နိုလင်း ဟေဇာ နှုတ်ထွက်ပြီ

by Hla Soewai - Jun 02 2023

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် စင်္ကာပူ လူမှု ပညာရှင် နိုလင်း ဟေဇာသည် သူမ၏ ရာထူး မှ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း အတွင်းရေးမှူး ချုပ်၏ ပြောခွင့်ရ မှ ယနေ့ အတည်ပြု ပြောကြားခဲ့သည်။

 

သူမသည် ထိုရာထူးတွင် ၁၈ လ ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် တာဝန်များ အဆုံးသတ်မည် ဖြစ်သည်။ သူမအား ၂၀၂၁ အောက်တိုဘာ ၂၅ ရက်နေ့တွင် စတင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 

သူမသည် ယမန်နှစ် ဩဂုတ်လ အတွင်း မင်းအောင်လှိုင် နှင့် သွားရောက် တွေ့ဆုံခဲ့မှု အပေါ် အပြင်းအထန် ဝေဖန်ခံရပြီး အာဏာသိမ်း အဖွဲ့က လည်း သူမ၏ ကျေညာချက်များသည် တဖက်သတ် ဆန်လွန်းသည်ဟု ပြောဆိုခံခဲ့ရသည်။

 

ထို့နောက်တွင် မတရား ဖမ်းဆီး အကျဉ်းချ ခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ခွင့်မရလျှင် နေပြည်တော်သို့ ခြေချမည် မဟုတ်ဟု အခိုင်အမာ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ကုလ အတွင်းရေးမှုး ချုပ် မှ သူမ၏ ကြိုးပမ်းမှု များ အပေါ် ကျေးဇူးဥပကာရ တင်ရှိကြောင်း နှင့် ထိုရာထူး အတွက် နောက်ထပ် လူရှာ၍ ခန့်အပ်သွားမည်ဟု ဆိုသည်။

 

အချို့သော မြန်မာ အရေး လှုပ်ရှားနေသော အဖွဲ့အစည်းများကမူ မည်သူမျှ ထပ်မံ မခန့်ရန် ကုလ သမဂ္ဂ အပေါ် အားမလို အားမရ ပြောဆိုမှုများ ထွက်ပေါ်လာနေသည်။

 

ဘန်ကီမွန်း

 

တောင်ကိုရီယား မြို့တော် ဆိုးလ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် တော့ ဘန်ကီမွန်း မှ မြန်မာ တွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် နိုင်ငံတကာ၏ ဖိအားများ ယခုထက် ပို၍ လိုအပ်နေပြီ ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

သူသည် ဧပြီလ အတွင်း မြန်မာ သို့ လာရောက်ခဲ့ပြီးနောက် စစ်အာဏာသိမ်း အဖွဲ့ နှင့်သာမက အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပါ ဆက်သွယ် နေဆဲ ဖြစ်ပြီး မြန်မာတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး အတွက် တတ်နိုင်သည့်ဖက်မှ ကူညီ နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ၎င်းနှင့် အတူ အခြား Elders အဖွဲ့ဝင်များပါ ရှိနေသည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့ရာတွင် နိုင်ငံတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းအား ဦးဆောင်ဦးရွက် ပြုပြီး ဖြေရှင်းရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ အာဆီယံ၏ ငြိမ်းချမ်းရေး အဆိုပြုချက် နှင့် ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အတိုင်း အကြမ်းဖက်မှုများကို ရပ်တန့်ရန် တိုက်တွန်းသွားခဲ့သည်ဟု ထည့်ပြောသွားခဲ့သည်။

 

သို့သော် မင်းအောင်လှိုင်က သူ့အား ဘာပြန်ပြောခဲ့လဲ ဆိုသည့် အပေါ် လုံးဝ ရေငုံ နှုတ်ပိတ်နေဆဲ ဖြစ်သည်ဟု အေပီ သတင်းတွင် ဖေါ်ပြထားသည်။ သို့သော် သူ့အနေဖြင့် “အချေအတင် ပြောရမည့်အရေး” ဆီ ဦးတည်လာမည်ကို လုံးဝ လက်ခံမည် မဟုတ်ဟု စစ်ခေါင်းဆောင်များကို ပြောပြခဲ့သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ် မှ “အကြမ်းဖက် စစ်တပ်၏ ခေါင်းဆောင်” နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သူ မည်သူမဆို ၎င်းတို့၏ လက်တွင် သွေးများ စွန်းထင်းသွားမည်သာ ဖြစ်သည်ဟု ဘန်ကီမွန်း၏ ခရီးစဉ် အပြီး ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မြန်မာ သို့ နောက်ထပ် သွားရန် ရှိမရှိ နှင့် NUG နဲ့ ထပ်မံ ဆက်သွယ်ရန် ရှိမရှိ မေးမြန်းချက် အား “မလုပ်မဖြစ် လုပ်ဖို့ လိုအပ်လာလျှင်” လုပ်ဖို့ ရှိသည်ဟု ဖြေကြားသွားခဲ့သည်။

 

ဘန်ကီမွန်းသည် ၂၀၀၈ နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၃၄,၀၀၀ ခန့် သေဆုံးခဲ့ပြီး နောက် စစ်ခေါင်းဆောင်များ အား နိုင်ငံတကာ အကူအညီများ လက်ခံရန် အဓိက တွန်းအား ပေးခဲ့ဖူးသူလည်း ဖြစ်သည်။

 

တရုတ် ထောက်လှန်းရေး အကြီးအကဲ

 

နောက်ထပ် ရရှိသော သတင်းအရ တရုတ် ထောက်လှန်းရေး ဖက်ဆိုင်ရာ အထက်တန်း အရာရှိကြီး တဦးသည် နေပြည်တော်သို့ ရောက်ရှိလာပြီး ဒုတိယ အာဏာသိမ်း ခေါင်းဆောင် စိုးဝင်း နှင့် “စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး” ဆိုကာ ပြောင်ပြောင်တင်းတင်း ပင် ထောက်ခံလာပြီ ဖြစ်သည်။

 

ဤသည်ကား တရုတ်နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် အပြီး ဒုတိယ အကြိမ်မြောက် အဆင့်မြင့် အရာရှိကြီး တဦး ရောက်ရှိလာခြင်းပင် ဖြစ်သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် နောက်ပိုင်းတွင် မကွေး၊ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး တွင် တရုတ် အလံများ မီးရှို့ကာ ဖက်ဆစ် ရာဇဝတ်ကောင်များအား ထောက်ခံနေခြင်းကို ရပ်တန့်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

 

တရုတ်သည် ၂၀၂၁ နှစ်လယ် ပိုင်းလောက်ကစ၍ အကြမ်းဖက် စစ်တပ် ကို ပြန်လည် ချည်းကပ်လာခဲ့ရာမှ ယခုအခါ ဖြစ်ပြီးတာ ဖြစ်ပစေ၊ ဆက်ပြီး ပူးပေါင်းသွားရမည့် သဘော အဖြစ် ယူဆလာခဲ့ခြင်း ဖြစ်သည်။ 

 

၎င်းတို့၏ လုပ်ရပ်က နဂိုကတည်းက မြန်မာ ပြည်သူများ၏ တရုတ် အပေါ် ရွံရှာ မုန်းတီးနေမှုများသည် အနိမ့်ဆုံး အဆင့်သို့ ထိုးကျလာနေပြီ ဖြစ်သည်ဟု The Diplomat စာစောင်တွင် သုံးသပ်ထားသည်။

 

နိုင်ငံတကာ၏ ဝိုင်းပယ်ခြင်း ခံခဲ့ရသော ဗိုလ်သန်းရွှေ အဖွဲ့အား တရုတ်မှ အကျပ်ကိုင်ပြီး မြစ်ဆုံဆည် တည်ဆောက်ရေး စာချုပ် ကို လူကြား မကောင်းသည့် တဖက်သတ် စာချုပ် ချုပ်ဆို အနိုင်ကျင့်ခဲ့ပြီး ဖြစ်သည်။

 

မိမိတို့ ဖက်မှ ထိုသို့ စစ်အာဏာရှင်များကို ပေါင်းသင်းပြီး ကိုယ်ကျိုး ရှာနေသူများ အား မိန်မိန်ကြီး ဒဏ်ခတ်လိုသည် ဆိုက တော်လှန်ရေး ကို မဖြစ်မနေ အောင်ပွဲရအောင် အဆုံးထိ တိုက်ခိုက်သွားရမည့် နည်းသာ ရှိပေတော့သည်။

 

တရုတ်သည် ယခုအခါ ယူနန်မှ ဘင်္ဂလား ပင်လယ်အော် အထိ ကုန်လမ်း ခရီး ဆန့်နိုင်ရန် ကြံစည် နေပြီ ဖြစ်သည်၊ ယင်းသည် အကယ်၍ အမေရိကန် နှင့် စစ်ကြီး ဖြစ်လာပါက မြန်မာ အား စစ်ကြီးထဲသို့ ဆွဲသွင်းပြီး မီးလောင်တိုက်သွင်း ရန် ကြံနေသည့် လုပ်ရပ်မျိုး ဖြစ်သည်။ မြန်မာ အားလည်း ရုန်းထွက်၍ မရအောင်၊ ကြားနေ၍ မရအောင် ချည်ပြီးတုပ်ပြီး ရိုက်သွင်းနေခြင်းမျိုးပင် ဖြစ်သည်။

 

ဂျပန် ၏ ODA ရုပ်သိမ်းမှု

 

မေလ ၃၁ ရက်နေ့ ထုတ် ဂျပန်၏ အဆာဟိ ရှင်ဘွန်း သတင်းစာ ကြီးတွင်တော့ မြန်မာနိုင်ငံ ၏ မီးရထား လမ်း များ ပြုပြင်မွမ်းမံရေး အတွက် ဆယ်နှစ်ကြာမျှ အကူအညီ ပေးနေမှုအား လုံးဝ ရပ်ဆိုင်းလိုက်ပြီး ချေးငွေများ ဆက်လက် ထုတ်ချေးတော့မည် မဟုတ်ဟု ပြောကြောင်း ဂျပန် သံတမန် သတင်းရပ်ကွက်များ အား ကိုးကားပြီး ဖေါ်ပြထားသည်။ အခြား စီမံကိန်းများအားလည်း ပြန်လည် သုံးသပ်နေပြီဟု ဆိုသည်။

 

ထိုစီမံကိန်းသည် မူလ လျာထားချက် ၏ လေးပုံတပုံသာ ပြီးဆုံးသေးသည်ဟု ခန့်မှန်းထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!