ရှန်ဂရီလား ဒိုင်ယာလော့ အကြိုတွင် မြန်မာ စစ်တပ် အပြင်းအထန် ရှုတ်ချခံရ

by Hla Soewai - Jun 07 2023

ယခု သီတင်း အပတ်အကုန်တွင် ကမ္ဘာတဝှမ်းမှ ကာကွယ်ရေး ဖက်ဆိုင်ရာ အရာရှိကြီးများ၊ စစ်ဦးစီးချုပ်များ၊ သံတမန်များ၊ သတင်းစာဆရာများ နှင့် လက်နက် ကုမ္ပဏီ များ မှ ကိုယ်စားလှယ်များ တက်ရောက်မည့် ရှန်ဂရီလား ဒိုင်ယာလော့ခ် သည် စင်္ကာပူ တွင် ဇွန်လ ၁၀-၁၂ တွင် ကျင်းပဖို့ ရှိနေသည်။

 

စင်္ကာပူတွင် ရောက်ရှိနေသော အင်ဒိုနီရှား ကာကွယ်ရေး ဝန်ကြီး ပရာဗိုဘို ဆူဘီယန်တို မှ မိမိ တပ်မတော် အနေဖြင့် တိုင်းပြည်နှင့် လူထု အပေါ် သစ္စာရှိနေဆဲ ဖြစ်သည်ကို လွန်စွာ ဂုဏ်ယူမိကြောင်း အမေးအဖြေ ကဏ္ဍတွင် ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

 

မြန်မာ နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင် အာဆီယံသည် အာဏာရှင် အုပ်ချုပ်ရေး မျိုးကို မည်သည့်အခါမျှ လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ လက်ရှိ မြန်မာစစ်တပ်၏ အပြုအမူ နှင့် ဆောင်ရွက်ချက်များသည် ၎င်းတို့ ပြည်သူများ ကို ထိခိုက်နစ်နာအောင် လုပ်နေသည်ဟု ဆိုသည်။

 

မိမိတို့ အင်ဒိုနီရှား တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာခြင်း ဖြစ်၍ ပြည်သူဖက်ကသာ ရပ်တည်ခဲ့ပြီး၊ ပြည်သူများ၏ ထောက် ခံမှု မရှိက အလကား စစ်တပ် ဘဝ ရောက်သွားမည်ဟု ဆိုသည်။

 

မြန်မာရှိ မိမိတို့ နှင့် ဘဝတူ စစ်ဗိုလ်ချုပ် များအားလည်း ပြည်သူများကို ကာကွယ်သည့် တပ်မတော် ဖြစ်အောင်၊ ပြည်သူများ အပေါ် အကြမ်းဖက်လုပ်ရပ်များ မကျုးလွန်ကြဖို့ သဘောပေါက် အောင် အလေးအနက် ပြောချင် ကြောင်း လည်း ထည့်သွင်း ပြောကြားသွားသည်။

 

မြန်မာ စစ်ခေါင်းဆောင်များသည် ယခင်က အင်ဒိုနီရှား လွှတ်တော်ထဲတွင် စစ်ဖက် အရာရှိများ ထည့်သွင်းသည့် ပုံစံကို လွန်စွာ သဘောကျပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ကြသူများ ဖြစ်သည်။

 

သို့သော် အင်ဒိုနီရှား တပ်မတော်သည် ထို့မတိုင်မီကပင် တိုင်းပြည်၏ နိုင်ငံရေး လောက မှ ကိုယ့် အသိစိတ်ဓါတ်ဖြင့် ကိုယ် ပြန်လည် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

 

နိုင်ငံတကာ မဟာဗျုဟာ လေ့လာရေး အင်စတီကျု မှ ကမကထ ပြုလုပ်သည့် အကြိမ် နှစ်ဆယ်မြောက် ရှန်ဂရီလား ဒိုင်ယာလော့ တွင် မြန်မာ စစ်တပ်မှ ဗိုလ်ချုပ်ဆိုသူများ တကောင်တမြီးမျှပင် မတွေ့ရပေ။

 

မြန်မာသည် ယခုအခါ တွင် အရည်အတွက် အားဖြင့် လက်ငါးချောင်းပင် မပြည့်သော နိုင်ငံ များ နှင့်သာ ဆက်ဆံနေရသည့် အပယ်ခံ ဘဝ ရောက်နေရပြီ ဖြစ်သည်။

 

မကြာမီက ရာထူးမှ ဖြုတ်ချခြင်း ခံခဲ့ရသည့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရာ ခန် မှ ယခု ပါကစ္စတန်သည် တရားဥပဒေ စိုးမိုးရေး တွင် ဆူဒန်၊ မြန်မာတို့၏ အဆင့် အတန်းသို့ လျောကျ သွားပြီ ဟု နှိုင်းယှဉ် ပြောဆိုခြင်း ခံလိုက်ရပြန်သည်။

 

ပြည်သူ များ၏ တွန်းလှန်စစ်သည် ယခု အခါ အရှိန်ရလာနေပြီ ဖြစ်သည်၊ ပြည်တော်ဝင် ဖို့ ကျားကုတ်ကျားခဲ တိုက်စရာ မလိုပဲ တနေရာ ပွင့်ထွက်သွားလျှင်ပင် ကျန်သည်များက ဒိုမီနို အချပ်များလို ဆင့်ကဲဆင့်ကဲ ပြိုလဲလိုက်သွားမည် သာ ဖြစ်သည်။

 

ထိုသို့ ပြောနိုင်သည်ကလည်း စစ်သားများသည် နိုင်ငံ အတွက် တိုက်ခိုက်နေကြရခြင်း မျိုး မဟုတ်တော့ပဲ မင်းအောင်လှိုင်၏ သားကောင် ဘဝ နှင့် သူတို့၏ အသက်များ စတေးနေရပြီ ဆိုသည်ကို သိလာနေကြ၍ ဖြစ်သည်။ ကျေးပိုင် ကျွန်ပိုင် ခေတ်ကလို ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ထွက်ပြေးလျှင် သေဒဏ် ဆိုသည့် အဖြစ် နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ဤသို့ဖြင့် သူတို့ အားလုံး သည် သမိုင်း၏ မှားယွင်းသော ဘက်ခြမ်းနှင့် လူ့လောက ၏ အပြင်တွင် ရောက်နေကြပြီ ဆိုသည် အဖြစ် ကိုလည်း မသိပဲ နေကြမည် မဟုတ်၊ အခွင့်သာလျှင် ထိုအဖြစ်မှ ရုန်းထွက်ပြီး မိသားစု နှင့် ပြန်လည် ဆုံဆည်း ချင်ကြမည် မှာလည်း ဓမ္မတာပင် ဖြစ်သည်။

 

ပြည်သူတို့ အနေနှင့် မိမိတို့ စည်းလုံးညီညွတ်မှုကို ဆက်လက် ထိန်းထားနိုင်မည် ဆိုလျှင် အောင်ပွဲသည် လက်တကမ်း အလိုတွင်သာ ရှိပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!