မြန်မာ မှ စစ်လက်နက် အစိတ်အပိုင်းများ ရုရှားပြန်လည် ဝယ်ယူနေ

by Hla Soewai - Jun 07 2023

ရုရှားသည် မြန်မာ နှင့် အိန္ဒိယ သို့ တင်ပို့ ရောင်းချထားသော စစ်လက်နက် ပစ္စည်း အစိတ်အပိုင်းများ ပြန်လည်ဝယ်ယူနေကြောင်း ဂျပန် နိုင်ငံထုတ် Nikkei Asia Review စာစောင် တွင် Custom Clearance အကောက်ခွန် ကြေညာလွှာတွင် ပါရှိသော အချက်အလက်များ ကိုးကား၍ ဖေါ်ပြထားသည်။

 

ရုရှား စစ်တပ် အတွက် တင့်ကားများ ထုတ်လုပ်ပေးနေသော Uralvagonzavod ကုမ္ပဏီသည် ၂၀၂၂ ဒီဇင်ဘာလ အတွင်း မြန်မာ စစ်တပ်မှ ဒေါ်လာ ၂၄ သန်း ဖိုး လက်နက် ပစ္စည်း အစိတ်အပိုင်းများ တင်သွင်းခဲ့သည် ကို တွေ့ခဲ့ရသည်။

 

ဝယ်ယူသော ပစ္စည်းများမှာ အဝေးကြည့် တယ်လီစကုပ် မှန်ပြောင်း အလက် ၆,၇၇၅ လက်၊ တင့်ကားများ တွင် တပ်ဆင်သည့် ကင်မရာ အလက် ၂၀၀ ဖြစ်ပြီး ထိုပစ္စည်းများအား လက်ရှိ ရုရှား စစ်ဂိုဒေါင်များ တွင် ဖုန်တက်နေပြီ ဖြစ်သော T-72 တင့်ကားများကို ခေတ်မီ အောင် ပြန်လည် မွမ်းမံ၍ ယူကရိန်း စစ်မြေပြင် တွင် အသုံးပြုသွားမည် ဖြစ်သည်။

 

ထိုမျှလောက် များပြားပြီး လက်ရှိ မည်သို့မျှ အသုံးမဝင်သော ထိုကဲ့သို့သော ပစ္စည်းများကို နဂိုကတည်းက ဝယ်ယူခဲ့ခြင်း ကပင် ၎င်းတို့ အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်နေ၍ ဆိုသည်က ထင်ရှားနေပေသည်။

 

အလားတူ ရုရှား ဒုံးကျည် ထုတ်လုပ်သူများသည် ယမန်နှစ် ဩဂုတ်လ နှင့် နိုဝင်ဘာလ အတွင်း လေယာဉ်ပစ် အမြှောက်များ တွင် တပ်ဆင်သည့် ညကြည့်မှန်ပြောင်း များကို ဒေါ်လာ ၁၅၀,၀၀၀ ဖိုး အိန္ဒိယ ကာကွယ်ရေး လုပ်ငန်း များမှ ပြန်လည် တင်သွင်းခဲ့သည်။

 

သို့သော် အကောက်ခွန်‌ ကျေညာလွှာတွင် ထိုပစ္စည်းများသည် အရည်အသွေး မပြည်မီ၍ ရုရှားသို့ ပြန်လည် ပေးပို့ကြောင်း ဖေါ်ပြထားကြသည်ဟု Nikkei သတင်းက တွေ့ရှိခဲ့သည်။

 

သို့သော် ထိုမျှများပြားသော အရည် အတွက် များ ပြန်လည် ပေးပို့ခြင်းသည် ချို့ယွင်းချက် ရှိ၍ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်၊ ချို့ယွင်းသည် ဆိုပါကလည်း ပြင်ဆင်၍ မူလ ပိုင်ရှင်ထံ ပြန်လည် ပေးပို့သည့် အချက်အလက်များ တစုံတရာ မတွေ့ရှိရဟု ဆိုသည်။

 

ရုရှားသည် ယူကရိန်း စစ်ဆင်ရေး စတင်ကတည်းက အထိအခိုက် အကျအဆုံးများစွာ ရှိလာနေပြီး အမေရိကန် နှင့် အနောက်အုပ်စု များ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားမှု များ ကြောင့် စစ်လက်နက် ပစ္စည်းများ ပြန်လည် ဖြည့်တင်းနိုင်ရေး တွင် အကျပ်အတည်းများ နှင့် ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ အမြင် အားကောင်းစေသော ကိရိယာ များ အား ရုရှားသည် အနောက် အုပ်စု နည်းပညာများ နှင့် ထုတ်လုပ်ခဲ့ခြင်း လည်း ဖြစ်သည်။

 

ယူကရိန်း စစ်မြေပြင်တွင် ယခုအချိန် အထိ ရုရှား တင့်ကား အစင်းရေ ၂,၀၀၀ ခန့် ပျက်စီးသွားပြီ ဖြစ်သည်ဟု အရပ်ဖက် ထောက်လှန်းရေး သတင်းအချက်အလက်များ ဖေါ်ပြနေသည့် Oryx တွင် ဖေါ်ပြထားသည်။

 

နောက်ထပ် ရရှိသော RFA သတင်းအရ စစ်အာဏာသိမ်း အဖွဲ့မှ တော်လှန်ရေး အင်အားစုများထံ ငွေကြေး ပံ့ပိုးပေးနေသည်ဟူသော သံသယ ဖြင့် စုံစမ်းစစ်ဆေးခြင်း မရှိပဲ KBZPay, WavePay, AYAPay, CBpay မိုဘိုင်း ဘဏ် အကောင့် ၇၂၁ ခုကို မေလ တလ ထဲ တွင် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

 

အဓိက အားဖြင့် နေ့စဉ် ငွေအလွှဲအပြောင်း ၁၀ ကြိမ် ထက်မနည်း နှင့် ကျပ်ငွေ သိန်း နှစ်ဆယ်အထက် အလွှဲအပြောင်း ရှိသူများကို သံသယ ဖြင့် ပိတ်ပင်လိုက်၍ အွန်လိုင်း လုပ်ငန်း လုပ်ကိုင်နေသူများ ထိခိုက် နစ်နာသွားရသည်ဟု သတင်းက ဆိုသည်။

 

ဧရာဝတီ သတင်းတွင် မူ အာဏာသိမ်း အဖွဲ့သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် စတင် ဆွေးနွေးသည့် နေ့မှာပင် ထိုအဖွဲ့တွင် ပါဝင်သည့် ကိုးကန့် MNDAA အဖွဲ့ စခန်း များကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲများ လေးရက်ကြာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

 

အာဏာသိမ်း အဖွဲ့သည် အကြမ်းဖက် အဖွဲ့ဖြစ်သည်နှင့် အညီ တဖက်က အညံ့ခံလာမည့် ငြိမ်းချမ်းရေး မျိုးကိုသာ လိုလားသူများ ဖြစ်ကြောင်း ထိုအဖြစ်က သက်သေခံနေပေသည်၊ ထိုလုပ်ရပ်အပေါ် ပေါက်ဖေါ် ကြီး များ အား မည်သို့ မည်ပုံ အစီရင်ခံမည် ဆိုသည်ကား သဲသဲကွဲကွဲ မသိရသေးပေ။

 

ထိုသို့သော လူမျိုးများ နှင့်ကား ငြိမ်းချမ်းရေး စားပွဲဝိုင်း အတူထိုင် ဆွေးနွေးဖြစ်သည် ဆိုပါစို့၊ မေးရမည့် မေးခွန်းကား ဘယ်နှစ်ရက် ခံမည်နည်း ဆိုသည်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!