အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ထောက်လှန်းရေး အဖွဲ့များ

by Hla Soewai - Jun 02 2023

၁၈၉၆ တွင် ဗြိတိသျှ စစ်တပ် အတွက် “စစ်ပွဲငယ်” များ တွင် ကျင့်သုံးရမည့် နည်း ‌ဗျုဟာ နှင့် ပတ်သက်၍ ချားလ် ကောဝဲလ် မှ ပျောက်ကျား စစ်ပွဲ ကို ရင်ဆိုင်ချေမှုန်း ရာတွင် စနစ်တကျ ပြင်ဆင် ဖွဲ့စည်းထားသည့် ထောက်လှန်းရေး အဖွဲ့ ထက် ပို၍ အရေးပါသော အဆင့်မျိုး မရှိဟု ရေးသားထားသည်ဟု အစချီကာ မြန်မာ ၏ နိုင်ငံရေး နှင့် စစ်ရေး ကျွမ်းကျင်သူ အင်ဒရူး ဆဲလ် က ဩစတေးလျ ၏ The Interpreter တွင် ယခုလို ရေးသားထားသည်။

 

ထို စကား ကို တဖက်နှင့် တဖက် အကြိတ်အနယ် တိုက်ခိုက်လျှက် ရှိနေသော အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည့်သူ ကာကွယ်ရေး တပ်ဖွဲ့ နှင့် မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်တပ် နှစ်ဖက်စလုံးက တသွေမတိမ်း အကောင်အထည် ဖေါ်လျှက် ရှိနေသည်ဟု ဆိုသည်။

 

ယခုအခါ အာဏာသိမ်း အဖွဲ့၏ စစ်ဖက် လုံခြုံရေး ရာ ဌာန မှ နိုင်ငံတဝှမ်း စပိုင်များ၊ သတင်းပေးများ ဖြင့် ကွန်ယက် များ ဖြန့်ကျက် လှုပ်ရှားလာကြသည့် အပြင် ဒရုန်းများ မှ ပေးပို့သော ပုံရိပ်များ မှတဆင့် မျက်နှာ နှင့် ကားနံပတ်ပြား တို့ကို ခြေရာခံ ပုံဖေါ်ခြင်း များ ပြုလုပ်လျက် ရှိသည်၊ မြို့ကြီးများ တွင် နေရာအနှံ့ တပ်ဆင်ထားသော CCTV ကင်မရာများ အားလည်း တွင်တွင်ကျယ်ကျယ် အသုံးချလျက် ရှိနေသည်။

 

ယင်းမှ ဖေါ်ထုတ်ရရှိခဲ့သူများအား လက်စ တုံးပစ်သည် အထိ ရက်စက် ကြမ်းကြုပ် စွာ ပြုမူနေကြသည်။

 

ထို့အတွက် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များသည် အိုင်အာအေ ခေါင်းဆောင် မိုက်ကယ် ကောလင်း ပြောသကဲ့သို့ပင် စပိုင် နှင့် ဒလန် သတင်းပေးများကို ချေမှုန်း သုတ်သင်ခြင်းသည် မည်သို့မျှ ရာဇဝတ်မှု မမြောက် ဆိုသည့် အတိုင်း စစ်အာဏာသိမ်း အဖွဲ့ ကို ထောက်ခံသူများ၊ သတင်းပေးများ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် မကြာခဏ ဆိုသလို လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရပြီ ဖြစ်သည်။

 

တိုင်းရင်းသား EAO များသည် အကြမ်းဖက် စစ်တပ်နှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်လာခဲ့ရသူများ ဖြစ်၍ ၎င်းတို့၏ ထောက်လှန်းရေး နည်းဗျုဟာ များအား ရှောင်ရှားပုံ ရှောင်ရှားနည်း များကို ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ PDF များထံ လက်ဆင့်ကမ်းပေးခဲ့ကြသည်။

 

PDF များသည်လည်း တပ်မှ စွန့်ခွာထွက်ပြေးလာသူများထံမှ ၎င်း၊ မိမိတို့ ကိုယ်တိုင် စုံစမ်းထောက်လှန်းခြင်းမှ ၎င်း အချက်အလက်များကို တိုက်ပွဲ မစမီ စုဆောင်းလေ့ ရှိသည်။ ဒရုန်းများကို ပစ်မှတ်၏ ပုံရိပ်များ ရယူ နိုင်ရန် နှင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရှိနေသော အနေအထား ကို ကင်းထောက် နိုင်ရန် မွမ်းမံ အသုံးပြုလာခဲ့သည်။ စစ်တပ်၏ ရေဒီယို ဆက်သွယ်မှုများကို ကြားဖြတ် နားထောင်နိုင်လာခဲ့သည်။

 

ပို၍ သိသာ ထင်ရှားသော တိုးတက်မှု သည် က ဗဟို ရှိ မဟာဗျုဟာမြောက် ကွပ်ကဲရေး အဆင့်တွင် ထောက်လှန်းရေး အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းလာနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

 

ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် Defense Intelligence Agency (DIA) ရှိလာနေပြီး ပစ်မှတ်များကို စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်း၊ စစ်ကြောမေးမြန်းခြင်း များ ဖြင့် ဝန်ကြီးဌာန အတွက် ထောက်လှန်းရေး အစီရင်ခံစာများ၊ သုံးသပ်ချက်များ တင်ပြ နိုင်ခဲ့ယုံမျှမက PDF တို့၏ စစ်ဆင်ရေး များ အတွက် ကြိုတင် သတင်းအချက်အလက်များ ပြုစုပေးနိုင်ခဲ့သည်။

 

DIA သည် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ဗဟို ကွပ်ကဲရေး နှင့် ညှိနှိုင်းရေး ကော်မတီ အတွက် ထောက်လှန်းရေး အစီရင်ခံစာများ တင်ပြခဲ့ပြန်သည်။ ထိုကော်မတီသည် PDF, မဟာမိတ် EAO များ နှင့် အခြားတော်လှန်‌ရေး အင်အားစုများ အတွက် စစ်ရေး မဟာဗျုဟာ နှင့် စစ်ဆင်ရေးများကို ညှိနှိုင်း ဆောင်ရွက်ပေးနေသည်။ DIA သည် အခြားသော EAO ထောက်လှန်းရေး အဖွဲ့များ နှင့်လည်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။

 

PDF တို့၏ ကွပ်ကဲ‌ရေး ဌာနချုပ် တွင် G-2 ဟု ခေါ်သည့် ညွှန်ကြားရေးမှုးချုပ် ဦးဆောင်သည့် စစ်ထောက်လှန်းရေး ဌာန ရှိနေသည်။ ထိုဌာနသည် တိုက်ပွဲများ အတွက် ထောက်လှန်းရေး သတင်းများ အပြင် စိတ်ဓါတ်စစ်ဆင်‌ရေး အတွက်ပါ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

 

ထို့အပြင် တန်ပြန် ထောက်လှန်းရေး နှင့် နည်းပညာ အသုံးပြုကာ မြေပြင်ရှိ ရန်သူ တပ်များ၏ လှုပ်ရှားမှု နှင့် တည်နေရာ များကို သိရှိနိုင်ရန် အသုံးချလာခဲ့သည်။ နည်းပညာ ဆိုသည်က GEOINT ဟု အတိုကောက် ခေါ်သည့် Geospatial Intelligence ပင် ဖြစ်သည်။ မိမိတို့ သိရှိလိုသည်များကို တည်နေရာကအစ အတိအကျ ညွှန်ပြနိုင်သော နည်းပညာ ဖြစ်ပြီး ယခုအခါ PDF များက ပိုင်ဆိုင်လာပြီ ဖြစ်သည်။

 

ထပ်မံ ဖွဲ့စည်းလိုက်သည့် အဖွဲ့အစည်း တခု သည်ကား အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာ န လက်အောက်တွင် ထားရှိသည့် ထောက်လှန်းရေး ပူးပေါင်းဆောင်ရွက်မှု ဌာနကြီးပင် ဖြစ်သည်။ ထိုဌာနသည် အခြား သော ဝန်ကြီးဌာန များ၊ အထူးသဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် NUG ၏ ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ တို့ အတွက် သတင်းများ စုဆောင်းခြင်း၊ နိုင်ငံတကာရှိ ထောက်လှန်းရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း များ တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး ဆွေးနွေးရန် ငြင်းပယ်ထားကြပြီး လက်ရှိ အနေအထား တွင် အပြုတ်နှံရန်သာ ဦးတည်နေကြသည်။ သို့သော် မကြာမီက ထွက်ပေါ်လာသော အမေရိကန် ထောက်လှန်းရေး ဆန်းစစ်ချက်တွင် နှစ်ဖက်စလုံး ထိုအနေအထားသို့ ရောက်လာနိုင်ဖွယ် မရှိဟု သုံးသပ်ထားသည်။ (ထိုအစီရင်ခံစာထဲတွင် ထိုသို့ ဖြစ်ပေါ်ရန် စစ်တပ် အတွင်း ပြိုကွဲလာခြင်း နှင့် ပြည်ပ အင်အားစုများ မှ ပံ့ပိုးနိုင်ခြင်း တို့ လိုအပ်နေသည်ဟု ပါရှိသည်။ တဖက်ဖက်က ပြတ်ပြတ်သားသား အနိုင်ရနိုင်သည့် အလားအလာ များ ထွက်ပေါ်လာမှသာ နိုင်ငံရေး အရ အဖြေရှာမှု ဖြစ်နိုင်မည်ဟု ဆိုသည်။ လက်ရှိ အနေအထားသည် မြန်မာ အတွက်သာ မက ဒေသတွင်း လုံခြုံရေး ကို ခြိမ်းချောက်လာနေသည်ဟု ၂၀၂၃ ဖေဖေါ်ဝါရီ ၆ ရက်နေ့ ထုတ်ပြန်သည့် Annual Threat Assessment of U.S. Intelligence Community (Unclassified) အမေရိကန် ထောက်လှန်းရေး အဖွဲ့များ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။)

 

ဆောင်းပါးရှင်က ဆက်လက် ရေးသားရာတွင် ထိုသို့ ရေရှည်သွားနိုင်သည့် စစ်ပွဲ အနေအထားကို ဆုံးဖြတ်ပေးမည်က သေနတ်များ၊ ဗုံးများ မဟုတ်တော့ပဲ စစ်ပရိယာယ် မာယာ နှင့် လှည့်စားနိုင်မှု တို့ အားပြိုင်ပွဲသာ ဖြစ်သည်ဟု ဆိုသည်။ ထောက်လှန်းရေး နည်းပညာ သာသူသည် သာ စစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်သည်ဟု ထောက်ပြထားသည်ကို တင်ပြလိုက်ပါသည်။

 

စိတ်ဓါတ်ရေးရာ တနေ့တခြား ချွတ်ခြုံကျလာနေသော မင်းအောင်လှိုင်၏ တပ်များသည် ပရိယာယ် ကြွယ်ဝဖို့ အသာထား ၎င်းတို့ အသက်ရှင် နိုင်ရေး အတွက် ပင် နည်းမျိုးစုံဖြင့် လုံးပမ်းနေရပြီ ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် မော်စီတုံး၏ အဆိုအမိန့် တခု ဖြစ်သည့် “ရေထဲက ငါး” နည်းဗျုဟာ အတိုင်း ပြည်သူများ နှင့် တသားတည်း ကျအောင် စည်းရုံး လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!