အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မိုချာ အတွက် အမေရိကန် အစိုးရ အကူအညီ

by Hla Soewai - Jun 02 2023

အမျိုးသား ညီညွတ်‌ရေး အစိုးရ မှ မိုချာ မုန်တိုင်းသင့် ပြည်သူများ အတွက် လှုဒန်းသော အမေရိကန် အစိုးရ၏ ဒေါ်လာ ၁၇ သန်း အတွက် ကျေးဇူး ဥပကာရ တင်ရှိကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ မှ သဝဏ်လွှာ ပေးပို့ခဲ့သည်။

 

မိမိတို့ အနေဖြင့် မုန်တိုင်းသင့် ပြည်သူ ငါးသန်း အတွက် အရေးပါသော ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်း များ အား ယုံကြည်ရသော လူသားချင်း စာနာထောက်ထားမှု နှင့် ကူညီနေရသော အဖွဲ့အစည်းများ နှင့် အတူ လက်တွဲကာ မဆုပ်မနစ် ကူညီ နေကြောင်း နှင့် ယခုလို အခက်အခဲ ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရမှု မှ လွတ်မြောက်ရေး အတွက် အရေးကြီးသော ခရီးကို လျှောက်လှမ်းနေချိန်တွင် ယခုလို ပေးအပ်သည့် အကူအညီများ အတွက် ကျေးဇူး တင်ကြောင်း လည်း ပါရှိသည်။

 

ကာကွယ်ရေး ဝန်ကြီး ဌာန မှ သတင်း ထုတ်ပြန်ရာတွင် ယခုအခါ မြန်မာ နိုင်ငံ တဝှမ်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ ဖွဲ့စည်းပြီး ဖြစ်၍ PDF တပ်ဖွဲ့ဝင်များ လစဉ် စားနပ်ရိက္ခာ ဖူလုံ နိုင်ရေး အတွက် ပြည်သူတရပ်လုံး နောက်တန်း မှ နေ၍ ထောက်ပို့ တာဝန်များကို အပြည်အဝ တာဝန်ယူနိုင်လိမ့်မည်ဟု ယုံကြည်သည်ဟု ဆိုသည်။

 

ထိုသို့ ထောက်ပို့ တာဝန် ယူမည့် လူများအား ကိုယ်ပိုင်နံပတ်များ ဖြင့် တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း ဆိုပြီး ဖွဲ့စည်းပုံ အတိုင်း ဖွဲ့စည်းပေးသွားမှာ ဖြစ်သည်ဟု ဖေါ်ပြထားသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး အတွက် လစဉ်စားနပ်ရိက္ခာ ဖူလုံ နိုင်ရန် အနည်းဆုံး တလလျှင် ဒေါ်လာ ၂၀ ခန့် လိုအပ်နေသည်ဟု လည်း ပါရှိသည်။

 

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် အောက်ပါ့ လင်ခ် အတိုင်း ဆက်သွယ် နိုင်သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ကျေညာချက်တွင် ဖေါ်ပြထားသည်။

https://www.facebook.com/prf4pdf 

တဆက်တည်း ဆိုသလို မေလ ၂၆ ရက်နေ့ နေစွဲ ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့ နေ့စွဲဖြင့် တလ အတွင်း စစ်ရေး သတင်းကို ယခုလို ထုတ်ပြန်ခဲ့သည်။

 

အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း တိုက်ပွဲပေါင်း (၄၃၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၁၂) ဦး သေဆုံး၍ (၇၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

မိမိရဲဘော် (၆၀) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၉၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၇)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။

 

ဤ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ထပ်မံရရှိသော အတည်မပြုနိုင်သေး သည့် သတင်းများအရ နေပြည်တော် အထူး ကွန်မန်ဒို တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း နှင့် မန္တလေး နှင့် နေပြည်တော် အား ဦးတည်၍ အထူး စစ်ဆင်ရေးများ ဆင်နွှဲသွားမည်ဟု သိရသည်။

 

အမျိုးသား ညီညွတ်‌ရေး အစိုးရ သည် တော်လှန်ရေး ကြီး အောင်မြင်ရန် ဦးဆောင်မှု အခန်း မှ ပါဝင်လျက် ရှိနေပြီး နိုင်ငံတကာ ၏ အသိအမှတ် ပြုမှု ကို ရရှိထားသည်၊ ယင်းနှင့် အတူ ဥရောပ၊ အာရှ မြို့ကြီး အချို့တွင် ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်ထားပြီးလည်း ဖြစ်သည်။

 

တော်လှန်‌ရေး တရပ်ကို ဆင်နွှဲနေသော အစိုးရ တရပ် အနေဖြင့် အခက်အခဲ အမျိုးမျိုး ကြားမှ လုပ်ဆောင်နေရ၍ ချို့ယွင်းချက်များ၊ အလျင်မမီသည်များလည်း မရှိ မဟုတ် ရှိနိုင်မည်သာ ဖြစ်သည်။

 

မိမိ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ထိုသို့သော ချို့ယွင်းချက် အချို့ ကို မြင်သိနေသော်လည်း နားလည် ခွင့်လွှတ်ပေးနိုင်ခဲ့သည်၊ မည်သည့်အခါမျှ ငါသိငါတတ် ဝေဖန် ပြောဆိုမှု မျိုး မလုပ်ခဲ့ပေ။ ထိုသို့ လုပ်ပါက ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားဖို့သာ များသည်။

 

အောင်မြင်ရန် လက်တကမ်းမျှသာ လိုနေသော အချိန်တွင် ပြည်သူများ၏ တသံတည်း ဖြင့် ထောက်ခံ မှု ပေးရန် လိုအပ်သည်။

 

ယခုအခါ တတိယ အင်အားစု ဆိုသော စကားသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီ ဖြစ်သည်။

 

မိမိတို့ အနေဖြင့် NUG ထက် ပို၍ လုပ်ပြ နိုင်သည်၊ ပို၍ တတ်သည် ထင်က သီးခြား အဖွဲ့ ဖွဲ့စည်း လှုပ်ရှားရန်သာ ရှိသည်၊ ယခုတော့ နာမည် ရ၊ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ ထံမှ အာဏာပြန်သိမ်းချင်နေကြပုံရသည်။

 

ထိုသို့ ဖြစ်လာရသည်မှာလည်း Idealist များ များနေ၍ ဖြစ်သည်၊ ထိုသို့သော လူများသည် မိမိတို့ ကိုယ်ပိုင် အတွေး အခေါ်များကို လွတ်လပ်စွာ ထုတ်ဖေါ် နိုင်ခွင့် ရှိနေသည်၊ မိုးကုပ်စက်ဝိုင်း ကျော်လွန်သည်အထိ ဆန့်ထုတ် နိုင်သည်။

 

သို့သော် တိုင်းပြည်ကို အုပ်ချုပ်ရဖို့ ဖြစ်လာသည့် အခါ တကယ်တမ်း ဘာတွေ ဖြစ်နေလဲ ဆိုသည်ကို မျက်ဝါးထင်ထင် သိမြင်ခွင့် ရလာခဲ့သည်၊ ထိုအခါတွင် အားလုံးကို ခြုံကြည်ကာ ဆင်ခြင် သုံးသပ် လုပ်ဆောင်ရမည့် realist များ အဖြစ် တမဟုတ်ခြင်း ကူးပြောင်းသွားခဲ့ရသည်။ 

 

ပြည်သူ သန်း ငါးဆယ်ကျော်၏ အရေးကို ကိုယ်စားပြုလာရပြီ ဖြစ်၍ မိမိတို့ ယခင်က ယုံကြည်လက်ခံထားသော ဟိုလို လုပ်ရင်ကောင်းမည်၊ ဒီလို လုပ်ရင်ကောင်းမည် များ သည် ဘောင်ဝင်ခြင်း မရှိတော့ပဲ ထို သန်းငါးဆယ်ကျော်၏ အရေးကို ကိုယ်စားပြု စဉ်းစားလာရပေတော့သည်၊ ဤသည်ကား ကြုံတွေ့နေရသော အခြေအနေပေါ် မူတည်ပြီး လက်တွေ့ကျကျ အကောင်းဆုံး စဉ်းစား ဆုံးဖြတ်ရသည့် realist အနေအထား ပင် ဖြစ်သည်။

 

ထိုအခါတွင်တော့ ဝေဖန်မှု မျိုးစုံ နှင့် ရင်ဆိုင်လာရသည်က ဓမ္မတာပင် ဖြစ်သည်။

 

ဤသည်ကို နားလည် တတ်ဖို့ လိုပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo – USAID BURMA