ကိုယ့်ကိုကိုယ် ဖျက် သံချေးတက်လာနေသော စစ်တပ်

by Hla Soewai - Jun 02 2023

၂၀၂၁ ဖေဖေါ်ဝါရီ လ နိုင်ငံတော် အာဏာ ကို စစ်ခေါင်းဆောင်များမှ လုယက် ယူငင် ပြီးကထဲ က တိုင်းပြည်သည် တခါမျှ မကြုံဖူးလောက် အောင် ဝရုန်းသုံးကား အဖြစ် နှင့် ရင်ဆိုင်လာခဲ့ရသည်၊ ယင်းနှင့် အတူ တိုင်းပြည် အာဏာကို ဆုပ်ကိုင်ထားသော စစ်တပ်သည်လည်း နှစ်ပေါင်း ခုနှစ်ဆယ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဆက်လက် ရပ်တည် နိုင်ရေး အတွက် မနိုင်ရင်ကာ ရုန်းကန်နေရပြီ ဖြစ်သည်။

 

ဤသည်ကလည်း ကိုဗစ် ကပ်‌ရောဂါ ဆိုးကြီး ကြားမှပင် လူချင်းတူတူ သူချင်းမျှမျှ ဆက်လက် နေထိုင်သွား နိုင်ရေး အတွက် စွန့်စွန့်စားစား နှင့် မဲရုံများကို လာရောက် မဲထည့်ခဲ့ကြသော ပြည်သူများ၏ ရင်ထဲက ဆန္ဒ၊ အနာဂတ် နှင့် မျှော်လင့်ချက်များကို ပြောင်ပြောင်ကြီး ရိုက်ချိုး စော်ကားခဲ့မှု ကြောင့် ဖြစ်သည်၊ ထိုအဖြစ်ကို မည်သို့မျှ လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ ဆိုကာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ တော်လှန်ရေး တပ်ဖွဲ့များ ပေါ်ပေါက်လာကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အတူ တညီတညွတ်တည်း ခုခံ တွန်းလှန်လာခဲ့ကြခြင်း ဖြစ်သည်။

 

ထိုသို့ တတိုင်းပြည်လုံး ဆန့်ကျင်တွန်းလှန်လာမှု များကို ရင်ဆိုင် ခဲ့ကြရသည့်အပြင် ၎င်းတို့၏ နဂိုမူလ သန္ဓေဆိုး များကလည်း မြွေပူရာ ကင်းမှောင့် ဆိုသလို အကြီးအကျယ် ဒုက္ခပေးလာခဲ့သည်။

 

လက်ရှိ စည်းပျက်ကမ်းပျက် အကြမ်းဖက် မှု များ ကျုးလွန်နေခြင်း၊ နေရာအနှံ့ အကျင့်ပျက် လာဘ်စားမှု များ နှင့် ဒင်းကြမ်း ပြည့်နှက်လာနေခြင်း၊ မူဝါဒ များ ဗလောင်းဗလဲ ထုတ်ပြန်လာခြင်း၊ အမှန်တရား နှင့် ကင်းကွာသော စကားများကို ငါစကားနွားရ ပြောဆိုနေခြင်း များ ဖြင့် စစ်တပ်သည် ကိုယ့်ကိုကိုယ် ပြန်၍ တက်တက်ကြွကြွ ဖျက်ဆီးပစ်နေသည်နှင့် တူလာနေပေသည်။

 

ဆယ်စုနှစ်ပေါင်း များစွာ အတွင်း အကြိမ်ကြိမ် ပြိုပျက်ခဲ့‌သော အပစ်အခတ် ရပ်စဲရေးများ၊ လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုများ၊ ကိုယ့်အတွက် သာ အကျိုးရှိမည့် မူဝါဒများ ကျင့်သုံးလာခြင်း၊ မရိုးမသား လိမ်လယ် လှဲ့ဖျားလိုသည့် စိတ် နှင့် သဘောတူညီချက်များ ရယူခဲ့ခြင်း များ၏ ဒဏ်ကို ကျောကော့အောင် ခံလာခဲ့ရသူများ သည် ၎င်းတို့အား ဆန့်ကျင် တွန်းလှန်မှ ဖြစ်တော့မည် ဟူသော အသိစိတ် ဖြင့် ယခုအခါ ကျောခြင်းကပ် ရင်ခြင်းကပ် ဖြစ်လာခဲ့ကြသည်။

 

ယခုအချိန်အထိ လည်း ၎င်းတို့ လုပ်ရပ်များ ကြောင့် ထိုသို့ အခြေအနေအထိ ဖြစ်လာခဲ့ရသည်ကို နားလည် နိုင်စွမ်း မရှိ ဖြစ်နေသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များကို ရက်ရက်စက်စက် နှိပ်ကွပ်ခြင်း၊ မဲမဲမြင်ရာ ဖမ်းဆီးခဲ့ခြင်းများ ကြောင့် လူငယ်များ တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များ ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။ ကိုဗစ် ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန်တွင် အစဉ်းစား ဆင်ခြင်ဉာဏ် မဲ့စွာ CDM ကျန်းမာရေး ဝန်ထမ်းများ အပေါ် အကြမ်းဖက်မှုများ ကျုးလွန်ခဲ့ခြင်းကြောင့် ကိုဗစ် တတိယ လှိုင်း ဖြစ်ပွားလာခဲ့သည့်အခါ လူ ထောင်ပေါင်းများစွာ အလဟာသ အသက်ဆုံးရှုံးခဲ့ကြရသည်။

 

အညာဒေသတွင် တိုက်ပွဲများ ပြင်းထန်လာနေသည့် အချိန်တွင် ဒေသခံများ အား ခြောက်လှန့်ရန် ရည်ရွယ်ချက် ဖြင့် ကျေးရွာများကို မီးတိုက်လာခဲ့ခြင်းသည်လည်း တော်လှန်ရေး အင်အားစုများ အား ပို၍ ထောက်ခံလာအောင် တွန်းပို့ ပေးသလို ဖြစ်ခဲ့ရသည်။ (ရေတိုတွင် ၎င်းတို့ လိုချင်သော ရလဒ်များ ရကောင်း ရနိုင်သော်လည်း မိမိတို့ အိုးအိမ် စည်းစိမ်များကို မီးတိုက်ခဲ့သူများ အပေါ် ကမ္ဘာတည် သရွေ့ ဥဒန်းမကျေ ဖြစ်ကျန်နေမည့် လူထု နှင့် ရင်ဆိုင်ကြရပေတော့မည်)

 

ဖရူးဆိုး၊ လက်ယက်ကုန်း၊ အနမ်ပါ့၊ နမ်နိမ် နှင့် မကြာမီက ပဇီကြီး ကျေးရွာ တွင် ကျုးလွန်ခဲ့သော လူမဆန်သည့် လုပ်ရပ်များကြောင့် ပြည်တွင်း တွင်သာမက ပြည်ပ ကပါ ဒေါသတကြီး ပြစ်တင် ရှုတ်ချ ခံခဲ့ရသော်လည်း ၎င်းတို့ကို ၎င်းတို့ ခေတ္တ ခဏ ရပ်တန့်၍ ပင် ပြန်လည် ဆန်းစစ် သုံးသပ်ခြင်း မျိုး မရှိခဲ့သည့်အပြင် တိုး၍ ပင် ကျုးလွန်လာခဲ့သည်။ 

 

အရပ်သား ပြည်သူများ၏ အသက်ကို ဖက်ရွက်လောက်မှ တန်ဖိုး မထားပဲ အင်အားကို အလွန်အကျွံ အသုံးပြုလာယုံမက ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ ပြုမူ ကျင့်ကြံလာခြင်းများ ကြောင့် တော်လှန်ရေး ခံယူချက်များသည် ပို၍ပင် ခိုင်မာလာခဲ့ရပြီး ပြည်သူများ၏ တခဲနက် ထောက်ခံမှု ပါ ရရှိလာခဲ့သည်။

 

တဖက်တွင်လည်း နိုင်ငံတကာ၏ ထောက်ခံမှု ရရန် အမျိုးသား ညီညွတ်ရေး အစိုးရ၏ လုံးပမ်းနေမှု များအားလည်း ကူညီသလို ဖြစ်ခဲ့ရသည်။ စစ်တပ်ကို ထောက်ခံနေသူများ သည် ၎င်းတို့ စွပ်စွဲနေကြသည့် PDF များ၏ စစ်ရေး နှင့် မဆိုင်သော ပစ်မှတ်များအား တိုး၍ တိုက်ခိုက်လာနေမှုများအား နိုင်ငံတကာ က တုံဏှိဘာဝေ လုပ်နေမှု များ ဆိုသည့်အပေါ် အပြစ်တင်သင့်သည်က အကြမ်းဖက် စစ်ကောင်စီသာလျှင် ဖြစ်သည်၊ ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုပ်မှုများက PDF တို့၏ စည်းကျော်မှု များ ကို မှေးမှိန်သွားစေခဲ့သည်။

 

ပြည်သူများ၏ အသဲနှလုံး ကို ဆွဲငင် နိုင်အောင် လုပ်နိုင်ဖို့ ဝေးစွ ပဋိပက္ခ ဖြစ်ပွားနေသော စစ်ကိုင်း နှင့် မကွေးတိုင်း ဒေသကြီးများ တွင် နေထိုင်ကြောင်း မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားသူများကိုပင် နေရထိုင်ရ ခက်ခဲအောင် ကြံဆောင်လာကြသည်။ အိမ်ငှား၍ မရအောင် ဖန်တီးထားသည့် အပြင် လူတကာ ရှေ့တွင် အရှက်တကွဲ ဖြစ်အောင် အသေးစိတ် လှန်လှော ရှာဖွေခဲ့ကြသည်။

 

ရခိုင်ပြည်နယ် တွင်လည်း စစ်တပ်သည် အင်အားကြီးထွားလာနေသော ရခိုင်တပ်တော် နှင့် ယဲ့ယဲ့သာ ရှိနေသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း ပြည်နယ် အတွင်းသို့ ကုန်စည်များ အဓိက ဝင်ရောက်ရာ “အမ်းဂိတ်” မှ နေ၍ အကြီးအကျယ် ကန့်သတ် ချုပ်ချယ်မှု များ ပြုလုပ်နေသည်ဟု သိရသည်။

 

လုံခြုံရေး တပ်ဖွဲ့များ အကြား အကျင့်ပျက် လာဒ်စားမှု များ ကပ်ရောဂါကြီးလို ကူးစက်ပျံ့နှံ့နေပြီး စစ်တပ်ကလည်း ထိုအဖြစ်များကို ၎င်းတို့ အတွက် ရသင့်ရထိုက် သည့် အခွင့်အရေးများ အဖြစ် နဂိုကတည်းက အားပေးခဲ့သည့် အစဉ်အလာများ ရှိနေ၍ ယခုအခါ နိုင်ငံကို အခိုင်အမာ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုများ အား ထိခိုက် လာခဲ့ရပြီ ဖြစ်သည်။ အချို့ စစ်ဆေးရေး ဂိတ်များ တွင် တော်လှန်ရေး အင်အားစုများ အတွက် သယ်ဆောင်လာသော ပစ္စည်းများကိုပင် ကျေနပ်အောင် ပေးနိုင်က ခွင့်ပြုပေးနေသည့် အဆင့် အထိ ရောက်လာခဲ့သည်။

 

တိုင်းပြည် စီးပွားရေးသည် ဆေးရုံ၏ အရေးပေါ် အခန်းထဲ ရောက်ရှိနေသလို ဖြစ်နေချိန်တွင် နောက်ပေါက် စစ်ဗိုလ်ချုပ် များ၏ မိသားစုဝင်များ၊ ကရိုနီများ၊ ကပ်ဖါးရပ်ဖား အခွင့်ရေး သမားများကတော့ လက်နက် အရောင်းအဝယ် များ နှင့် အခြား အထူး အခွင့်အရေးများ ရရှိခံစားနေကြဆဲဖြစ်သည်။

 

၎င်းတို့သည် ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း စစ်တပ် ခေတ်မီရေး ဆိုကာ ဖြတ်စား လာဘ်စား ဖြင့် လက်နက်များ ဝယ်ယူကာ စစ်ဗိုလ်ချုပ် များ ကြွယ်ဝလာခဲ့သော်လည်း ထိုလက်နက်များသည် စစ်ရေးပြ အခမ်းအနားများ တွင် အလှပြ နိုင်ရန် အတွက်သာ အသုံးဝင်ခဲ့ပြီး ယခုအခါ လျှင်မြန်စွာ လှုပ်ရှားနိုင်သည့် တော်လှန်ရေး အင်အားစုများ အား ချေမှုန်းရန် အတွက်မူ မည်သို့မျှ အသုံးမတည့် ဖြစ်ခဲ့ရသည်။

 

ထိုသို့ အနေအထား များ သိမြင်နေသည့် ကြားမှပင် ယခုအချိန်အထိ လက်ရှိ စစ်မြေပြင် အနေအထားတွင် မည်သို့မျှ သုံးစား၍ မရသော ထိုသို့သော လက်နက်ဆန်းများကို ဆက်လက် ဝယ်ယူနေကြဆဲပင် ဖြစ်သည်။

 

အထက်တွင် ဖေါ်ပြခဲ့သော အချက်အလက်များသည် အမှန်တကယ် ဖြစ်ပျက်နေမှု များ နှင့် ကင်းကွာသော ကိုယ်လိုရာဆွဲ၊ ကိုယ် ဖြစ်ချင်သည့် အတွေး အခေါ် အယူအဆများ နှင့် သာ ဖုံးလွှမ်းနေခဲ့ခြင်းကြောင့် ဖြစ်သည်၊ ၎င်းတို့ စိတ်ကူးများထဲက ထွက်ပေါ်လာသည့် “ပလန်” များသည်လည်း အခြေအနေများကို ထိန်းချုပ်နိုင်အောင် နေရာတကာ တွင် အကြမ်းဖက်နည်း ကျင့်သုံးနိုင်ရေးထက် မပိုပေ။

 

ဤသို့ဖြင့် စစ်တပ်သည် ကိုယ်ကိုကိုယ် ဖျက် သံချေးတက် မူဝါဒ ကျင့်သုံးနေကြခြင်းပင် ဖြစ်သည် ဟု The Diplomat စာစောင်တွင် ပါရှိသည့် “Two Years of War: Myanmar’s Fog of War” ပါ အချက်အလက်များ အား ကိုးကား တင်ပြလိုက်ပါသည်။

 

လက်ရှိ အနေအထား အား မင်းအောင်လှိုင်သည်သာ မှန်မှန်ကန်ကန် သုံးသပ်ဆင်ခြင် နိုင်သူ ဖြစ်မည် ဆိုက ပြည်သူတို့၏ တွန်းလှန်စစ် အား နှိမ်နှင်း နိုင်လိမ့်မည် ဆိုသော မျှော်လင့်ချက် ကိုပင် ဆုပ်ကိုင်ထား၍ မရတော့မှန်း သိမြင်လာနိုင်ပေသည်။ သူ့အတွက် အားကိုးရာက ယတြာ သာ ရှိတော့သည်ဟု ယူဆကောင်း ယူဆထားပြီးလည်း ဖြစ်နိုင်ပေသည်။

 

ရှေ့သို့ တဝှီဝှီ လည်ပတ် နေသော သမိုင်းဘီးကြီးကို ယတြာဖြင့် နောက်ပြန်ဆွဲ၍ ရမည်ထင်က လည်း ကြိုးစားကြည့်ပေတော့ ငါ့ရှင်။

 

လူ့အသက်တချောင်းသည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး ဆိုသော လူများ၏ ပိုင်ဆိုင်မှု ကို စု၊ သန်း ဂဏန်း နှင့် မြှောက်၊ ရလာသည့် ရလဒ်ထက် ပို၍ တန်ကြေးရှိသည်။ - ချေဂွေဗာရား

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!