်ထက် ခမ်းခြောက်လာအောင် နိုင်ငံတကာမှ တိုး၍ အရေးယူ ဆောင်ရွက်ပြီး စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ ခရိုနီများ အား ပိတ်ဆို့ ဒဏ်ခတ်ထားမှု များအား ပိုမိုထိရောက်အောင် ဆောင်ရွက်သွားရေး တို့ ဖြစ်သည်။

 

လက်ရှိတွင် တော်လှန်ရေး အင်အားစုများသည် စစ်အာဏာရှင် စနစ် အဆုံးသတ်ရေး အတွက် ဆင်နွှဲနေသော တော်လှန်ရေး အောင်မြင်ရမည်ဟူသော ယုံကြည်ချက်များ ပို၍ ပင် ရှင်သန် အားကောင်းလာနေပြီ ဖြစ်သည်ဟု ပါရှိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!