အိုင်စီဂျေ အမှု ထပ်မံ ရွှေ့ဆိုင်း ခံရမှု

by Hla Soewai - Jun 02 2023

နိုင်ငံတကာ တရားရုံးချုပ် အိုင်စီဂျေ မှ ဂမ်ဘီယာ မှ တရားလို ပြုလုပ်၍ စွဲဆိုထားသော မြန်မာ စစ်တပ်၏ လူမျိုးတုံး သတ်ဖြတ်မှု အတွက် တရားခွင်ကို မေလ ၂၄ ရက် နေ့ မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းပေးလိုက်ပြီ ဖြစ်သည်။

 

ထိုသို့ ရွှေ့ဆိုင်းပေးခြင်းသည် စစ်အာဏာသိမ်း အဖွဲ့မှ အမှုကို ခုခံချေပရန် လုံလောက်သည့် သက်သေ အထောက်အထား များ စုဆောင်းရန် အချိန် မလုံလောက်ဟူသော အကြောင်းပြချက်ကို လိုက်လျောပေးခဲ့ခြင်းပင် ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့မှ ထိုသို့ အချိန်ဆွဲပြီး ကမ္ဘာအာရုံစိုက်မှု လျော့နည်းသွားအောင် အချိန်ဆွဲသည့် နည်းဗျုဟာ ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးနေမှု သည် အောင်မြင်သွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့ အတွက် တရားမျှတမှု ရရှိရန် ကမ္ဘာကြီးက ဆောင်ကျဉ်းပေးလိမ့်မည် ဆိုသော မျှော်လင့်ချက်များ တဖြေးဖြေး မှေးမှိန်သွားခဲ့ရပြီ ဖြစ်သည်။ ရိုဟင်ဂျာ တို့အား လူမျိုး သန့်စင်ရေး စစ်ဆင်မှု ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေး ခဲ့သည်မှာ ၆ နှစ် ထဲ ဝင်‌ရောက်လာခဲ့ပြီ ဖြစ်သည်။

 

ထိုအရေး အတွက် ဂမ်ဘီယာ မှ ဦးဆောင်ဦးရွက် ပြုကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် ဟိဂ်ရှိ ကမ္ဘာတရားရုံးချုပ် သို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအမှု အတွက် ကနေဒါ နှင့် နယ်သာလန် မှ ပါဝင်မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီး အမေရိကန်မှ ဘဏ္ဍာရေး အရ ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။ သို့သော် ထိုအရေးကို တိုက်ရိုက် နစ်နာခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ကမူ ထောက်ခံမှု ပေးခဲ့သော်လည်း အမှုတွင် ဘေးထွက် ရပ်ကြည့်နေခဲ့သည်ကို တွေ့ရသည်။

 

 စစ်အာဏာသိမ်း အဖွဲ့ ၏ ချေပ လျှောက်လှဲရမည့် အချိန်ကို ဧပြီ ၂၄ မှ မေ ၂၄ သို့ ရွှေ့ပေးခဲ့ရာမှ ယခု ဒုတိယအကြိမ်မြောက် ထပ်မံ ရွှေ့ဆိုင်းပေးလိုက်ခြင်း လည်း ဖြစ်သည်။

 

အမှု စတင် ပြီးနောက်တွင် အိုင်စီဂျေ မှ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးမီ ယာယီ လိုက်နာရမည့် အစီအစဉ် များ အဖြစ် ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားရေး နှင့် ရိုဟင်ဂျာများအား အကာအကွယ်ပေးရန် သတ်မှတ်ပေးလာခဲ့သည်။ 

 

စစ်အာဏာသိမ်း အဖွဲ့မှ ၎င်းတို့ ချေပလျှောက်လှဲချက်တွင် ထည့်ပြော၍ ရသည် ဆိုယုံမျှ ဖြစ်အောင် ရိုဟင်ဂျာ များ ပြန်လည် လက်ခံရေး လုပ်ငန်းများ ဟန်ပြ စတင်လာနေပြီ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်မှုများသည် ကျောသားရင်သား ခွဲခြားခြင်း မရှိ၊ ရိုဟင်ဂျာ များသာ ပစ်မှတ် ထားခြင်း မဟုတ်သည်ကို ပြသ သည့် အနေဖြင့် နိုင်ငံတွင်းရှိ မြန်မာပြည်သူများကို ရက်ရက်စက်စက် ပြုကျင့် နေပြီ ဖြစ်သည်၊ သို့သော် မြန်မာ ပြည်သူများ အဖို့က ပုန်းခိုစရာဟူ၍ တောတောင် များသာ ရှိသည့်အတွက် ရိုဟင်ဂျာများ နှင့် စာလျှင် ကံမကောင်း အကြောင်းမလှဟု ဆိုရမည် ဖြစ်သည်။ တဖက်တွင် အိုင်စီဂျေ ၏ တရားခွင် ဆိုသည် အပေါ်လည်း ယုံကြည်ကိုးစားမှု လျော့နည်း ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

ယခုလို ရွှေ့ဆိုင်းခံလိုက်ရခြင်းသည် စစ်တပ်သည် ၎င်းတို့ အဖို့ လုပ်ချင်တာ ဆက်လုပ်ခွင့်ရသွားပြီး၊ မည်သူက တရားစွဲလာသည် ဖြစ်စေ နည်းလမ်းပေါင်းစုံ ဖြင့် အချိန်ဆွဲ၍ ရနိုင်သည်ဟု ယူဆချက် ခိုင်မာသွားပြီ ဖြစ်၍ ရိုဟင်ဂျာ များ အတွက်သာ မက မြန်မာ ပြည်သူများ အတွက်ပါ နစ်နာ သွားခဲ့ရပြီ ဖြစ်သည်။

 

လက်ရှိ အာဆီယံ အပါအဝင် နိုင်ငံတကာ၏ ရပ်တည်ချက်သည် မြန်မာပြည်သူများ၏ အရေးကို ဖြေရှင်းရန်ထက် စစ်အာဏာသိမ်း အဖွဲ့ ကို ၎င်းတို့ လက်ခံနိုင်လောက်သည့် အတိုင်းအတာအထိ လမ်းကြောင်း ပြောင်းလာရန် နည်းလမ်းပေါင်းစုံ သုံး၍ တည့်မတ်နေခြင်းသာ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒမပါပဲ မည်သို့မျှ အုပ်ချုပ်၍ မရ ဆိုသည်ကို လက်ခံဖို့ ခက်ခဲနေကြသည်။

 

မြန်မာ ပြည်သူများက မိမိတို့ အပေါ် နိုင်ထက် စီးနင်း အုပ်ချုပ် နေပြီး ရှေ့လျောက်လည်း ၎င်းတို့ ရှိနေသရွေ့ မည်သို့မျှ လူတလုံး သူတလုံး အဖြစ် နေခွင့်ရတော့ မည် မဟုတ် ဆိုသည်ကို သိထားပြီး ဖြစ်၍ အသက်ပေါင်း များစွာ ရင်း၍ တွန်းလှန် တိုက်ထုတ်နေကြခြင်း ဖြစ်သည်။ 

 

နိုင်ငံတကာနှင့် အာဆီယံ အနေဖြင့် ပြည်သူများအား မျှော်လင့်ချက် အမှားများ ပေးရန် စိတ်မကူးပဲ ၎င်းတို့၏ စိတ်ရင်းကို သိသာအောင် ပြသပေးနေခြင်းကပင် မိမိကိုယ် မိမိ သာ အားကိုးရမည် ဟူသော ယုံကြည်ချက် ခိုင်မာအောင် လုပ်ပေးနေခြင်း အဖြစ် အဆိုးထဲမှ အကောင်းဟူ၍ ကြိုဆိုရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!